Print

ကိုယ်ဝန်မရနိုင်ခြင်း (Infertility)

  16-Nov-2021
Preview Image

(၁) ကိုယ်ဝန်မရနိုင်ဖြစ်နေတယ် (Infertility) ဆိုတာဘာလဲ။ 

ဇနီးမောင်နှံနှစ်ယောက်ဟာ လက်ထပ်ပြီးတဲ့နောက်ပိုင်းမှာ အတူတူနေကြပါ လျက်နဲ့ ကာကွယ် တားဆီးမှုတွေ မပြုပါဘဲနဲ့ (၁) နှစ်တိတိအတူတူနေရဲ့သားနဲ့ ကိုယ်ဝန်မရနိုင်ဘူးဆိုရင် ဒါဟာ ကိုယ်ဝန် မရနိုင်ခြင်း ပြဿနာလို့သတ်မှတ်ပါတယ်။ (၃၀) ကျော်နှင့်အထက် လက်ထပ်တဲ့ စုံတွဲတွေကျတော့ (၆) လလောက်နေလို့မှ ကိုယ်ဝန်မရနိုင်ရင် ကိုယ်ဝန်မရနိုင်သေးတဲ့ ပြဿနာ ရှိပြီလို့ယူဆပြီး နားလည်တတ်ကျွမ်း သူနဲ့ ပြသသင့်ပါတယ်။

 

(၂) ကိုယ်ဝန်မရနိုင်ခြင်း ဘယ်နှစ်မျိုးရှိပါသလဲ။ 

ကိုယ်ဝန်မရနိုင်ခြင်း (၂) မျိုးရှိပါတယ်။ (၁) လက်ထပ်သက်တမ်း တလျှောက် ကိုယ်ဝန်မတားထားဘဲနဲ့ (၁) နှစ်ကျော်ထိ ကိုယ်ဝန်မရနိုင်ခြင်းနှင့် (၂) ပထမကလေး တစ်ဦးနှစ်ဦး ရခဲ့ဖူးပြီး အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ဝန်ထပ်မရခြင်းတို့ ဖြစ်ပါတယ်။


(၃) ဘာကြောင့် ကိုယ်ဝန်မရနိုင်တာလဲ။ 

၁။ သုက်ပိုး၏ချို့ယွင်းချက် - ၂၅ ရာခိုင်နှုန်း (Sperm Defect) 

သုက်ပိုးများ၏ အရေအတွက်၊ ပုံသဏ္ဍာန်၊ လှုပ်ရှားနိုင်စွမ်းနှင့် သက်တမ်းစသည့် အခြေအနေများသည် သန္ဓေတည်ရန် အရေးကြီးသော အချက်များဖြစ်ပါတယ်။ သုက်ပိုး အရေအတွက်နည်းခြင်း၊ မူမမှန်သော သုက်ပိုးများဖြစ်နေခြင်း၊ လှုပ်ရှားနိုင်စွမ်းနည်း ပါးခြင်းနှင့် သက်တမ်းတိုးခြင်းတို့ကြောင့် သားသမီးမရနိုင်ခြင်း ဖြစ်ပါတယ်။ ဤအချက်ကိုသိရန် သုက်ရည်စစ်ဆေးခြင်း (Semen Analysis) ပြုလုပ်နိုင်ပါတယ်။ 

၂။ မမျိုးဥမပေါက်ခြင်း - ၂၀ ရာခိုင်နှုန်း (Ovulation Failure) 

အမျိုးသမီးများ၏ မျိုးဥအိမ် (Ovary) သည် အရွယ်ရောက်ပြီးချိန်မှစ၍ သွေးမဆုံးမီ အထိ လစဉ် မမျိုးဥပေါက်လေ့ရှိတယ်။ တကယ်၍ အမျိုးသမီးများ၌ မမျိုးဥပေါက်ကြွေခြင်း မရှိပါက သန္ဓေရနိုင်မည် မဟုတ်ပေ။ မမျိုးဥပေါက်ခြင်း ရှိမရှိခြင်းကိုလည်း နည်းမျိုးစုံဖြင့် စမ်းသပ်စစ်ဆေး၍ ရနိုင်ပါတယ်။ 

၃။ ဥပြွန်ချို့ယွင်းချက် -၁၅ ရာခိုင်နှုန်း (Tubal Defect) 

မမျိုးဥ (Ovum) သည် မျိုးဥအိမ်မှပေါက်ခဲ့ပြီးနောက် ဥပြွန်အတွင်း၌ သုက်ပိုးနှင့် ဆုံတွေ့၍ သန္ဓေတည်ရမှာဖြစ်တယ်။ အကြောင်းတစ်ခုခုကြောင့် ဥပြွန်ပိတ်ဆို့နေရင် သုက်ပိုးနှင့်မမျိုးဥတို့ တွေ့ဆုံနိုင်ခြင်းမရှိသဖြင့် သန္ဓေရနိုင်တော့မည်မဟုတ်ပေ။ ဥပြွန်လမ်းကြောင်းကောင်းသည်၊ မကောင်းသည်ဖြစ်လည်း စစ်ဆေးကြည့်နိုင်ပါတယ်။ 

၄။ သားအိမ်၏ချို့ယွင်းချက်- ၅ ရာခိုင်နှုန်း (Uterus defect) 

သန္ဓေသားဟာ သားအိမ်ရဲ့ နံရံတွင်တွယ်ကပ်လျက် ရက်ပေါင်း ၂ ရက်ခန့် ရှင်သန်နေထိုင်ရတယ်။ သားအိမ်၏ ချို့ယွင်းချက်များကြောင့် သန္ဓေသားမှာ သားအိမ်နံရံ၌ တွယ်ကပ်နိုင်ခြင်း မရှိသဖြင့် သန္ဓေမရနိုင်ခြင်းမှာလည်း ၅ ရာခိုင်နှုန်းခန့်ရှိကြောင်း တွေ့ရတယ်။ 

၅။ ဆက်ဆံမှုချို့ယွင်းခြင်း - ၅ ရာခိုင်နှုန်း 

အမျိုးသမီးနှင့် အမျိုးသားတို့ အတူနေထိုင်ဆက်ဆံရာတွင် ချို့ယွင်းမှုကြောင့်လည်း သားသမီး မထွန်းကားခြင်း ဖြစ်နိုင်ပါသေးတယ်။ 

၆။ သားအိမ်ဝရှိ အမြှေးပါးလွှာချို့ယွင်းချက် - ၃ ရာခိုင်နှုန်း (Cervical Mucous Defect) 

သုက်ပိုးများသည် သားအိမ်ဝရှိ အမြှေးပါးလွှာကို ဖြတ်ကျော်နိုင်စွမ်းရှိမှသာ သန္ဓေအောင်မှာဖြစ်တယ်။ မြူးကပ်အရည်လွှာ၏ ပျစ်ချွဲသိပ်သည်းလွန်းမှုကြောင့် သုက်ပိုးများ မဖြတ်သန်းနိုင်သောအခါတွင် သားသမီးရနိုင်မည် မဟုတ်ပေ။ အမြှေးပါးလွှာ ၏သဘာဝကို ဟော်မုန်းများက ခြယ်လှယ်နိုင်စွမ်းရှိကြောင်း တွေ့ရတယ်။ 

၇။ သုက်ရည်၌ သုက်ပိုးလုံးဝမပါခြင်း - ၂၅ ရာခိုင်နှုန်း (Azoospermia) 

အမျိုးသား၏သုက်ရည်တွင် သုက်ပိုးလုံးဝမပါရှိပါက မည်သည့်နည်းနှင့်မျှ သန္ဓေ ရနိုင်မည် မဟုတ်ပါ။ ဤအချက်ကိုလည်း အမှတ်စဉ် (၁) တွင် ဖော်ပြထားသော (Semen Analysis) ဖြင့် စစ်ဆေးသိရှိနိုင်ပါတယ်။

၈။ ဇာစ်မြစ်ရှာဖွေမတွေ့နိုင်ခြင်း - ၂၅ ရာခိုင်နှုန်း (Unknown Cause) 

အထက်ဖော်ပြပါ ချို့ယွင်းချက်များ မရှိသော်လည်း တချို့ဇနီးမောင်နှံများတွင် သားသမီးမရကြောင်း တွေ့ရပါတယ်။ 

(၄) အမျိုးသားများကြောင့် ဖြစ်စေတတ်သော အကြောင်းအရာတွေက ဘာတွေလဲ။

အမျိုးသားများတွင် မွေးရာပါချွတ်ယွင်းချက် (ဥပမာ - ကပ်ပယ်အိတ်ထဲ သို့ ဝှေးစေ့ဆင်းမလာခြင်း)၊ ငယ်စဉ်က ဝှေးစေ့ယောင်ယမ်းခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ သုက်ပိုးမထွက်ခြင်း၊ အထွက်နည်းခြင်း၊ နာတာရှည်ရောဂါရှိခြင်း၊ ပန်းသေပန်းညိုးခြင်း၊ အချိန်မတိုင်မီစော၍ သုက်လွှတ်ခြင်း၊ ကာလသားရောဂါ ဖြစ်ခဲ့ဖူးခြင်းတို့ကြောင့် ကလေးမရနိုင်ဖြစ်တတ်ပါတယ်။

(၅) အမျိုးသမီးများကြောင့် ဖြစ်စေတတ်သော အကြောင်းအရာတွေက ဘာတွေလဲ။ 

အမျိုးသမီးများမှာ မွေးရာပါသားဥအိမ် ချွတ်ယွင်းမှုကြောင့် သားဥမကြွေနိုင်ခြင်း ၊ မွေးရာပါ သားဥအိမ်ချွတ်ယွင်းမှုကြောင့် သန္ဓေမတည်နိုင်ခြင်း၊ သားဥပြွန် ပိတ်၍ သုက်ပိုးနှင့် မတွေ့ဆုံနိုင်ခြင်း၊ မျိုးပွားလမ်းကြောင်းရောဂါ ပိုးဝင်၍ ယောင်ယမ်းမှုကြောင့် သန္ဓေမတည်နိုင်ခြင်း၊ သန္ဓေတားထိုးဆေး သုံးစွဲထားပြီး ဆေးအာနိသင်ရှိနေသေးခြင်း၊ ကိုယ်ဝန်နုစဉ်ပျက်ကျခြင်းနဲ့အခြား ရောဂါ (ဥပမာ - စိတ်ဖိစီးမှု၊ နာတာရှည်ရောဂါ၊ ပင်ပန်းလွန်းခြင်း၊ အာဟာရနည်းပါးခြင်း၊ ဟော်မုန်းဓာတ်နည်းပါးခြင်း) များကြောင့် ကလေးမရနိုင်ဖြစ်တတ်ပါတယ်။

 

Credit : မျိုးဆက်ပွားကျန်းမာရေး အမေးအဖြေစာအုပ်မှကောက်နှုတ်ထားပါတယ်။


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18