Print

ဓမ္မတာနှင့်အရေပြားရောဂါ

  20-Aug-2017
Preview Image


 အရေပြားဆေးခန်းများသို့လာရောက်ကုသကြသည့် အမျိုးသမီးများ အနက်မှ အချို့မှာ မိမိတို့တွင် မည်ကဲ့သို့သော အရေပြားရောဂါမျိုးဖြစ်နေကြသည်ကို မသိကြသော်လည်း ဖြစ်နေမှုများမှာ မိမိ၏ ဓမ္မတာမမှန်ခြင်း၊ အချိန်စောခြင်း၊ နောက်ကျ၍ ဓမ္မတာဆုံးခြင်းတို့ကြောင့် ဖြစ်ရသည်ဟု ထင်မှတ်ပြောဆိုကြပါသည်။ အရေပြားရောဂါအချို့မှာ မည်သည့်အကြောင်းကြောင့် ဖြစ်ရသည်ဖြစ်စေ၊ ဓမ္မတာလာချိန်အနီး ရောဂါပို၍ ဆိုးလာတတ်ခြင်းကြောင့် ရောဂါဖြစ်ရမှုများကို ဓမ္မတာအပေါ် ပုံချမှုမှာ အ့ံသြစရာ မဟုတ်တော့ပါ။ 


 အများဆုံး အပြစ်ပုံချခံရလေ့ရှိသော အရေပြားရောဂါမှာ ဝက်ခြံရောဂါပင်ဖြစ်ပါသည်။ အပျိုဖော် ဝင်နေပြီးသူများသာမက အသက် ၃၀၊ ၄၀ အရွယ် အမျိုးသမီးတချို့မှာ ဓမ္မတာမလာခင် လေးတွင် ဖြစ်နေပြီး ဖြစ်သောဝက်ခြံများ၊ အဖုသစ်များ ထွက်လာခြင်းကြောင့် ဝက်ခြံနှင့် ဓမ္မတာ ဆက်နွယ်နေသည်ဟု အထင်ခံရပါသည်။  ဝက်ခြံရောဂါဖြစ်ရခြင်းအကြောင်းရင်းများ အနက်မှ တစ်ခုမှာ ဟော်မုန်းဓာတ်ဖြစ်၍ ဓမ္မတာနှင့် ဆက်စပ်သည်ဟု ဆိုလျှင် ဆိုနိုင်သော်လည်း တကယ်တမ်း ဝက်ခြံဖြစ်လာရခြင်းမှာ အခြားအကြောင်းများဖြစ်သည့် အဆီထွက်ရာလမ်းကြောင်း ပုံမှန် မဟုတ်နေုခြင်း၊ အရေပြားပေါ်၌ မှီတင်းနေထိုင်သော ဗက်တီးရီးယားနှင့် ရောင်ရမ်းမှုအပေါ်တွင်လည်း တည်နေရာမှ ဝက်ခြံဖြစ်ရခြင်းမှာ ဓမ္မတာနှင့် လုံးလုံးလားလား သက်ဆိုင်နေသည်ဟု မဆိုနိုင်ပါ။


 ဓမ္မတာအပေါ် ပုံချလေ့ရှိသော နောက်အရေပြားရောဂါတစ်ခုမှာ အင်ပြင်ပင်ဖြစ်ပါသည်။ တကယ်တော့ အင်ပြင်မှာ ဆေးပညာအရ ရောဂါတစ်ခု မဟုတ်ဘဲ ကိုယ်ခန္ဓာ၏ တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါသည်။ ရောဂါလက္ခဏာ ပုံစံအမျိုးမျိုး ရှိနိုင်ပြီး ယားယံမှုမှာတော့ အဓိကပင်ဖြစ်ပါသည်။ အကယ်၍ ရောဂါလက္ခဏာမထင်ရှားဘဲ ယားယံမှုသာ ခံစားနေရပါက ရောဂါရှင် အမျိုူသမီးမှာ ဘာဖြစ်သည်ကို ခန့်မှန်း၍မရနိုင်တော့ဘဲ ဓမ္မတာကြောင့် ယားယံနေတာဟု ထင်မိကြပါသည်။ တချို့မှာမူ အင်ပြင်ဖြစ်နေသည်ကို သိသော်လည်း ဓမ္မတာအချိန်အနီး၌ မကြာခဏ ဖြစ်တတ်၍သော်လည်းကောင်း၊ ကိုယ်ဝန်ရှိနေစဉ်အတွင်း၌ အမြဲလိုလို ဖြစ်၍သော်လည်းကောင်း၊ အင်ပြင်နှင့် ဓမ္မတာဆက်နေသည်ဟု ထင်ကြပါသည်။


 တကယ်တော့ အင်ပြင်ဖြစ်ရခြင်းတို့မှာ တစ်ကိုယ်ရေ ကျန်းမာရေးမကောင်းခြင်း၊ သုံးစွဲသော ဆေးဝါးများ၊ အစားအသောက်၊ အပူအအေး၊ တုန်ခါမှုစသော ကျယ်ပြန့်သော အကြောင်းများကြောင့် ဖြစ်နိုင်သော်လည်း ဝေဒနာရှင် တစ်ဝက်ခန့်မှာမူ ဇာစ်မြစ်သေသေချာချာ မသိဘဲ ဖြစ်ရကြသည်။  ရိုဆေးစီးယာ Rosacca ဟု ခေါ်ဝေါ်သော ရောဂါမှာ အမျိုးသမီးများ၌ အဖြစ်များသော ရောဂါတစ်ခုဖြစ်ပြီး၊ မျက်နှာအရေပြားရှိ သွေးကြောများ၏ ပုံမှန်မဟုတ်သော ကျယ်ပြန့်နေမှုကြောင့် ဖြစ်သော ရောဂါတစ်ခုဖြစ်ပါသည်။ ထိုသို့ အရေပြားအောက်ရှိ သွေးကြောများ ကျယ်ပြန့်နေမှုကြောင့် မျက်နှာမှာ အမြဲလိုလို နီရဲနေတတ်ပြီး အချို့တို့တွင် ပြည်ဖုများပါ တွေ့ရနိုင်ပါသည်။ သာမန် အချိန်၌ပင် နီရဲနေသော မျက်နှာမှာ ဓမ္မတာကြောင့်ဖြစ်ရသည်ဟု ထင်ကြပါသည်။ 


 လက်ဖဝါး သို့မဟုတ် ခြေဖဝါးတို့၌ဖြစ်သော နှင်းခူတစ်မျိုးမှာ အရွယ်ရောက်ပြီးသူ အမျိုးသမီး၊ အမျိုးသားတို့၌ အဖြစ်များပါသည်။ ပတ်ကြားအက်သော ခြောက်သွေ့နေသော ပုံစံမျိုးနှင့် အရည်ကြည်အိတ်တည်သော ပုံစံမျိုး ဟူ၍ရှိကြရာ အရည်ကြည်အိတ်တည်သော ပုံစံမှာ ဓမ္မတာမလာခင် အချိန်၌ ပို၍ဆိုးရွားနိုင်ပါသည်။ ထို့အတူ တင်းတိပ်ရောဂါမှာလည်း အမျိုးသမီးအများစု၌ ပို၍ဖြစ်တတ်ပြီး ကိုယ်ဝန်ဆောင်ချိန်၌သော်လည်းကောင်း၊ သန္ဓေတားဆေးအချို့ သုံးစွဲနေချိန်၌ စတင်ဖြစ်လာတတ်ကြပါသည်။ တင်းတိပ်ဖြစ်ရခြင်းကို သေသေချာချာ မသိရသေးသော်လည်း မျိုးရိုးဗီဇ လို၍ဖြစ်နိုင်မှု နေရောင်ခြည်တို့က ရောဂါဖြစ်ရမှု၌ အဓိကကျသည်ဟု ဆေးသိပ္ပံရှင်များ ယုံကြည်ကြပါသည်။


Credit:

ဒေါက်တာသောင်းညွန့်ရွှေ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18