မွေးကျွတ်နာ
06-Jul-2020 အရေပြားမှာ ဖြစ်တတ်တဲ့
ကူးစက်နာရောဂါတွေကို အကြမ်းအားဖြင့် လေးမျိုး ခွဲခြားလို့ရပါတယ်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့
အနာတွေ၊ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ အနာတွေနဲ့ ကပ်ပါးပိုးကြောင့်ဖြစ်တဲ့ အနာတွေစသဖြင့်ပေါ့။
ဒီလို အရေပြား ကူးစက်နာတွေအမျိုးမျိုးရှိတဲ့အနက် ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့အနာတွေကတော့
မကြာခဏဆိုသလို အတွေ့ကြုံနေရတာပါ။ အထူးပြောရရင် မွေးကျွတ်နာဆိုတဲ့ အနာစိမ်းကို အတွေ့များအသိများကြပါတယ်။
အခန့်မသင့်ရင် သူသူငါငါ ဖြစ်တတ်တာကိုး။
မွေးညင်းပေါက်က ဝင်တာပါ
အရေပြားပေါ်မှာ
မိတ်ဆွေ ဘက်တီးရီးယားပိုးရော၊ ရန်သူဘက်တီးရီးယားပါ အများကြီးရှိနေပါတယ်။ တချို့ ရန်သူပိုးတွေက
အမြဲလိုလို ပုန်းအောင်းနေတတ်ပါတယ်။ အခွင့်အရေးရရင် ရသလို အရေပြားထဲကို ဝင်ရောက်ဖို့
ချောင်းနေတယ်ဆိုပါတော့။ ကျန်းမာသန်စွမ်းတဲ့ အရေပြားဆိုရင် တော်တော်တန်တန် ရောဂါပိုးတွေ
မဝင်ရောက်နိုင်ပါဘူး။
ဒါပေမယ့် အရေပြားမှာ
ပွန်းရာပဲ့ရာ၊ ရှရာ၊ ကုတ်ရာ ရှိခဲ့ရင် ဒီနေရာတွေက ယင်လာနိုင်ပါတယ်။ ဒါ့အပြင် မွေးညင်းပေါက်အဝကနေလည်း
တပ်ချီပြီး ဝင်ရောက်တတ်ပါတယ်။
မွေးညင်းအိတ်ဆိုတာ
မွေးညင်းအိတ်ကို
ဖော်လီကယ် (Hair Follicle) လို့ ခေါ်ပါတယ်။ တကယ်တော့ မွေးညင်းအိတ်တွေဟာ အရေပြားရဲ့ အလယ်လွှာထဲမှာ
ရှိပါတယ်။ အရေပြားထဲကို ခပ်စောင်းစောင်းစိုက်ဝင်နေတဲ့ ဆေးထိုးအပ်ကြီးကြီးတစ်ခုနဲ့တောင်
တူသေးတော့။ မွေးညင်းအိတ်ထဲမှာမှ ဆံပင် ဒါမှမဟုတ် အမွေးအမှင်ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ပေါ်ထွက်လာတဲ့
အမွေးအမှင်တွေဟာ ခပ်စောင်းစောင်းအနေအထားမှာရှိနေတာပါ။
ဘယ်လိုရန်သူပိုးမွှားတွေလဲ
ဆံခြည်အိတ်ကို
Hair Follicule လို့ခေါ်ပြီး ပိုးတွေကြောင့် ဆံခြည်အိတ်ရောင်ရမ်းတဲ့အခြေအနေကိုတော့ ဖော်လီကူလိုက်တစ်(Folliculitis)
လို့ ခေါ်ပါတယ်။ ဆံခြည်အိတ်ရောင်ရမ်းတာပေါ့။ ခုနကပြောခဲ့သလိုပဲ ဘက်တီးရီးယားပိုးတွေကြောင့်
ရောင်ရမ်းမှုဖြစ်ခဲ့ရင် Bacterial Folliculitis တဲ့။ မှိုတွေကြောင့်ဖြစ်ရင် Fungel
folliculitis ပါ။ ရေယုန်ဗိုင်းရပ်စ်ပိုးကြောင့်ဆိုရင်တော့ Herpetic Folliculitis တဲ့။
ဒီမိုဒက် (Demodex) ဆိုတဲ့ ကပ်ပါးပိုးကောင်ကြောင့်ဆိုရင်တော့ Demodex Folliculitic
လို့ ခေါ်ပါတယ်။
အခုပြောတဲ့ ရန်သူပိုးတွေထဲမှာ
ပြဿနာအပေးဆုံးကတော့ ဘက်တီးရီးယားပိုးတွေကြောင့်ဖြစ်ရတဲ့ ဆံခြည်မျှင်အိတ်ရောင်ရမ်းတာပါပဲ။
တိတိကျကျပြောရရင် Staphyloccus Aureus ဆိုတဲ့ ဘက်တီးရီးယားပိုး ကူးစက်ခံရလို့ မွေးညင်းအိတ်တွေ
ရောင်ကိုင်းတာ၊ ရောင်အမ်းသွားတာမျိုး ဖြစ်ရတာပါ။
မွေးကျွတ်နာ သို့မဟုတ် အပူနာ
ဒီလို မွေးညင်းအိတ်တွေ
ရောင်ရမ်းပြီး အရေပြားမှာ နီနီရဲရဲ အနာဖုပေါ်လာတဲ့အခါ အရပ်ထဲမှာတော့ မွေးကျွတ်နာလို့
ခေါ်လေ့ရှိကြပါတယ်။ နီရဲဖောင်းကြွနေတဲ့ အဖု။ နာမယ်၊ ကိုက်မယ်။ ကိုင်ကြည့်ရင် ပူမယ်။
တစ်ခါတစ်လေ ဝက်ခြံဖုလိုပါပဲ။ ဒါပေမယ့် ဝက်ခြံဖုတွေလိုတော့ ပျစ်ခဲပြီး မပေါက်တတ်ပါဘူး။
တစ်လုံးနဲ့တစ်လုံး ခပ်ကျဲကျဲပါပဲ။ အခန့်မသင့်ရင်တော့ အနာရှိန်တက်ပြီး ဖျားတာ၊ ကိုက်တာ၊
ခဲတာတွေလည်းဖြစ်နိုင်ပါတယ်။
အနာပေါက်တတ်သူတွေ
တစ်ကိုယ်ရေသန့်ရှင်းမှုက
အဓိက ကျပါတယ်။ ရေမချိုးမိုးမချိုး၊ လက်လည်းမဆေး၊ အဝတ်လည်းမလဲ၊ လက်သည်းလည်းမညှပ်၊ ညစ်ညစ်ပတ်ပတ်နေလို့ကတော့
ဒီအနာမျိုးတွေ ပေါက်တတ်ပါတယ်။ လူတွေများပြီး လေဝင်လေထွက်လည်းမကောင်း၊ နေရထိုင်ရတာလည်း
ကျဉ်းကျဉ်းကျပ်ကျပ်ရှိတဲ့အခါမျိုးမှာလည်း သွေးစုနာတွေ ကူးစက်ပြီး ပေါက်တတ်ပါတယ်။ အထူးသဖြင့်
ကယ်ဆယ်ရေးစခန်းတွေ၊ ဘော်ဒါဆောင်တွေ၊ အကျဉ်းစခန်းတွေမှာ သန့်ရှင်းရေးအားနည်းရင် ကြုံရတတ်ပါတယ်။
နောက်ပြီး ဆီးချိုရှိတဲ့သူတွေ၊ အဝလွန်သူတွေ၊ အထိုင်များသူတွေမှာလည်း အနာပေါက်တတ်ပါတယ်။
ခရီးဝေးမောင်းရတဲ့ ကားဒရိုင်ဘာတွေမှာ ထိုင်ရတာကြာတော့ တင်ပါးမှာ အနာပေါက်တာမျိုး ကြုံရတတ်ပါတယ်။
ထိုင်လွန်းတော့ ပူပြီး အပူနာပေါက်တာပါ။ တချို့ကျတော့ အမွေးရိတ်ရာကနေ မွေးညင်းပေါက်ထိခိုက်ပြီး
ပိုးတွေဝင်ပါလေရော။ မုတ်ဆိတ်မွေး၊ ပါးသိုင်းမွေး၊ ခြေသလုံးမွေး ရိတ်တဲ့အခါ မသန့်ရှင်းရင်၊
အခန့်မသင့်လို့ ပွန်းရှခဲ့ရင် မွေးကျွတ်နာ ဖြစ်ပါလေရော။ ခြေသလုံးမွေးတွေကို waxing
ဆိုတဲ့ ဖယောင်းကပ်ပြီး ခွာတာမျိုးလုပ်တဲ့အခါမှာလည်း မွေးကျွတ်နာဖြစ်တာ ကြုံရတတ်ပါတယ်။
ဒါ့အပြင် မသန့်ရှင်းတဲ့ရေကို ချိုးမိရင်လည်း အခုလို အနာတွေ ပေါက်တတ်ပါသေးတယ်။
ရေမသန့်လို့ အနာပေါက်
အများသုံးရေကူးကန်တွေ၊
ရေချိုးဇလုံ(Bathtub) မှာ ရေပူစိမ်သူတွေ မကြာခဏကြုံရတတ်တဲ့ မွေးကျွတ်နာတစ်မျိုးလည်း
ရှိပါသေးတယ်။ Hot tub Folliculitis တဲ့။ မသန့်ရှင်းတဲ့ ရေထဲမှာ ရှိတတ်တဲ့
Pseudomonus Aeruginosa ဆိုတဲ့ ဘက်တီးရီးယားတစ်မျိုးကြောင့်ပါ။ ရေနဲ့ ထိတွေ့ပြီး သိပ်မကြာပါဘူး။
တစ်ရက်နှစ်ရက်အကြာမှာပဲ ချိုင်း၊ ပေါင်ခြံ၊ ကျော စတဲ့နေရာတွေမှာ ထွက်လာတဲ့ နီနီရဲရဲ
အဖုလေးတွေပါ။
ပေါ့ပေါ့ဆဆ နေခဲ့ရင်
မွေးကျွတ်နာကို
အမှုမဲ့အမှတ်မဲ့ ပေါ့ပေါ့ဆဆနေခဲ့ရင် အနာဟာ အရေပြားအောက်အထိ လှိုက်စားသွားနိုင်ပါတယ်။
ဖာရန်ကယ် (Furuncle) လို့ခေါ်တဲ့ ပြည်တည်နာ ဖြစ်သွားနိုင်ပါတယ်။ ပြည်ရှိတော့ နာတာ၊ ကိုက်တာ၊
ပူတာတွေ ဖြစ်ပါတယ်။ ဒါထက်တစ်ဆင့် တက်သွားရင်တော့ အနီးရှိတဲ့ မွေးညင်းပေါက်တွေ အားလုံးပါပျံ့နှံ့သွားပြီး
အနာ့ပဆုပ် (Carbuncle) ဆိုတာ ဖြစ်သွားနိုင်ပါတယ်။ နက်လည်းနက်၊ ကျယ်လည်းကျယ်တဲ့ ပြည်တည်နာပါ။
ကျောမှာအဖြစ်များတာမို့ အနာ့ပဆုပ် ကျောလုံးပုပ်လို့တောင် ဆိုရိုးရှိပါတယ်။ ဒီတစ်ခါကျရင်
အပ်နဲ့ ထွင်းရမယ့်သာမန်မွေးကျွတ်နာလေးဟာ ပုဆိန်နဲ့ ပေါက်ရမယ့် အနာ့ပဆုပ်မျိုးအထိ ရောက်သွားတာပါပဲ။
ခွဲရစိတ်ရ၊ အနာလည်း ဆေးထည့်ရ၊ ဆေးထိုးရနဲ့ ကုရတာ လက်ပေါက်ကပ်ပါတယ်။ ဆီးချိုရှိသူတွေဆိုရင်
အနာစိမ်းတစ်လုံးပေါက်တာနဲ့တောင် လုံးဝပေါ့ဆလို့ မရပါဘူး။
အနာပေါက်ခဲ့ရင်
အရပ်ထဲမှာတော့
မွေးကျွတ်နာပေါက်ခဲ့ရင် ထုံးတို့တာ၊ တိုင်းရင်းဆေးအုံတာ၊ ကျပ်ပူတိုက်တာတွေ လုပ်လေ့ရှိပါတယ်။
အားလုံးဟာ အပူပေးတာချည်းပါပဲ။ ပူတော့ အနာတွေပေါက်ထွက်တာချည်းပါပဲ။ ပူတော့ အနာတွေ ပေါက်ထွက်သွားပြီး
အနာဆန် ဒါမှမဟုတ် ပြည်ဝတ်တွေ ထွက်သွားပါတယ်။ နောက်တော့ သူ့အလိုလို ကျက်သွားတာတွေလည်း
ရှိပေမယ့် အခန့်မသင့်ရင်တော့ စောစောက ပြောတဲ့ဆိုးကျိုးတွေ ဝင်လာနိုင်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့်ဖြစ်တဲ့
အနာတွေမို့ ဘက်တီးရီးယားပိုးသတ်ဆေးတွေကို အဓိကသုံးရပါတယ်။ အရေးကြီးတာက အနာနဲ့ အနာပတ်ဝန်းကျင်ကို
အရက်ပြန်၊ ဆပ်ပြာ၊ ပိုးသတ်ဆေးရည်တွေသုံးပြီး သန့်ရှင်းစင်ကြယ်အောင် ထားရပါတယ်။ ဆေးယဉ်ပါးမှုဖြစ်နိုင်တာကြောင့်
ပိုးသတ်ဆေး၊ လိမ်းဆေးနဲ့ ပဋိဇီဝသောက်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်နဲ့ သုံးရပါမယ်။ ပြည်ပုပ်တွေကို
ကိုယ့်ဘာသာ ညှစ်ထုတ်မယ့်အစား ဆရာဝန်နဲ့ ကျွမ်းကျင်ကျန်းမာရေးဝန်ထမ်းတွေဆီမှာ ပိုးသန့်စင်ထားတဲ့
တစ်ခါသုံးဆေးဝါးနဲ့ ဖောက်ထုတ်လိုက်တာ အကောင်းဆုံးပါ။ စားဆေးတွေအပြင် ပိုးသတ်ဆေးထိုးဆေးတွေပါ
လိုအပ်ရင် သုံးရမှာပါ။
Credit : ဒေါက်တာ ဦးကျော်ကျော်(အရေပြားအထူးကု ဆရာဝန်ကြီး)