Coma ရောဂါပြင်းထန်ခြင်းကြောင့် သတိမေ့မြောခြင်း
24-Feb-2017မိနစ်အတော်ကြာထက်ပိုပြီး သတိမေ့မြောနေသော အခြေအနေကိုခေါ်ဆိုပြီး ထိုအခြေအနေတွင် အင်အားသုံးပြီး နှိုးဆွသော်လည်း လူနာမှာ ပြန်လည်တုန့်ပြန်မှု မရှိနိုင်တော့ခြင်းကို (coma) ဟုခေါ်သည်။ ဖြစ်ပွားသောအကြောင်းအရင်းများစွာရှိပြီး မူးယစ်ဆေးသုံးလွန်ကဲခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ အများအားဖြင့် ပါဝင်သည်။ ထိုကဲ့သို့ သတိမေ့မြောသွားပါလျှင် ဆေးရုံသို့ ချက်ချင်းပို့ရန် လိုအပ်ပြီး လူနာကို သက်သောင့်သက်သာနှင့် နွေးနွေးထွေးထွေးထားရမည်။
သတိလစ်နေသောလူနာကို မည်သည့်အရာမျှ မတိုက်ရပါ။ ထိုသို့ ပြုလုပ်ပါက အသက်ရှူလမ်း ကြောင်းတွင် ပိတ်ဆို့သွားနိုင်ပါသည်။ လည်ပင်းတွင် တင်းကျပ်သော အရာများရှိပါက ဖယ်ရှားပစ်ပြီး လူနာကို အသက်မှန်မှန်ရှူမရှူကိုလည်း စစ်ဆေးကြည့်ရှူပါ။ အသက်မရှူပါက အရေးပေါ်အားဖြည့် အသက်ရှူကုသခြင်း ပြုလုပ်ပေးရန် လိုအပ်ပါသည်။
Concussion ပြင်းထန်သော ဦးခေါင်းဒဏ်ရာကြောင့် ဦးခေါင်းထိခိုက်ခြင်း တစ်စုံတစ်ခုသော အကြောင်းကြောင့် ဦးခေါင်းကို ပြင်းထန်စွာ ထိခိုက်မိလျှင် ဦးနှောက်တွင် ဒဏ်ရာရပြီး ၎င်းကို Concussion ဟုခေါ်ဝေါ်သည်။ တိုသို့ဖြစ်လျှင် မူးခြင်း၊ အန်ခြင်းမှ အစပြု၍ သတိလစ်ခြင်း အထိဖြစ်၏။ တစ်ခါတစ်ရံတွင် ဦးခေါင်းခွံကွဲခြင်းကြောင့် ပြင်းထန်သော Concussion ဖြစ်ပွားနိုင်ပြီး အတိတ်မေ့ခြင်းနှင့် ခေါင်းပြင်းထန်စွာ ကိုက်ခဲသော ဝေဒနာများကို ခံစားရနိုင်ပါသည်။ ထို့ကြောင့် ဦးခေါင်းတွင် ဒဏ်ရာရရှိပါက ဆရာဝန်ကို အမြန်ခေါ်ပြီး လူနာတင်ယာဉ်ကိုလည်း အဆင်သင့်ခေါ်ထားရပါမည်။
တစ်ခါတစ်ရံတွင် ဦးခေါင်းတွင် ပြင်းထန်သော ဒဏ်ရာမရသည့်တိုင် ဦးခေါင်းထိခိုက်မှုတိုင်းတွင် သတိ ခဏလစ်ခြင်း (သို့) မိုက်ခနဲဖြစ်သွားခြင်း၊ အန်ခြင်း၊ ပျို့ခြင်း၊ မျက်စိအမြင်အာရုံ (၂) ခုကွဲခြင်း၊ ဖြူပတ်ဖြူရော် ဖြစ်ခြင်း၊ တစ်ကိုယ်လုံးအေးစက်ခြင်းတို့ ဖြစ်ပွားပါက အထူးသတိကြီးစွာ ထားရမည့် အခြေအနေများဖြစ်ပါ သည်။ ထိုအချိန်တွင် လူနာကို ဆေးရုံသို့ ဆက်ဆက်ပို့ဆောင်ပေးရမည်ဖြစ်၏။
Healthcare.com.mm
Ref:
ဒေါက်တာမေမိုးနွယ်
မိသားစုကျန်းမာရေးလမ်းညွှန် စာအုပ်မှကောက်နှုတ်ထားပါသည်။