Print

တက်လျှင် ခြေမ၊ လက်မ ချိုးခြင်း

  24-Feb-2017
Preview Image

ကိုယ်အပူချိန်များလွန်း၍ဖြစ်စေ၊ အခြားအကြောင်း တစ်ခုခုကြောင့်ဖြစ်စေ ကလေးငယ်များ တက်သွားသည်ကို အများအားဖြင့် လူတိုင်းတွေ့ဖူးမြင်ဖူးကြပါသည်။ တက်ခြင်းမှာ ကလေးငယ်များသာမက လူကြီးများတွင်လည်း ဖြစ်နိုင်ပါသည်။ ဝက်ရှုးပြန်ရောဂါ၏ လက္ခဏာတစ်ခုမှာလည်း တက်ခြင်းပင်ဖြစ်ပါသည်။

 

ကလေးငယ်တစ်ယောက်ဖြစ်စေ၊ လူကြီးတစ်ယောက်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် တက်ခဲ့လျှင် လူအများက ခြေမ၊ လက်မ ချိုးခြင်းလုပ်ကြသည်။ ဤလုပ်ရပ်မှာ မှားယွင်းသော လုပ်ဆောင်မှုတစ်ခုဖြစ်ပြီး ကလေးငယ်များအတွက် အန္တရာယ် ဖြစ်စေပါသည်။ တက်ခြင်းမှာ
ဦးနှောက်၏ လုပ်ငန်းယိုယွင်းမှုနှင့် ဆိုုင်သည်။ ကိုယ်အပူချိန်ကြီးလျှင် ဦးနှောက်နှင့် အာရုံကြောတို့၏ ပူးပေါင်းညှိနှိုင်း လုပ်ဆောင်မှုစွမ်းရည် ပျက်ယွင်းသွားသည်။ 

 

ဝက်ရှုးပြန်ရောဂါတွင်လည်း ဦးနှောက်အတွင်း မလိုလားအပ်သော လှုံ့ဆော်မှုများဖြစ်ပေးလာသည်။ ဆိုလိုသည်မှာ တက်ခြင်းသည် ဦးနှောက်၏ လုပ်ငန်းယိုယွင်းမှုကြောင့်ဖြစ်သည်။ ဤသို့ဖြစ်ရခြင်းကို နှိပ်နယ်ခြင်းဖြင့်လည်း အတက်ကျအောင် မစွမ်းဆောင်နိုင်ပါ။ တက်ခြင်းသည် သာမန်အားဖြင့် စက္ကန့်ပိုင်း၊ မိနစ်ပိုင်းမျှသာ ကြာလေ့ရှိသည်။ တချို့မှာ အလိုအလျောက် အတက်ကျသွားသည်ကိုပင် နှိပ် လိုက်နင်းလိုက်လို့ ခြေမ၊ လက်မချိုးလို့ ကျသည်ဟု ထင်မြင်တတ်ကြပြန်သည်။ 

 

ကလေးငယ်တစ်ဦးအား တက်သဖြင့် နှိပ်နယ်ခြင်းကြောင့် လူကြီး၏ လက်ဖိနှိပ်မှု ဒဏ်ဖြစ်ကာ ကြွက်သားများနှင့် သွေးကြောများ ပျက်စီးသွားနိုင်သည်။ ခြေမ၊ လက်မ ချိုးခြင်းကြောင့် အရိုးအဆစ်တို့ ဒဏ်ရာရသွားစေနိုင်သည်။ တက်သောကလေးငယ်ကိုတက်နေစဉ် အန္တရာယ်ရှိသော နေရာမှ ဖယ်ရှားရန် အရေးကြီးသည်။ လူများ ဝိုင်းအုံမထားသင့်ပေ။ လေကောင်းလေသန့်ရရှိအောင် ဆောင်ရွက်ပေးရမည်။ မိနစ်အနည်းငယ် ကြာသည်အထိ အတက်မကျလျှင် ဆေးပညာရှင်ဆရာဝန်ထံ အမြန်ဆုံးရောက်အောင် သွားရန်ဖြစ်ပါသည်။

 

Healthcare.com.mm
Ref:
ဒေါက်တာအေးကျော် (ဇီဝကမ္မဗေဒ)
ကျန်းမာရေးနှင့် ပတ်သက်သောအယူအဆမှားနှင့် သိမှတ်ဖွယ်ရာများ 
စာအုပ်မှကောက်နှုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18