မီးလောင်ခြင်းနှင့် အပူလောင်ခြင်း
24-Feb-2017အပူလောင်ခြင်း (ဥပမာ၊ မီးပူကို ကိုင်မိခြင်း၊ ဟင်းရည်ပူ၊ ရေနွေးပူလောင်ခြင်း)တို့မှာ အိမ်နှင့် အစားသောက်ရောင်းသော ဆိုင်တို့မှာသာ အဖြစ်များသည်။ အပူလောင်သော နေရာသည် နီရဲ ပူလောင်ကာ အလွန်နာသည်။ ထို့နောက်အရည်ကြည်ဖု ပေါက်လာတတ်သည်။ ထိုအဖုကလည်း တင်းသည်။ နာသည်။ အရေပြားအောက်ရှိ အဆီပြင်ထိအောင် မီးလောင်ခံရပါက အာရုံကြောများ ပျက်စီးသွားနိုင်သည်။ မီးလောင်ထားသော နေရာ မီးသွေးတုံးကဲ့သို့ ဖြစ်သွားတတ်သည်။ ထိုအခါ အနည်းအပါးသာ နာနိုင်တော့သည်။ အာရုံကြောများ ပျက်စီးသွားသဖြင့် လုံးဝ မနာတော့။ သို့သော် ကိုယ်တွင်းအရည်ဓာတ် ဆုံးရှုံးမှု များသဖြင့် ရှော့ခ် (Shock) ရသွားတတ်သည်။
သတိ
• ပါးစပ် (သို့) လည်ချောင်းတစ်ဝိုက် မီးလောင်လျှင်၊ (သို့) မီးလောင် ဒဏ်ရာများလျှင်၊ နက်လျှင်။
• ရှော့ခ်ရသော လက္ခဏာများ ရှိလျှင်၊ အသက် ရှူရသည်မှာ ပြဿနာဖြစ်လာလျှင်၊ (သို့) လူနာ သတိလစ်သွားလျှင် အရေးပေါ် လူနာတင်ယာဉ်ကို အမြန်ခေါ်ပါ။
ဆရာဝန်နှင့် အရင်ပြရန်
• ကလေး မီးလောင်ခံရလျှင်။
• ခြေ၊ လက်၊ မျက်နှာ (သို့) လိင်အင်္ဂါများ မီးလောင်ခံရလျှင်။
• မီးလောင်ဒဏ်ရာ၏ အတိမ် အနက်၊ အတိုင်းအတာကို မခန်းမှန်းတတ်လျှင်။
• လျှပ်စစ်ဓာတ်လိုက်ရာ မီးလောင်လျှင်၊ ဓာတုဆေးရည် လောင်လျှင်။
မိမိဘာသာဆောင်ရွက်နိုင်သော ကိစ္စများ
မီးလောင်၊ အပူလောင် ခံထားရသူ၏ ဘေးကင်းစေရန်နှင့် အနာအပူ သက်သာစေရန်ဒဏ်ရာကြီးသည် သေးသည် မဟုတ် ဆောင်ရွက်စရာများကို အမြန်လုပ်လိုက်နိုင်ရန် အလွန်အရေးကြီးသည်။
မီးလောင်ဒဏ်ရာ ပြင်းလျှင်
• မီး၊ အပူ လောင်စေသော နေရာမှ လွတ်ကင်းရာသို့ ကာယကံရှင်ကို အမြန်ရွှေ့ယူပါ။
• ပူလောင်နေသော နေရာအေးနိုင်စေမည့်နည်း မှန်သမျှကို လုပ်ဆောင်ပေးပါ။
• ရှော့ခ်ဖြစ်နေသော လက္ခဏာများ ပေါ်၊ မပေါ်သေသေချာချာ ကြည့်ပါ။
• လူနာ သတိလစ်သွားပါက CPR လုပ်ပေးပါ။ (CPR – Cardio Pulmonry Resuccitation ကာဒီယိုပါလမိုနရီ ရီဆပ်စီတေးရှင်း၊ အဆုတ်နှင့် နှလုံး ပြန်အလုပ်လုပ်လာစေရန် ဆောင်ရွက်ရသော အသက်ကယ် ပြုစုမှု) ပြီးလျှင် လူနာကို ဆေးရုံအမြန်ပို့ပါ။
မီးလောင်ဒဏ်ရာ နည်းလျှင်
• အပူလောင်နာ သက်သာစေရန် ချက်ချင်းလုပ်ပေးပါ။
• အရည်ကြည်ဖု ပေါက်လာပါက ဖောက်မပစ်ရ။ ကိုက်တာနာတာဖြစ်ပါက ပါရာစီတမောလ် အိုင်ဗျူပရိုဖဲန် စသည့် ဆေးများသောက်နိုင်သည်။
• မီးလောင်နာ၊ အပူလောင်နာ၊ ကျက်လာ၊ အနာဖေးကပ်လာချိန်မှာ ယားလာပါက မခွာရ၊ ဒဏ်ရာ အနာဖေးနှင့် အရေပြားခြောက်သွေ့ မသွားစေရန် အရေပြား အစိုဓာတ် ထိန်းဆေး (moisturizer) လိမ်းပေးပါ။
လက်တွေ့နည်းများ
ပူနေသော မီးလောင်၊ အပူလောင်သောနေရာ အေးသွားအောင်ပြုလုပ်ရန် လိုအပ်သည်။ ဒဏ်ရာရှိ အပူအမြန် ထွက်သွားစေရန် ဆောင်ရွက်ရပုံ အဆင့်ဆင့်ကို မဆိုင်းမတွ သွက်လက်စွာ ဆောင်ရွက်ပါ။ မီးလောင်နာ၊ အပူလောင်နာ အသေးလေးများ သက်သာစေရန်နှင့် ဒဏ်ရာကြီးများကို ဆေးရုံမပို့နိုင်သေးမီ စောင့်ကြည့်နေရစဉ် ဒဏ်ရာအပူအနာ သက်သာစေရန်အဆိုပါ နည်းများဖြင့် ဆောင်ရွက်ပေးနိုင်သည်။
(၁) ဘုံပိုင်ရေ အေးအေးအောက်တွင် မီးလောင်၊ အပူလောင်ထားသော နေရာကို ၁၀ မိနစ်ကြာ ရေလောင်းထားပါ။ ရေအေးအေး မရှိပါက နို့အေး၊ အချိုရည် အေးအေးစသည်တို့ကို သုံးနိုင်သည်။ ရေခဲ၊ ငံပြာရည်၊ နို့ဆီ အသုံးမပြုရ။
(၂) ပူလောင်နေရာက အေးမြသွားပါက ထိုနေရာရောင်ရမ်းလာတော့မည် ဖြစ်သဖြင့် ထိုနေရာကို ဖျစ်ညှစ်ထားသကဲ့သို့ ဖြစ်နေသော အဝတ်တန်ဆာ၊ လက်ဝတ်ရတနာ၊ နာရီ၊ ခါးပတ် (သို့) ရှူ းဖိနပ်များကို ချွတ်ပစ်ပါ။
သတိ
မီးလောင်၊ အပူလောင် ဒဏ်ရာများတွင် ကပ်နေသော အဝတ်အစားများကို ဇွတ်ဆွဲခွာမပစ်ရ။ ကတ်ကြေးဖြင့် ကွင်းဝိုက် ကိုက်ဖြတ်ပစ်ပါ။ ကွင်းဝိုက်ဆုတ်ဖြဲပစ်ပါ။ ပြီးမှ အနာဆေးထည့်ပါ။
(၃) စိုနေသော နေရာများကို ခြောက်သွေ့စေရန် အဝတ်ခြောက် သန့်သန့်ဖြင့် တို့သုတ်ပေးပါ။ ပွတ်သပ်ခြင်း မပြုရ။ ဒဏ်ရာပေါ်သို့ လိုးရှင်း (သို့) ခရင်မ်များ မလူးရ၊ မလိမ်းရ။ ထိုနေရာကို အဝတ်သန့်သန့်ဖြင့် အုပ်မိပြီး ပတ်တီးချောင်ချောင် စည်းနှောင်ပေးထားပါ။ပိုးသန့်ထားသော ပတ်တီးခေါက် ရှိပါက ပိုကောင်းသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာသန်းထွဋ်
အိမ်သားသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။