ရုတ်တရက်ဝမ်းပျက်ဝမ်းလျှောခြင်း
24-Feb-2017ဝမ်းပျက်ဝမ်းလျှောခြင်းဟာ ရုတ်တရက်ချက်ချင်း ဖြစ်ပေါ်နိုင်ပါတယ်။ ရက်သတ္တပတ် ( ၄) ပတ်လောက်အောက် (သို့) ကာလကြာရှည်စွာ ၏ဝမ်းလျှောခြင်းဆိုပြီး ဖြစ်နိုင်ပါတယ်။ အခုပြောပြမယ့် ဝမ်းလျှောခြင်းကတော့ ရက်သတ္တပတ် (၄) ပတ်နဲ့အောက် ဖြစ်လေ့ရှိတဲ့ ဝမ်းပျက်ဝမ်းလျှောခြင်း အကြောင်းဖြစ်ပါတယ်။ အဖြစ်လည်းများတဲ့ ဒီဝမ်းလျှောရောဂါဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်ဆုံးရှုံးမှုဖြစ်စေဖို့ အခြေအနေကို များစေပါတယ်။ အဓိကဦးတည် ကုသရမှာက ရေဓာတ်ပြန်လည် ဖြည့်တင်းပေးဖို့ ဖြစ်ပါတယ်။ အစားအသောက်ကိုတော့ ဖြစ်နိုင်ရင် ပုံမှန်စားနေကျ အတိုင်း ဆက်စားနိုင်ပါတယ်။ တကယ်လို့ ရေဓာတ်လွန်စွာ ခမ်းခြောက်လာတယ်လို့ သံသယရှိခဲ့ရင်တော့ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
ရုတ်တရက် ကာလတို ဝမ်းပျက်ဝမ်းလျှောစေတဲ့ အကြောင်းအရင်းတွေထဲမှာ ဗက်တီးရီးယားပိုး၊ ဗိုင်းရပ်စ်ပိုးနဲ့ အခြားပိုးမွှားတွေကြောင့် ဖြစ်ရခြင်းက အများဆုံးဖြစ် ပါတယ်။ တခြားအကြောင်းရင်းတွေ အနေနဲ့ ဘီယာအသောက်များခြင်း၊ ဆေးဝါးတချို့ရဲ့ ဘေးထွက်အာနိသင်ကြောင့်ဖြစ်ခြင်း၊ စိတ်ပူပန်ခြင်းတွေကြောင့် လည်း ဖြစ်တတ်ပါတယ်။ ရောဂါတွေကြောင့်ဖြစ်တဲ့ ရုတ်တရက်ဝမ်းပျက်ခြင်းရဲ့ လက္ခဏာတွေကတော့ ပျို့အန်ခြင်း၊ ဝမ်းဗိုက်တွင် မအီမသာဖြစ်ခြင်း၊ တစ်နေ့တာလုံး (၂၄ နာရီအတွင်း) မှာ အနည်းဆုံး (၃) ကြိမ်ဝမ်းပျော့ပျော့ (သို့) ဝမ်းအရည်သွားခြင်း၊ အချို့သောပိုးများကြောင့် သွေးဝမ်း (သို့) အချွဲဝမ်းသွားခြင်း၊ ဗိုက်ရစ်နာခြင်း၊ အဖျားကြီးခြင်း၊ ခေါင်းကိုက်ခြင်း၊ ခြေလက်များကိုက်ခဲခြင်း စတာတွေကို ခံစားရတတ်ပါတယ်။ အအန်ပျောက်သွားပေမယ့်လည်း ဝမ်းပျက်တာကတော့ ဆက်လက်ခံစားရနိုင်ပါတယ်။
ရေဓာတ်ခန်းခြောက်ခြင်းဟာ ဝမ်းပျက်ဝမ်းလျှောခြင်းမှာ အထူးသတိပြု ကုသရမယ့် အကြောင်းဖြစ်ပါတယ်။ ဝမ်းသွားခြင်းအပြင် ပျို့အန်ခြင်းပါ တွဲဖြစ်တတ် တယ်ဆိုရင် ပိုပြီးအရေးကြီးပါတယ်။ ပျို့အန်တဲ့အခါ ပါးစပ်မှ ဓာတ်ဆားရည်၊ ရေနှင့် အခြားအရည်များ ဖြည့်တင်းရန် အဆင်မပြေဖြစ်တာကြောင့် သွေးကြောတွင်းသို့ တိုက်ရိုက်ရေဓာတ်ဖြည့် တင်းမှသာ ရေဓာတ်ခန်းခြောက်ခြင်းမှ ကာကွယ်နိုင်ပါတယ်။
ရေဓာတ်ခန်းခြောက်ခြင်းရဲ့ လက္ခဏာများကတော့ -
၁။ မောပန်းနုံးချည့်ခြင်း၊
၂။ မူးဝေခြင်း၊ ခေါင်းကိုက်ခြင်း၊
၃။ ကြွက်တက်ခြင်း၊ ညောင်းခြင်း၊
၄။ မျက်တွင်းချိုင့်သွားခြင်း၊
၅။ ဆီးအနည်းငယ်သာ ထွက်တော့ခြင်း၊
၆။ နှုတ်ခမ်းများခြောက်၊ လျှာများခြောက်ခြင်း၊
၇။ ဂဏာမငြိမ်ဖြစ်လာခြင်း၊
၈။ အားမရှိတော့ခြင်း၊
၉။ သတိမကောင်းတော့ခြင်း၊ နှလုံးခုန်မြန်လာခြင်း၊ သတိလစ်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။ နံပါတ်စဉ် (၇) မှ (၉) အခြေအနေမှာ အလွန်အမင်းရေဓာတ်ဆုံးရှုံးသော အခြေအနေဖြစ်ပြီး အသက်အန္တရာယ် စိုးရိမ်ရပါတယ်။
ဒါကြောင့် ပါးစပ်မှသောက်နိုင်သော အခြေအနေတွင် ဝမ်းတစ်ခါသွားပြီးတိုင်း ဓာတ်ဆားရည် (သို့) ရေ 200ml ထိသောက်ရန်လိုပါတယ်။ ပျို့အန်ခြင်းပါ တွဲလာရင် ပျို့အန်ပြီး၅-၁၀ မိနစ်စောင့်ပြီးမှ ရေကိုဖြည်းဖြည်းသောက်ပါ။ အဲဒီလိုသောက်ဖို့ အခွင့်အရေး မရလောက်အောင် အန်မယ်၊ ဝမ်းသွားမယ် ဆိုရင်တော့ သွေးကြောတွင်းသို့ တိုက်ရိုက်ရေဓာတ် ဖြည့်သွင်းဖို့ လိုအပ်ပါတယ်။ ရောဂါပိုးသတ်ဆေးများ၊ အူလမ်းကြောင်းအတွက် လိုအပ်သော အကျိုးပြုဘက်တီးရီးယား ပါသောအမှုန့်၊ ဓာတ်ဆားစသည်တို့ကိုလည်း အသုံးပြုကုသနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref:
ဒေါက်တာရှင်းသန့်ဖြူ
Ziwaka magazine, February 2016, Pg. 79-80