မျက်လုံးအတွင်းသို့ ဓာတုပစ္စည်း မတော်တဆဝင်ခြင်း
27-Feb-2017လက်သည်းနီတွေ၊ ဓာတုပစ္စည်းတွေ မျက်လုံးထဲကို မတော်တဆ ဝင်ရောက်သွားပြီဆိုရင်တော့ မျက်လုံးကို သန့်ရှင်းတဲ့ရေနဲ့ သေသေချာချာ ဆေးကြောပါ။ မျက်နှာသစ်သလို မဟုတ်ဘဲ မျက်လုံးကို ရေနှင့်အားရပါးရ သစ်ပါ။ အားရပါးရဆိုတဲ့ အဓိပ္ပါယ်က မျက်လုံးရဲ့ မျက်ခွံနေရာတွေကို သေချာ ရေနဲ့ ပြောင်စင်အောင် သစ်ပေးရပါမယ်။ ဆေးပြီးရင် အနီးဆုံးမျက်စိဆရာဝန်နဲ့ ပြရမယ်။
ဘာကြောင့်လည်းဆိုတော့ မျက်စိဆရာဝန်ရဲ့ ညွှန်ကြားချက်နှင့်မှ မျက်စိထဲကို ဆေးထည့်လို့ရမယ်။ ကိုယ့်သဘောနဲ့ကိုယ် မထည့်သင့်သေးဘူး။ ဘာလို့လည်းဆိုရင် တချို့လူနာတွေကျတော့ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးတွေ ထည့်လို့ရပေမယ့် တချို့တွေမှာကျတော့ စတီးရွိုက်ပါတဲ့ မျက်စဉ်းဆေးတွေကို အစပိုင်းမှာ မထည့်သင့်သေးဘူး။ ဆရာဝန်က လိုအပ်လို့ ညွှန်ကြားတယ် ဆိုတော့မှ ထည့်ပေးရမယ်။ ပထမဆုံးလုပ်ရမှာက
မျက်လုံးကို ရေနှင့်သေချာအားပါးတရ ဆေးလိုက်ရမှာဖြစ်ပါတယ်။
မျက်လုံးထဲကို ဓာတုပစ္စည်းဝင်သွားချိန်မှာ ဆားရည် မခတ်သင့်ပါဘူး။ ရေနှင့်ပဲ ဆေးရမှာပါ။ ဆားရည်နဲ့ ရေနဲ့က မတူဘူး။ ဆားရည်ဆိုတာက ဆိုဒီယမ်ကလိုရိုက် ပါတယ်။ ဆိုဒီယမ်ကလိုရိုက် ပါတော့ သူရဲ့ မျက်လုံးပေါ် သက်ရောက်မှုကလည်း အထိုက်အလျောက်ရှိနိုင်တယ်။ ဒီတော့ ဆားရည်လည်း မသုံးရပါဘူး။ ရေသန့်သန့်နဲ့သာ သေချာဆေးကြောပေးရပါမယ်။
အချိန်မီကုသမှုအနေနဲ့ကတော့ မျက်စိထဲကို မတော်တဆ ဓာတုပစ္စည်းတွေ ဝင်ရောက်တယ် ဆိုတာနဲ့ အနီးစပ်ဆုံး မျက်စိရောဂါကုသဌာနမှာ ပြသပြီး သေချာကုသမှု ခံယူဖို့လိုပါတယ်။ ရှေးဦးသူနာ ပြုစုနည်းအနေနဲ့ဆိုရင်လည်း အများကြီး ထွေထွေထူးထူးတော့ မရှိပါဘူး။ ဖြစ်ဖြစ်ချင်းမှာ သန့်ရှင်းတဲ့ ရေနဲ့မျက်လုံးကို သေချာဆေးကြောလိုက်မယ်ဆိုရင် ရပါတယ်။ ပြီးရင်တော့ နီးစပ်ရာ မျက်စိဆေးကုသမှုဌာနကိုသွားပြီး လိုအပ်တဲ့ ကုသမှုတွေကို သေချာခံယူဖို့ လိုပါတယ်။
မျက်လုံးထဲကို မတော်တဆ ဓာတုပစ္စည်း ဝင်ရောက်တဲ့သူတွေအနေနဲ့ ကုသမှု နောက်ကျတာ မျိုးတွေ ရှိတတ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် မျက်စိထဲကို ဓာတုပစ္စည်းဝင်ရောက်တယ်။ ကျန်းမာရေးဗဟုသုတကလည်းရှိတော့ ရေနဲ့သေချာ အားရပါးရ ဆေးကြောလိုက်တယ်။ အိမ်မှာရှိနေတဲ့ ပဋိဇီဝ မျက်စဉ်းဆေးတစ်ခုခုကို ကိုယ့်သဘောနဲ့ကိုယ် ထည့်လိုက်တယ်။ များသောအားဖြင့်တော့ အိမ်မှာသုံးနေကျ မျက်စဉ်းဆေးတစ်ခုခုကို ထည့်လိုက်တတ်ကြတယ်။ ဒါပေမဲ့ မျက်လုံးထဲကို ဓာတုပစ္စည်းဝင်ရောက်တာက ပဋိဇီဝဆေးတစ်မျိုးတည်းနဲ့ မလုံလောက်ပါဘူး။ ရောင်ရမ်းလာတဲ့ပြဿနာဖြစ်တာကြောင့် ပဋိဇီဝဆေးတစ်မျိုးတည်းနှင့် မလုံလောက်တာဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့လုပ်ဆောင်ချက်ကို မှားတယ်လို့လည်း ပြောလို့မရပါဘူး။
ဆရာဝန်ဆီ မလာခင်အချိန်မှာ မျက်လုံးကို ရေနဲ့သေချာဆေးကြောတယ်။ ပဋိဇီဝ မျက်စဉ်းဆေး ခတ်တယ်မှန်ပါတယ်။ စတီးရွိုက်ပါတဲ့ ဆေးတွေကျတော့ ဆရာဝန်ရဲ့ ညွှန်ကြားချက်နှင့်မှ အဆင်ပြေမယ်။ ဘာလို့လည်းဆိုတော့ ဓာတုပစ္စည်းဝင်တာကြောင့် မျက်ကြည်လွှာက ဒဏ်ရာရသွားတယ်ဆိုရင်၊ ပွန်းပဲ့သွားတယ်ဆိုရင် မျက်လုံးထဲကို စတီးရွိုက်ဆေး ဘယ်လောက်ပမာဏပေးရမယ်ဆိုတာကို ဆရာဝန်ကပဲ သေချာတွက်ချက်ပြီး ပေးလို့ရမှာဖြစ်တယ်။ သေချာချိန်ဆပြီးပေးမှ ရမှာဖြစ်တဲ့အတွက် ကိုယ့်သဘောနဲ့ကိုယ် စတီးရွိုက်ဆေးတွေကို သုံးလို့မရပါဘူး။ ဒီတော့ မျက်စိထဲကို ဓာတုပစ္စည်းတွေ မတော်တဆ ဝင်ရောက်ပြီဆိုရင် ရေနဲ့ပဲပြောင်အောင် ဆေးမယ်၊ ပဋိဇီဝမျက်စဉ်းဆေး ထည့်မယ် သက်သာသွားမယ်။ အလုပ်များတာကြောင့်ဖြစ်စေ၊ အကြောင်းအမျိုးမျိုးကြောင့် မျက်စိဆေးရုံကို မပြဖြစ်တာမျိုးတွေ ရှိတတ်တယ်။
အဲဒီအချိန်မှာ ခွဲစိတ်ကုသမှုတွေ လုပ်ရတဲ့အခြေအနေမျိုးတွေ ဖြစ်လာနိုင်တယ်။ ဒါပေမဲ့ အဲလို ကုသမှုတွေလုပ်ပေမယ့်လည်း မူလမျက်လုံးလိုတော့ ပြည့်စုံတဲ့ကောင်းမွန်မှု မရနိုင်တော့ပါဘူး။ ဒီတော့ အရင်ဆုံးသေချာဆေးကြောပြီးပြီဆိုရင် နီးစပ်ရာ မျက်စိရောဂါကုသဌာနကိုသွားပြီး ဘယ်လို ဆေးကုသမှုတွေ လိုအပ်သလဲ၊ မျက်လုံးဘယ်လောက်အတိုင်းအတာထိ ထိခိုက်သွားသလဲဆိုတာကို သေချာပြသ ကုသမှု ခံယူကြပါလို့ အကြံပြုလိုပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးတင်ဝင်း
ပါမောက္ခ၊ ဌာနမှူး (မျက်စိဆေးရုံအုပ်ကြီး)