ကိုယ့်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တဲ့ အတွေးတွေ ပေါ်ပေါက်နေပြီဆိုရင်
27-Feb-2017ကိုယ့်မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်တဲ့ အတွေးတွေ ပေါ်ပေါက်နေပြီဆိုရင်
ကိုယ့်အခြေအနေက ဘယ်လောက်ပဲ ဆိုးနေပါစေ၊ ကိုယ်စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ နာကျင်မှုက ဘယ်လောက်ပဲ လွှမ်းခြုံနေပါစေ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အန္တရာယ် ပြုဖို့ဆိုတဲ့ ရွေးချယ်စရာထက် ပိုကောင်းတဲ့ ရွေးချယ်စရာတွေကို စဉ်းစားလို့ မရတော့ဘူးဆိုရင် စိတ်ကျန်းမာရေး ဆရာဝန်နဲ့ ဆက်သွယ်တိုင်ပင်ဖို့ လိုအပ်လာပါပြီ။
လူတွေ ကိုယ့်ကိုယ်ကိုယ် သတ်သေကြတဲ့အခါ သူတို့ရဲ့ မိသားစုနှင့် မိတ်ဆွေတွေ ကို ပြင်းပြင်းထန်ထန် ထိခိုက်ပါတယ်။ “ငါမရှိတော့ရင် သူတို့ ပိုကောင်းသွားလိမ့်မယ်” ဆိုတဲ့ခံစားမှုဟာ လက်တွေ့မှာ သူတို့တွေရဲ့ ဘဝ အတွက်ပါ ဖြစ်ကောင်းဖြစ်နိုင်တဲ့ ကြီးကြီးမားမား ပျက်စီးယိုယွင်းမှုကို ပယ်ဖျက် မပစ်နိုင်ပါဘူး။
ကိုယ့်အနေနဲ့ အကူအညီ တောင်းမယ်၊ အဲဒီ အကူအညီတောင်းမယ့် အလုပ်ကို အခုပဲ လုပ်မယ်၊ အကူအညီ မရမချင်း လက်မြှောက် အရှုံးပေး မသွားဘူးလို့ ကိုယ့်ကိုယ်ကိုယ် ကတိပေးပါ (တစ်ယောက်ယောက်ကိုလည်း ကတိပေးထားပါ)
ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်ဆိုတဲ့ အတွေးဟာ စိတ်ကျရောဂါကနေ ပေါ်ပေါက် လာတတ်တဲ့ အတွေး ဖြစ်လေ့ရှိပါတယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့ ကြိုးစားသူ သက်ကြီးပိုင်းတွေရဲ့ ၉၀ ရာခိုင်နှုန်းဟာ စိတ်ကျန်းမာရေး မကောင်းသူဖြစ်ပြီး ကုသမှု မလုပ်ဘဲထားတဲ့ စိတ်ကျရောဂါ ရှိနေတတ်တာတွေ့ရပါတယ်။ သိထားရမှာက စိတ်ကျရောဂါဟာ ရောဂါ တစ်ခု ဖြစ်ပါတယ်။ နှစ်သက်စရာကောင်းတဲ့ စိတ် အခြေအနေတစ်ရပ် မဟုတ်ပါဘူး။
မကုသဘဲထားရင် လက်တွေ့လုပ်သွားတဲ့ ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်း အဖြစ် မြင့်တက်သွားမယ့် အန္တရာယ်ရှိပါတယ်။ မိမိရဲ့ တိတ်တဆိတ်နဲ့ အထီးကျန် နေထိုင်မှုကို ရပ်ဆိုင်းပါ။ အခုပဲ အကူအညီ ရယူပါ။ မျှော်လင့်ချက် ကင်းမဲ့မှု၊ အကူအညီ ကင်းမဲ့မှု၊ စိတ်ပိုင်းဆိုင်ရာ၊ စိတ်ခံစားမှုပိုင်းဆိုင်ရာ နာကျင်မှု အစရှိတဲ့ ခံစားမှုတွေဟာ သင့်လျော်တဲ့ ကုသမှုတွေလုပ်ပေးရင် လှည့်ပြောင်းသွားနိုင်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
အေးအောင် (ရန်ကုန်တက္ကသိုလ်)
သင်နှင့်သင့်မိသားစု စိတ်ကျန်းမာရေး ကိုယ်တိုင်စောင့်ရှောက်ပါ စာအုပ်မှာကောက်နှုတ်ထားပါသည်။