သွေးချိုအဆိပ်တက်ခြင်း
14-Sep-2017သွေးချိုပမာဏ အလွန်မြင့်တက်လာသောအခါ သွေးချိုဆိပ်တက်သည့် အခြေအနေသို့ ရောက်တတ်သည်။ သွေးတွင်းသွေးချိုပမာဏသည် ၅၀၀ မီလီဂရမ် ရာခိုင်နှုန်းကျော်ထိ မြင့်တက်လေ့ရှိပြီး သွေးချိုတိုင်းစက်တွင် အလွန်မြင့် (High) ဟု ပြလေ့ရှိသည်။ အချို့လူနာများတွင် သွေးချိုပမာဏ အလွန်မြင့်တက်နေသော်လည်း မည်သည့်ရောဂါလက္ခဏာမျှ မပြဘဲ ရှိနေတတ်သည်။ သို့သော် ထိုလူနာများသည် အချိန်မရွေး သွေးချိုဆိပ်တက်သည့် လက္ခဏာများ ပေါ်ပေါက်လာသည်။ ဆေးပညာအရ သွေးချိုဆိပ်တက်ခြင်း နှစ်မျိုးခွဲထားသည်။ ဒီကေအေ (DKA) နှင့် ဟွန့်ခ် (HONK) တို့ဖြစ်သည်။ နှစ်မျိုးလုံးမှာ ရောဂါလက္ခဏာ အကြမ်းဖျင်းဆင်တူကြသည်။ ဒီကေအေကို သွေးချိုအမျိုးအစား နှစ်မျိုးလုံးတွင်တွေ့နိုင်သည်။ အသက်အရွယ်မရွေး ဖြစ်နိုင်သည်။ ဟွန့်ခ်ကို အမျိုးအစား (၂) သွေးချိုတွင် တွေ့ရလေ့ရှိသည်။ အသက်အရွယ်ကြီးသူများတွင် အတွေ့ရများသည်။
လူနာသည် ဆီးသွားလွန်ပြီး အသားအရေ ခန်းခြောက်လာသည်။ အမောဖောက်လာသည်။ အမောဖောက်လာသည်။ နောက်ပိုင်းတွင် သတိလစ်၊ မေ့မြောသည်ထိ ဆိုးရွားတတ်သည်။ သွေးချိုလူနာ သတိလစ်မေ့မြောစေနိုင်သော အခြားအခြေအနေတစ်ရပ်မှာ ဟိုက်ပိုဖြစ်သည်။ သွေးချိုဆိပ်တက်သည်ထက် ဟိုက်ပိုက ပိုအဖြစ်များသည်။ ဟိုက်ပိုက ဖြုန်းခနဲဖြစ်တတ်သော်လည်း သွေးချိုဆိပ်တက်ခြင်းသည် ချက်ချင်းဖြစ်လေ့မရှိဘဲ ရောဂါပျိုးချိန် ရက်အနည်းငယ်ကြာတတ်သည်။ အင်ဆူလင်ထိုးဆေးနှင့် သွေးချိုကျဆေး မှန်မှန်မထိုးသူ၊ မသောက်သူများတွင် ဖြစ်လေ့ရှိသည်။ အလုပ်ရှုပ်သဖြင့် မကြာခဏမေ့တတ်သဖြင့် ငွေကြေားမတတ်နိုင်သဖြင့်၊ ဆေးပြတ်သည်မှာ သိပ်အရေးမကြီးဟု ထင်သဖြင့် စသည့် အကြောင်းအမျိုးမျိုးရှိသည်။ ငွေကြေးမတတ်နိုင်သူများအတွက် နည်းနည်းနှင့်ကျဲကျဲ ဝိုင်းနိုင်သည့် စျေးသင့်တင့်သည့် ဆေးများကို ဆရာဝန်နှင့် တိုင်ပင်ရွေးချယ်သင့်ပါသည်။ စျေးကြီးဆေးကို မှန်မှန်မသောက်သည်ထက် စျေးသင့်တင့်သည့် ဆေးကိုမှန်မှန် သောက်သည်က အကြောင်းအကျိုး ဆီလျော်ပါသည်။
အချို့လူနာများတွင် သွေးချိုဆိပ်တက် သတိမေ့မြောမှ သွေးချိုရှိမှန်းသိတတ်ကြသည်။ ရောဂါပိုးဝင် ဖျားနာပြီး သတိမေ့မြော၍ ဆေးရုံရောက်လာချိန်မှ သွေးချိုပမာဏ အလွန်မြင့်တက်နေကြောင်း တွေ့ရတတ်သည်။ ယခင်က သွေးချိုရှိ၊ မရှိ မစမ်းသပ်ဖူး၍ သွေးချိုရှိမှန်း မသိကြသူများ ဖြစ်ကြသည်။ ထို့ကြောင့် ရောဂါလက္ခဏာများ မပြခင်ကတည်းက သွေးချိုပုံမှန် စစ်ဆေးရန်လိုအပ်သည်။ ရောဂါပိုးဝင် ဖျားနာခြင်း၊ နှလုံးသွေးကြောပိတ်၊ လေဖြတ်ခြင်း၊ သွေးချိုပမာဏ မြင့်တက်စဉ် ခွဲစိတ်ခံခြင်းတို့သည် သွေးချိုဆိပ်တက်စေသော အတွေ့များသည့် အကြောင်းများဖြစ်သည်။ ထို့ကြောင့် ရောဂါပိုးဝင် ဖျားနာလျှင်၊ ခွဲစိတ်ကုသမှု ခံယူရန် လိုအပ်လာလျှင် မိမိတွင် သွေးချိုရှိကြောင်း ဆရာဝန်ကို ကြိုတင်ပြောပြရန် လိုအပ်သည်။ ရောဂါပိုးဝင် ဖျားနေစဉ်၊ ခွဲစိတ်ကုသမှု ခံယူစဉ် သွေးချိုကို ကောင်းမွန်စွာ ထိန်းရန်လိုသည်။ အရေးပေါ်ခွဲစိတ်ရသည့် အခြေအနေမှလွဲ၍ မခွဲစိတ်မီ သွေးချိုကို ကောင်းကောင်း ထိန်းထားနိုင်အောင် ကြိုတင်ပြင်ဆင်သင့်သည်။
သွေးချိုဆိပ်တက်ခြင်းသည် အရေးပေါ်အခြေအနေ ဖြစ်သောကြောင့် ဆေးရုံတင်ပြီး ကြပ်ကြပ်မတ်မတ် ကုသရသည်။ အင်ဆူလင်အကြည် ထိုးဆေး၊ စေလိုင်း (saline) အကြောထိုးဆေးပုလင်းတို့နှင့် အင်တိုက်အားတိုက် ကုသရသည်။ ကြပ်မတ်ကုသလျက်နှင့်ပင် အသေအပျောက်ရှိတတ်သည်။ ထို့ကြောင့် သွေးချိုကို ပုံမှန်ထိန်းသိမ်းခြင်းဖြင့် သွေးချိုဆိပ်တက်ခြင်းမှ ကာကွယ်ခြင်းသည်သာ အကောင်းဆုံးဖြစ်သည်။ သွေးချိုဆိပ်တင်ခြင်းမှ ပြန်လည်ကောင်းမွန်လာသော လူနာများတွင် သွေးချိုကျသောက်ဆေးသို့ ပြန်ပြောင်း၍ ကုသလေ့ရှိသည်။ အချို့လူနာများတွင် အင်ဆူလင်ထိုးဆေးနှင့် ဆက်ကုရန် လိုတတ်သည်။ အရေးကြီးသောအချက်မှာ နောက်တစ်ကြိမ် သွေးချိုဆိပ်တက်ခြင်း ထပ်မဖြစ်ရန်ဖြစ်သည်။
သွေးချိုဆေး မှန်မှန်သောက်ရန်၊ အင်ဆူလင် မှန်မှန်ထိုးရန်၊ ဖျားနာစဉ်၊ ခွုစိတ်စဉ်တို့တွင် မိမိ၌ သွေးချိုရှိကြောင်း ဆရာဝန်ကို ထုတ်ဖော်ပြောရန်၊ ဖျားနာစဉ် ဆရာဝန်နဲ့ စောစောစီးစီးပြသပြီး လိုအပ်သောကုသမှုကို ပြောင်းလဲခံယူရန်တို့မှာ အရေးကြီးသည်။
Credit:
ပါမောက္ခနေဝင်း (ဆေးပညာ)