Print

သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ပါ

  13-Aug-2019
Preview Image

          သွေးလွန်တုပ်ကွေး ရောဂါဟာ ကပ်ရောဂါအသွင်ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ၂၀၁၃ ခုနှစ်မှာ သွေးလွန်တုပ်ကွေးရောဂါအဖြစ်များပြီး သေဆုံးမှု တွေရှိခဲ့ပါတယ်။ ၃ နှစ်၊ ၄ နှစ်တစ်ကြိမ်ကပ်ရောဂါအသွင် ဖြစ်တတ်တယ်လို့ သိရပါတယ်။


          သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး၊ ကျားမ မရွေးဖြစ်နိုင်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်။ အရင်တုန်းက အသက် ၁၅ နှစ်အောက်ကလေးတွေပဲ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါပေမယ့် ခုအချိန်မှာ လူကြီးတွေလည်း ဖြစ်ပွားလာတာကို တွေ့ရပါတယ်။ အသက် ၃ နှစ်ကနေ ၈ နှစ်အရွယ်ကလေးတွေမှာ အများဆုံးဖြစ်ပွားတာကို တွေ့ရပါတယ်။ ဒါကြောင့် မူကြို၊ မူလတန်းကနေ အထက်တန်းကျောင်းသားတွေအထိ အထူးဂရုပြုရမယ့် အုပ်စုအဖြစ်သတ်မှတ်ရပါမယ်။


          သွေးလွန်တုပ်ကွေးရောဂါဟာ Arbovirus လို့ခေါ်တဲ့ ဗိုင်းရပ်အုပ်စုမှ Dengue Virus ကြောင့် ဖြစ်ပွားပါတယ်။ Dengue Virus မှာ Serotype (၄) မျိုးရှိပါတယ်။ SERO - TYPE တစ်မျိုးအတွက် ရောဂါဖြစ်ပွားပါက ၎င်း SERO - TYPE တစ်ခုအတွက်သာ ကာကွယ်မှု (IMMUNITY) ရပြီး၊ တခြား အမျိုးအစား (SERO - TYPE) အတွက် မကာကွယ်နိုင်ပါဘူးလို့ ပြောချင်ပါတယ်။


          သွေးလွန်တုပ်ကွေးရောဂါဖြစ်စေတဲ့ဗိုင်းရပ်စ်ပိုး DENGUE VIRUS ပိုးကို ခြင်ကျား(Aedes) မျိုးစိတ်က သယ်ဆောင်ပေးပါတယ်။ ခြင်ကျားက ရေကြည်၊ ရေသန့်၊ ရေသေမှာ ပေါက်လေ့ရှိပါတယ်။ Aedes aegypti က လူတို့အသုံးပြုဖို့ ရေသိုလှောင်လေ့ရှိတဲ့ နေရာတွေ၊ လူတွေ စွန့်ပစ်ထားတဲ့ ရေတင်ကျန်နိုင်တဲ့ အရာတွေမှာ ပေါက်ပွားလေ့ရှိပါတယ်။ ခြင်ဥကနေခြင်ကောင်ဖြစ်ဖို့ ၇ ရက်ကနေ ၁၀ ရက်ခန့် အချိန်လိုအပ်ပါတယ်။


          သုံးရေ၊ သောက်ရေထည့်ထားတဲ့ မြေအိုး၊ စဉ့်အိုး၊ တိုင်ကီ၊ သစ်သားစည်၊ ပလစ်စတစ်ပုံးတွေ၊ ရေခဲသေတ္တာနဲ့ Air Condition အောက်မှာ ခံထားတဲ့လင်ပန်းတွေ၊ အိမ်သာ၊ ရေချိုးခန်းနဲ့ အိမ်ခြံဝန်းအတွင်းမှာ ရှိတဲ့ အုတ်ကန်တွေ၊ အိမ်ပေါ်မှာ တင်ထားလေ့ရှိတဲ့ အဖုံးပွင့်နေတဲ့ ရေစည်ရေကန်တွေ၊ ဘုရားပန်းအိုး၊ အလှစိုက်ထားတဲ့ ပန်းအိုးကြီးတွေရဲ့အောက်မှာ ရေခံထားတဲ့ မြေလင်ဗန်းကြီးတွေမှာ ပေါက်လေ့ရှိပါတယ်။


          ဒါ့အပြင် အချိုရည်ဘူးတွေ၊ ဘီယာဘူးခွံတွေ၊ ပလစ်စတစ်ဘူးခွံနဲ့ ခွက်ခွံတွေ၊ ၆ ရက် ၇ရက်ထက်ပိုပြီး ရေထည့်သိုလှောင်ထားတဲ့အရာတွေဟာ အိမ်တွင်းမှာ ခြင်ကျားတွေပေါက်နိုင်တဲ့ နေရာတွေဖြစ်ပါတယ်။

 

         သစ်ပင်အခေါင်းပေါက်၊ ဝါးဆစ်၊ ဝါးပင်အငုတ်၊ အုန်းပင်၊ ငှက်ပျောပင်အလက်ကြားတွေ၊ ရေထည့်ထားတဲ့ မြေအိုး၊ စဉ့်အိုးကြီးတွေ၊ သံရေတိုင်ကီတွေ၊ စွန့်ပစ်ထားတဲ့ ပုလင်းခွံ၊ ဘူးခွံတွေ၊ ဘထ္ထရီအိုးဟောင်းတွေ၊ တာယာအဟောင်းတွေ၊ အုန်းမှုတ်ခွက်၊ အုန်းခွံတွေ၊ ရာဘာခြံမှာ ရာဘာအစေးခံတဲ့ ခွက်တွေ၊ အမှိုက်တွေနဲ့ ပိတ်မိနေတဲ့ ရေတံလျောက်တွေ၊ အသုံးမပြုတော့တဲ့ နွားစာခွက်တွေ၊ အသုံးမပြုတော့တဲ့လှေတွေ၊ ရေထည့်နိုင်တဲ့ ဒါမှမဟုတ် ရေတင်ကျန်ပြီး ခြင်ပေါက်နိုင်တဲ့လူတွေပြုလုပ်ထားတဲ့ အရာအားလုံးဟာ အိမ်ပြင်ပမှာ ခြင်ကျားပေါက်လေ့ရှိတဲ့ နေရာတွေဖြစ်ပါတယ်။


ခြင်ကျားဟာ အများအားဖြင့် နေ့အချိန်မှာ ကိုက်လေ့ရှိပါတယ်။ အများဆုံးကိုက်လေ့ရှိတဲ့ အချိန်ကတော့ နံနက်အာရုဏ်တက်စနေထွက်ချိန်တစ်ချိန်နဲ့ ညနေ နေမဝင်ခင်အချိန်တို့ပဲ ဖြစ်ပါတယ်။


သွေးလွန်တုပ်ကွေးရောဂါဟာ လူရဲ့ခန္ဓာကိုယ်အတွင်းဝင်ရောက်တဲ့ အချိန်ကစပြီးတော့ ၃ ရက်ကနေ ၅ ရက်အတွင်း သွေးထဲမှာ လည်ပတ်နေတယ်။ အဲဒီအချိန်မှာ ခြင်ကိုက်ခံရရင် ခြင်ဆီကို ဗိုင်းရပ်စ်ပိုးတွေ ပါသွားတတ်တယ်။ အဲဒီပိုးတွေဟာ ၈ ရက်ကနေ ၁၀ ရက်အတွင်း အကောင်တွေ ပွားများလာတယ်။ အဲဒီခြင်ကနေ နောက်တစ်ဦးကိုကိုက်လိုက်ရင် အကိုက်ခံရသူမှာ ရောဂါကူးစက်တာကို ခံရတယ်။ တစ်ခါတစ်လေမှာ သွေးစုပ်ထားတဲ့ခြင်က သွေးကို မြိုမချခင် သူ့ရဲ့နှာမောင်းအတွင်းမှာ ဗိုင်းရပ်စ်ပိုးရှိနေတုန်းကိုပဲ နောက်တစ်ဦးကိုထပ်ကိုက်လိုက်ရင် ချက်ချင်းကူးစက်မှုခံရတယ်။ ဒါ့အပြင်ဗိုင်းရပ်စ်ပိုးက အရမ်းများလာတာကြောင့် ခြင်မရဲ့ဥအိမ်ထဲမှာရှိတဲ့ ခြင်ဥအထိ ပြန့်သွားပြီးတော့လည်း ဥကတစ်ဆင့် အကောင်ပေါက်တဲ့ခြင်ကိုက်ခံရတဲ့အခါ ရောဂါကူးစက်နိုင်ပါတယ်။


ဒင်ဂီးအဖျားရောဂါဟာ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း (Respiratory Infection) တွေနဲ့လည်း ဆင်တူပါတယ်။ ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ နှာရည်ယိုခြင်း စတာတွေဖြစ်ပြီးရင် ပြန်ကောင်းသွားတတ်တယ်။ တစ်ခါတစ်လေမှာ နှာခေါင်းသွေးယိုတာ၊ အရေပြားမှာ အစက်တွေထွက်တာ တွေ့ရပေမယ့် ပြင်းထန်မှုတော့မရှိပါဘူး။


သွေးလွန်တုပ်ကွေးအဖျားရောဂါ ပြင်းထန်မှုကို အဆင့်ခွဲခြားသတ်မှတ်ထားပါတယ်။ လတ်တလောဆက်တိုက်အပြင်းဖျားတာကို အဆင့်တစ်လို့ သတ်မှတ်ပါတယ်။ နှစ်ရက်ကနေ ၇ ရက်အထိ ဆက်တိုက်အပြင်းဖျားတတ်ပါတယ်။ အဆင့်နှစ်ကတော့ အဆင့်တစ်လက္ခဏာတွေအပြင် အလိုအလျောက်သွေးယိုစီးတာပါဖြစ်တယ်။ များသောအားဖြင့် အရေပြားမှာ အနီစက်တွေထွက်လာတတ်တယ်။ သွားဖုံး၊ နှာခေါင်းတွေကနေ သွေးယိုစီးတတ်တယ်။ အဆင့်သုံးကတော့ သွေးခုန်နှုန်းမြန်လာတယ်။ လက်ကောက်ဝတ်သွေးကြောကို စမ်းကြည့်လိုက်ရင် သွေးခုန်နှုန်းအားနည်းနေတဲ့အတွက် ခက်ခက်ခဲခဲစမ်းသပ်ရတယ်။ သွေးပေါင်ကျမယ်၊ အပေါ်သွေးနဲ့ အောက်သွေးက သိသိသာသာ မကွာဟတော့ဘူး။ ခြေတွေလက်တွေအေးစက်ပြီး ချွေးစေးတွေပြန်လာမယ်။ ဂဏာမငြိမ်ဖြစ်လာမယ်။ အဆင့်လေးရောက်ရင်တော့ သွေးခုန်နှုန်းကို လုံးဝစမ်းသပ်လို့မရတော့ဘဲ သွေးပေါင်ချိန် သုည အထိကျသွားတတ်တယ်။

   

       လူနာက အစာကော၊ ရေပါ မဝင်ဘဲနဲ့ အန်မယ်။ အန်တဲ့အခါ အဖြူရောင်အရည်တွေထဲမှာ ကော်ဖီရောင်အနှစ်တွေ ပါလာမယ်။ အပြင်းဖျားနေတာကနေ ကျသွားပေမယ့် လှုပ်ရှားမှုနည်းတာ၊ အစားအသောက်ပျက်တာ၊ မှိန်းနေတာ၊ ဂဏာမငြိမ်ဖြစ်တာ၊ ခြေဖျားလက်ဖျားတွေ အေးပြီး ချွေးစေးတွေထွက်တာ၊ ဆီးသွားနည်းတာ၊ သွေးခုန်နှုန်းမြန်တာ၊ သွေးခုန်နှုန်းစမ်းသပ်ရခက်ခဲတာ၊ သွေးပေါင်ချိန်ကြည့်ရင်လည်း အပေါ်သွေးနဲ့ အောက်သွေးကွာတာက ၂၀ မီလီမီတာ မာကျူရီ(ဒါမှမဟုတ်) ပိုပြီးနည်းနေတာ၊ သတိလစ်တာ၊ တတ်တာတွေ ဖြစ်ရင်နီးစပ်ရာ ဆေးရုံဆေးခန်းကို အမြန်ပြသင့်ပါပြီ။


ရေအိုး၊ ခွက်၊ စည်တွေကို ခြင်မဝင်နိုင်အောင်ဖုံးအုပ်ထားရမယ်။ အမြဲရေလှယ်ပြီး အတွင်းပိုင်းကို ဆေးကြောသန့်စင်ရမယ်။ ဘုရားညောင်ရေအိုးတွေ ပန်းအိုးတွေကို ခြင်တွေဝင်ရောက်မပေါက်ဖွားနိုင်အောင် အနည်းဆုံး တစ်ပတ်တစ်ကြိမ် ရေလဲပေးရမယ်။ အလင်းရောင်ရပြီး ခြင်မခိုအောင်းနိုင်အောင် နေ့ခင်းပိုင်းမှာ ပြတင်းပေါက်တွေကို ဖွင့်ထားရမယ်။ ရေအိုး၊ ခွက်၊ စည်ထဲက ပိုးလောက်လန်းတွေကို ရေစစ်နဲ့ စစ်ထုတ်ရမယ်။ မိုးရေတင်ကျန်နိုင်တဲ့ ဘူး၊ ခွက်၊ တာယာဟောင်းတွေကို မြေမြုပ်ပစ်ရမယ်။ ခြင်ခိုအောင်းနိုင်မယ့် နေရာတွေကို ရှင်းလင်းထားရမယ်။ ကြောင်အိမ်အောက်ခံ ခွက်ထဲကို ဆား၊ စက်ဆီဟောင်းတွေကို လောင်းထည့်ထားရမယ်။ ဘယ်အချိန်အိပ်အိပ် ခြင်ထောင်ထောင်အိပ်ရမယ်။ ခြင်ဆေးမှုတ်တဲ့အဖွဲ့ကို အကူအညီတောင်းပြီး အိမ်မှာ မှုတ်သင့်ပါတယ်။ သွေးလွန်တုပ်ကွေးရောဂါဟာ ကပ်ရောဂါအသွင်ဖြစ်နိုင်လို့ ကျန်းမာရေးဝန်ထမ်းများသာမက ပြည်သူတစ်ရပ်လုံးကလည်း ဝိုင်းဝန်းနှိမ်နင်းရေးလုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်ပါတယ်။

Credit : ဒေါက်တာ မြင့်သန်းထွန်း(ပြည်သူ့ကျန်းမာရေး)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18