Print

ခွေးရူးရောဂါ သိကောင်းစရာ

  18-Sep-2019
Preview Image

တချို့က ခွေးရူးလို့ သံသယဖြစ်စရာကောင်းတဲ့ခွေးက ကိုက်တာခံရပေမယ့် ဘာမှမဖြစ်တဲ့လူတွေ ရှိတာကျတော့ရော . . . ဆရာမ

          “ဒါက အကြောင်းအမျိုးမျိုးရှိပါတယ်။ ခွေးရူးလို့ သံသယဖြစ်စရာကောင်းတဲ့ ခွေးဆိုပေမယ့် တကယ်ခွေးရူးရောဂါဖြစ်မဖြစ် စစ်ဆေးထားနိုင်သလား။ တချို့က ခွေးရူးလို့ ထင်ရင် ရိုက်သတ်လိုက်ကြတယ်။ သုတေသနဌာနခွဲကို ပိုပြီး စစ်ဆေးတာမျိုးမရှိဘူး။ အဲဒီတော့ ခွေးရူးရောဂါ ဟုတ်မဟုတ် အသေအချာမသိဘူး။



          “ဟုတ်ကဲ့ ဆရာမ

နောက်တစ်ချက်က ခွေးရူးရဲ့ ပါးစပ်ထဲက သွားရည်ထဲမှာ ဗိုင်းရပ်စ် ဘယ်လောက်များများပါနေသလဲဆိုတာ ပါပဲ။ သွားရည်ထဲမှာ ဗိုင်းရပ်စ်ပဲပါဦးမယ်။ အကိုက်ခံရတဲ့ ဒဏ်ရာက သိပ်မနက်ဘူး။ အကိုက်ခံရတဲ့ဒဏ်ရာကို ရေနဲ့နိုင်နိုင်ဆေးကြောတယ်၊ အရက်ပျံနဲ့ သန့်စင်အောင် လုပ်တယ်ဆိုရင် အများကြီးကောင်းတာပဲပေါ့။


          “နောက်တစ်ချက် ရှိသေးလားဟင်

ရှိသေးတယ်။ အကိုက်ခံရတဲ့နေရာနဲ့ ဒဏ်ရာ အတိမ်အနက်လေ။ ဆရာပြောခဲ့ဖူးသလို ခွေးရူးရောဂါ ဗိုင်းရပ်စ်ဟာ ဦးနှောက်နဲ့ အာရုံကြောအဖွဲ့အစည်းကို အဓိက တိုက်ခိုက်တဲ့ ဗိုင်းရပ်စ်ဆိုတော့ တခြားလူဖြစ်ဖြစ်၊ တိရစ္ဆာန်ဖြစ်ဖြစ် အကိုက်ခံရတာနဲ့ အဲဒီ ဒဏ်ရာထဲရောက်သွားတဲ့ ဗိုင်းရပ်စ်တွေဟာ အာရုံကြောတွေဆီ ရောက်အောင်သွားပြီး အာရုံကြောကတစ်ဆင့် ဦးနှောက်ထဲ ရောက်အောင်သွားတော့တာပဲ


ဟင် . . . ဟုတ်လား

တကယ်လို့ အကိုက်ခံရတဲ့ နေရာဟာ ပေါင်တို့၊ တင်ပါးတို့လို အဆီအသားများတဲ့ နေရာဆိုရင် ဦးနှောက်ဆီရောက်အောင်သွားနေတဲ့ အချိန်ကြာတာပေါ့။ အဲဒီအချိန်အတောအတွင်းမှာ ရောဂါလက္ခဏာ မပြတတ်ဘူး။ ဒါကို တလွဲတွေးပြီး ပြောကြတာ ဖြစ်မှာပါ။ မေ့လောက်တဲ့ အချိန်ကျမှ ရောဂါလက္ခဏာ ပေါ်လာရင် ခွေးရူးပြန်ရောဂါဆိုတာ သိချင်မှလည်း သိတော့မယ်။ တချို့ကကျတော့ Carrier လို့ခေါ်တဲ့ ရောဂါသယ်ဆောင်သူ ဖြစ်သွားတာ။ Carrier ဆိုတာက သူ့ခန္ဓာကိုယ်ထဲမှာ ခွေးရူးရောဂါပိုးဝင်သွားတယ်။ ဒါပေမယ့် ရောဂါလက္ခဏာလုံးဝမပြဘဲ အသက်ရှင်နေနိုင်တယ်။ ခွေးရူးရောဂါ အမြုံပုံစံလို့ခေါ်တယ်။ အဲဒါမျိုးတွေကိုသေချာနားမလည်တဲ့ သူတွေက သူတို့ထင်ရာမြင်ရာ ယူဆချက်တွေကို မှန်တယ်ထင်ပြီး ပြောကြတာပါကွယ်။


          “ကြောင်မှာဖြစ်တဲ့ ခွေးရူးရောဂါအကြောင်း ပြောပြပါဦးနော်

အမေရိကမှာတော့ ခွေးရူးရောဂါပိုး သယ်ထားတဲ့ တိရစ္ဆာန်တွေကတဆင့် ကြောင်တွေကို ကူးတာလေ။ အဲဒီတိရစ္ဆာန်တွေက မြေခွေးတွေ၊ Raccoon တွေနဲ့ လင်းဆွဲတွေပဲ။ ရောဂါပိုးသယ်ဆောင်ထားတဲ့ တိရစ္ဆာန်တွေရဲ့ တံတွေးဂလင်းထဲမှာ ဗိုင်းရပ်စ်တွေရှိတယ်။ အဲဒီတံတွေးနဲ့ ထိမိတဲ့အခါ တခြား တိရစ္ဆာန်တွေကို ကူးစက်တတ်တယ်

          ခွေးရူးရောဂါပိုးသည် ကြောင်၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်သွားသည်နှင့် ကြွက်သားထဲမှ ဆဲလ်များထဲတွင် ပွားများလာမည်။ ထို့နောက်အနီးစပ်ဆုံး နေရာမှာ ရှိသည့် အာရုံကြောများထဲသို့ ပျံ့နှံ့သွားမည်။ အာရုံကြောအားလုံးဖြစ်သည့် Peripheral, Sensory နှင့် Motor nerve များထဲသို့ ရောက်သွားပြီး ဗဟိုနာဗ်ကြောစနစ်ထဲသို့ ဝင်ရောက်သွားလိမ့်မည်။


          “အကိုက်ခံရတာနဲ့ ခွေးရူးရောဂါဖြစ်မှာပေါ့နော်

          “ရောဂါပိုးဝင်သွားတဲ့  အချိန်နဲ့ရောဂါလက္ခဏာပြတဲ့ အချိန်ကြားက ကာလကို ရောဂါပျိုးချိန်လို့ ခေါ်တယ်။ ရောဂါပျိုးချိန်ဟာ တစ်ပတ်၊ ၁၀ ရက်လောက်ကြာတတ်တယ်။ တချို့ကတော့ တစ်လလောက်ကြာတယ်။ ရောဂါလက္ခဏာ ပြပြီဆိုတာနဲ့ ရောဂါပိုးတွေ ပိုများလာပြီး အခြေအနေ ဆိုးလာတော့တာပဲ

          ဤရောဂါပိုးသည် တိရစ္ဆာန်မှ လူကို ကူးစက်တတ်သောရောဂါ ဖြစ်သောကြောင့် ခွေးရူးရောဂါပိုး ဝင်နေသော ကြောင်မှတဆင့် သို့ ကူးစက်နိုင်ပါသည်။

          ကြောင်များတွင် ခွေးရူးရောဂါပိုးဝင်ပါက ပုံစံနှစ်မျိုးတွေ့ရတတ်သည်။ ယင်းတို့မှာ . . .

() ချည့်နဲ့ နေသောပုံစံ

() ရန်လိုတိုက်ခိုက်တတ်သော ပုံစံ တို့ဖြစ်သည်။


          ရောဂါပိုး ဝင်ရောက်ပြီးခါစ ဦးဆုံးလက္ခဏာများတွင် ကြောင်သည် အာရုံကြောစနစ်နှင့် သတ်သက်သော ရောဂါ လက္ခဏာအနည်းငယ်သာ ပြပေလိမ့်မည်။ ထိုအဆင့်သည် တစ်ရက်မှ သုံးရက်အထိ ကြာတတ်သည်။ ကြောင်အများစုတို့သည် ရန်လိုတိုက်ခိုက်သောပုံစံအဖြစ်သို့ ပြောင်းသွားတတ်သည်။ အချို့က အင်အားချည့်နဲ့သော ပုံစံကို ပြသည်။ အချို့က ရန်လိုတိုက်ခိုက်တတ်သောပုံစံနှင့် အင်အားချည့်နဲ့သော ပုံစံနှစ်မျိုးလုံးကို ပြတတ်ကာ အချို့ကြောင်များက အဓိကရောဂါလက္ခဏာများကို လုံးဝ မပြကြပေ။


          ရန်လိုတိုက်ခိုက်တတ်သော ခွေးရူးရောဂါပုံစံတွင် မူလ ပြနေကျ အမူအရာများမှ များစွာ ပြောင်းလဲသွားခြင်း၊ မူလက အလွန်ယဉ်ပါးသော ကြောင်သည် အလွန်အမင်း ရန်လိုလာခြင်း၊ မူလက အကိုင်မခံသောကြောင်သည် ယဉ်ပါးလာပြီး လူအနားသို့ ပွတ်သီးပွတ်သပ် ချဉ်းကပ်လာခြင်းတို့ကို တွေ့ရမည်။


          ချည့်နဲ့သော ခွေးရူးရောဂါပုံစံတွင် အားနည်းခြင်း၊ ကောင်းစွာလမ်းမလျှောက်နိုင်ခြင်းနှင့် ချည့်နဲ့ခြင်းတို့ကို တွေ့ရမည်။

          “ဒီဗိုင်းရပ်စ်က ပျံ့နှံ့တာ သိပ်မြန်တဲ့ ဗိုင်းရပ်စ်ပဲ။ ရောဂါလက္ခဏာပေါ်လာပြီဆိုတာနဲ့ ကုသဖို့နည်းလမ်းမရှိဘူး။ ပြန်ကောင်းဖို့လဲ နည်းလမ်းမရှိဘူး။ တကယ်လို့များ ကိုယ့်ရဲ့ကြောင်ဟာ အခြားတိရစ္ဆာန်တစ်ကောင်ကောင်နဲ့ ကိုက်တယ်။ ကုတ်ကြတယ်။ အကိုက်ခံရတယ်ဆိုရင် ဒါမှမဟုတ် ခွေးရူးလို့သံသယရှိတဲ့ သတ္တဝါက လာကိုက်တယ်ဆိုရင် ကိုယ့်ရဲ့ကြောင်ကို ဆရာဝန်ဆီ အမြန်ဆုံးခေါ်သွားဖို့ လိုတယ်။


အကယ်၍ မိမိ၏ကြောင်ကို ခွေးရူးကာကွယ်ဆေး မထိုးထားမိလျှင် ဖြစ်စေ၊ ထိုးထားလျှင်ဖြစ်စေ၊ ဆရာဝန်ထံ အမြန်ခေါ်သွားပြီး တိုင်ပင်ပြသရန် အရေးကြီးပါသည်။

ဘယ်လိုလက္ခဏာတွေကို သတိထားရမလဲ ဆရာမ ကြောင်ဆိုတော့ အမှတ်တမဲ့ နေဖြစ်ကြတယ်လေ။ ခွေးက တစ်ခုခုဖြစ်တယ်ဆိုရင်တော့ ဘာပဲဖြစ်ဖြစ် ဂရုစိုက်မိကြတယ် မဟုတ်လား

တကယ်တော့ အိမ်မွေးတိရစ္ဆာန် ချစ်သူတွေ မွေးကြတာကို  နှိုင်းယှဉ်ကြည့်ရင် ခွေးကိုတော့ ကောင်ရေ ကန့်သတ်မွေးကြပေမယ့် ကြောင်တွေကိုတော့ သိပ်အကန့်အသတ် မထားကြဘူး။


အိမ်တစ်အိမ်မှာ အနည်းဆုံးကြောင်လေးငါးခြောက်ကောင်ကနေ ကောင်ရေ ၂၀၊ ၃၀ အထိ မွေးတတ်ကြတယ်။ ဒါပေမယ့် ပေါ့ပေါ့ပါးပါးပါပဲ။ စားချင်တဲ့အချိန်လာစား၊ သွားချင်တဲ့အချိန် အပြင်ထွက်သွားလို့ ရအောင် လွတ်လွတ်လပ်လပ် မွေးမြူကြတယ်။ တစ်ခါတစ်လေ တစ်ချို့ကြောင်တွေက လူပျိုလှည့်တဲ့အချိန်မှာ လေးငါးခြောက်ရက်လောက် အိမ်ပြန်မလာဘူး။ ပြန်လာရင်လည်း ကိုက်ထား ကုတ်ထားတဲ့ ဒဏ်ရာတွေ ဗလပွနဲ့။ ကြောင်အချင်းချင်း ကိုက်ကြတာလား။ ခွေးက ကိုက်တာလားဆိုတာ ဘယ်လိုမှ မသိနိုင်ဘူး။


ပြီးတော့ ခွေးတွေက လူတွေကိုကိုက်ရင် ခွေးရူးကာကွယ်ဆေး ထိုးသင့် မထိုးသင့် စဉ်းစားကြသေးတယ်။ ကြောင်ကလူကို ကုတ်တာတို့၊ ကိုက်တာတို့ ဖြစ်လာရင်တော့ ကြောင်ဆိုတာ ကုတ်နေကျလို့ တွေးပြီး ပေါ့ပေါ့ဆဆ နေတတ်ကြတယ်လေ။ ဒါဟာ အင်မတန် ကြီးမားလှတဲ့ အန္တရာယ်ကြီးတစ်ခုပါ။


အောက်ပါလက္ခဏာများမှာ ကြောင်များတွင် သတိထားသင့်သော ရောဂါလက္ခဏာများ ဖြစ်ကြသည်။

-       တွေ့ကရာစားခြင်း၊ စားနေကျမဟုတ်သည်ကို စားခြင်း

-       အဖျားတက်ခြင်း

-       အကြောဆွဲ၍ တက်ခြင်း

-       အင်အားချည့်နဲ့ခြင်း

-       ရေကြောက်ခြင်း

-       အောက်မေးရိုးတွဲလျားကျနေခြင်း

-       အစာမမျိုချနိုင်ခြင်း

-       ကြွက်သားလှုပ်ရှားမှုများ မလုပ်နိုင်ခြင်း

-       မြင်နေကျမဟုတ်သော အမူအရာ - ဥပမာ ရှက်ရွံ့ခြင်း

-       အမူအရာပြောင်းလဲခြင်း - ဥပမာ ရန်လိုတိုက်ခိုက်ခြင်း

-       အလွန်အကျွံစိတ်လှုပ်ရှားခြင်း

-       စိတ်နေစိတ်ထား ပြောင်းလဲခြင်း

-       အမူအရာ လုံးဝပြောင်းလဲသွားခြင်း

-       အောက်မေးရိုးနှင့် အသံအိုး၊ အားအင်ချည့်နဲ့ခြင်း

-       သွားရည် တများများ ထွက်ခြင်း

-       သွားရည်များ စီးကျနေခြင်း

-       ပါးစပ်မှ အမြှုပ်များ ထွက်နေခြင်း

ထိုလက္ခဏာများကိုတွေ့လျှင် လူကိုမကိုက်မိအောင်၊ မကုတ်မိအောင် သတိထားပါ။ တိရစ္ဆာန်ဆေးကုဆရာဝန်ထံ အမြန်ဆုံးပြသ၍ စစ်ဆေးပါ။


Credit : ဒေါက်တာ ခင်စန်းမော်

          



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18