ခန္ဓာကိုယ်၏ ရောဂါအန္တရာယ်မီးနီ သတိပေးချက် လက္ခဏာများ
24-Dec-2019အဖျားရောဂါ
ကိုယ်ခန္ဓာ၏ သာမန် အပူချိန်သည် ၉၈.၆ မှ သည် ၉၉.၄ ဒီဂရီဖာရင်ဟိုက်အထိ
ရှိပြီး၊ ထိုထက်ပိုလာပါက ဖျားသည်ဟု ဆိုသည်။ ပုံမှန်အားဖြင့် ကိုယ်ခန္ဓာ၏ အပူချိန်သည်
နေ့တစ်နေ့၏ ညနေပိုင်းတွင် တက်တတ်သော်လည်း ၉၉.၄ ဒီဂရီဖာရင်ဟိုက်ထက်
မပိုပါ။ ထိုအပူရှိန်သည် ညနေပိုင်းမှ ညအိပ်နားနေချိန်တွင် ပြန်၍ ကျသွားသည်။ ခန္ဓာကိုယ်၏
လှုပ်ရှားမှု ရပ်နားသွားခြင်းကြောင့် ဖြစ်သည်။
ကိုယ်အပူရှိန်ကို တိုင်းထွာသည့်အခါ
အပူရှိန်တိုင်းကိရိယာ (Thermometer) ကို အသုံးပြုသည်။ ပါးစပ်လျှာအောက်တွင်
ထည့်သွင်းတိုင်းထွာရသော ကိရိယာကို ခံတွင်းသာမိုမီတာ (Oral Thermometer) ဟုခေါ်၍ တိကျသော အမှတ်အသားတစ်ခုကို ၁၀၀.၄ ဒီဂရီဖာရင်ဟိုက်နေရာတွင်
သတ်မှတ်ထားသည်။ အပူရှိန်တိုင်းသောအခါ ထိုအမှတ်ထက် ကျော်လွန်နေပါက သင်သည် ဖျားနေပြီဟု
သတ်မှတ်နိုင်၍ ဖျားခြင်းအကြောင်းကို ရှာဖွေရန် လိုအပ်နေပြီဖြစ်သည်။
အပူချိန်တက်ခြင်းသည် ရောဂါလက္ခဏတစ်ခုသာဖြစ်၍ ကိုယ်ခန္ဓာအနေဖြင့် ပြင်ပပိုးမွှားများ၊
ကိုယ်တွင်းပိုးမွှားများနှင့် မလိုလားအပ်သော ဓာတ်သဘာဝပစ္စည်းများနှင့် ကင်ဆာ၊ အဆိပ်အတောက်များကို
တွန်းလှန်တိုက်ခိုက် ဖယ်ရှားနေကြောင်းကို ပြသနေခြင်းဖြစ်သည်။
ကိုယ်အပူချိန် ၁၀၃.၅ ဒီဂရီဖာရင်ဟိုက်ကျော်နေပါက ဆိုးရွားသော၊ ပြင်းထန်သော ပိုးမွှားဝင်ရောက်ခြင်း
(Infection) တစ်ခုခု ဖြစ်နိုင်၍ စောစီးလျှင်မြန်စွာ အကြောင်းရှာကုသရန်
လိုအပ်ပါသည်။
ကိုယ်အပူချိန် တိုင်းရာတွင် ခံတွင်းအပူသည် အလွန်မှန် (Accurate) ဖြစ်သည်။ သို့ရာတွင်
အကြောင်းတစ်ခုခုကြောင့် အပူချိန်တိုင်းကိရိယာကို လျှာအောက်တွင် မထားနိုင်ပါက လက်မောင်းချိုင်းအောက်၊
နား (Ear) အတွင်း၊ နဖူး(Forehead) နှင့်
စအိုတွင်းထည့်သွင်း၍ တိုင်းထွာနိုင်သည်။ စအိုတွင်း ထည့်သွင်းပါက အမှန်ကန်ဆုံး
(The Most Accurate) ကိုရမည်။
တချို့သော
Thermometer များသည် (Fahrenheit) ဒီဂရီနှင့် မပြဘဲ
ဆယ်(လ်)စီယပ်(စ်)
(Celsius) ဒီဂရီနှင့် ပြသည်။ ထိုအမှတ်အသား နှစ်ခုကို ပြောင်းလဲတွက်ချက်နိုင်သည်။
တွက်ချက်ပုံမှာ -
F ဒီဂရီကို ၃၂ နုတ်၍ ၁.၈ ဖြင့် စားလိုက်လျှင်
C ဒီဂရီကို ရမည်။ ထိုနည်းတူစွာ C ဒီဂရီကို ၁.၈ နှင့်မြှောက်ပြီး ၃၂ ပေါင်းလိုက်လျှင် F ဒီဂရီရမည်။
ကိုယ်ပူဖျားခြင်းနှင့် အတူ ညတွင် ချွေးများလွန်စွာထွက်ပါက တီဘီရောဂါ သို့မဟုတ်
ကိုယ်ခံစွမ်းအား ကျဆင်းသောရောဂါ
(AIDS) နှင့် စပ်ဆိုင်သောရောဂါဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် ယခုကဲ့သို့
လက္ခဏာမျိုးကို သားငန်ကျိတ်ကင်ဆာ (Lymphomas) နှင့် သွေးဖြူဥကင်ဆာ
(Leukemia) တို့တွင်လည်း တွေ့ရှိနိုင်သည်။ ထို့အပြင် ညအချိန် ချွေးပြန်ခြင်းများကို
တခြားသော ရောဂါများတွင်လည်း တွေ့နိုင်သည်။
ညအချိန် ချွေးထွက်ခြင်းသည်
တီဘီ(TB) ရောဂါ၏ ထင်ရှားသော လက္ခဏာဖြစ်သည်။ ယင်းနှင့်အတူ ချောင်းဆိုးခြင်း၊
ကိုယ်အလေးချိန်ကျခြင်း၊ တစ်ခါတစ်ရံ သွေးသလိပ်များ ထုတ်ရတတ်ခြင်းကို ဖြစ်စေသည်။ တီဘီ
(TB) ရောဂါသည်လည်း ကိုယ်ခံအားကျဆင်းနေသော AIDS လူနာများ၊ တီဘီရောဂါသည်များနှင့် ထိတွေ့မှုကြောင့် ဖြစ်နိုင်သည်။
ညအချိန်ချွေးထွက်ခြင်းသည်
လူတို့၏ ကိုယ်ခံအား ကျဆင်းစေသော ဗိုင်းရပ်(စ်) (HIV) ပိုး ဝင်ရောက်ခြင်း၏ ရှေ့ပြေးလက္ခဏာလည်း
ဖြစ်နိုင်သည်။ တစ်ခါတစ်ရံတွင် သားငန်ကျိတ်ကင်ဆာ (Lymphoma) တွင်လည်းကောင်း၊
မီးယပ်သွေးဆုံးသည့်အခါတွင်လည်းကောင်း၊ ဆေးဝါးများ၏ ဘေးထွက်ဆိုးကျိုးကြောင့်လည်းကောင်း၊
သွေးတွင်းသကြား လွန်ကဲစွာလျော့ကျခြင်း (Low Blood Sugar) ကြောင့်လည်းကောင်း၊
ဟော်မုန်းဓာတ်များ မမျှတမှုကြောင့်လည်းကောင်း၊ အာရုံကြောစနစ်ချို့ယွင်းမှုကြောင့်လည်းကောင်း
ဖြစ်နိုင်သေးသည်။ အရေးကြီး မီးနီပြ လက္ခဏာများဖြစ်၍ အမြန်ဆုံးဆေးရုံ၊ ဆေးခန်းများသို့
သွားရောက်ပြသသင့်သည်။
ကလေးများ အဖျားတက်ခြင်း
ကလေးများတွင် ကိုယ်ပူ အဖျားတက်ခြင်းများသည်
များသောအားဖြင့် စိုးရိမ်ဖွယ်မရှိပါ။ သို့ရာတွင် တစ်ခါတစ်ရံဖျားခြင်းနှင့်အတူ ကလေးမှာ
ငြိမ်သက်မှုမရှိဘဲ ယောက်ယက်ခတ်နေခြင်း၊ ရေသောက်ရန် ငြင်းဆန်ခြင်း၊ လွန်စွာမှိန်းနေတတ်ခြင်းတွေ
တွေ့ရှိပါက ဦးနှောက်ကို ထိခိုက်စေသော အခြေအနေ ဥပမာ ဦးနှောက်အမြှေးရောင်ခြင်း
(Meningitis) ဖြစ်နိုင်သည်။
ကလေးငယ်များကို ကိုယ်အပူချိန်တိုင်းပါက
ဆရာဝန်တော်တော်များများက စအို၏အပူချိန် (Rectal Temperature) သည် အမှန်ဆုံးဖြစ်သည်ဟု လက်ခံကြသည်။ အထူးသဖြင့် အသက် (၂) နှစ်အောက် ကလေးငယ်များတွင် ဖြစ်သည်။
မိဘများအနေဖြင့် မိမိကလေးများ၏
အပူချိန်ကို မှန်မှန်ကန်ကန်ရဖို့ လွန်စွာအရေးကြီးသည်။ ကလေးကိုယ်အပူချိန် တက်နေသည်ကို
မသိလိုက်ပါက အသက်ဆုံးရှုံးသည်အထိ ဖြစ်နိုင်၍ ဖြစ်သည်။
ထိုကလေးငယ်များတွင် ဦးခေါင်းခွံ
မမာသေးပါက ငယ်ထိပ်ကလေးဖောင်းလာခြင်းကို သတိပြုရမည်ဖြစ်ပြီး အရေးကြီးသည့် ဦးနှောက်မြှေးရောင်ရောဂါ
ဖြစ်နိုင်၍ အမြန်ဆုံး တတ်ကျွမ်းသူ ပုဂ္ဂိုလ်များရှိရာ ဆေးရုံ၊ ဆေးခန်းများသို့ သွားရောက်ပြသရမည်။
အမြန်ဆုံး ကုသမှုရရှိရန် အရေးကြီးလှသည်။
Credit : ခွန်စိုင်းဆေး