Print

တစ်ဖက်သတ်အချစ်

  30-Oct-2016
Preview Image

 

အချစ်တွင် သူ့စံနှင့်သူ ရှိသည်ဆိုသော်လည်း မိဘနှင့် သားသမီး၊ ညီအစ်ကို၊ မောင်နှင့်နှမ၊ မိတ်ဆွေသူငယ်ချင်းချင်း တစ်ဦးအပေါ်တစ်ဦး ထားတတ်ကြသည့် အချစ်က ပထဝီနယ်နိမိတ် ခြားနား သော်လည်း “စံ” ချင်း သိပ်မကွာ။ ဆန့်ကျင်ဘက်လိင်အချစ်နှင့် လိင်တူအချစ်တို့တွင် ခြားနားတတ် ပါသည်။ ဥပမာ-အနောက်တိုင်းက လိင်တူအချစ်ကို လက်ခံချင် လက်ခံမည်။ အရှေ့တိုင်းက လက် မခံချင်ပါ။ သို့ရာတွင် နှစ်ဦးသဘောတူလျှင် ပြောရခက်သည်။ နှစ်ဦးသဘောတူ မဟုတ်လျှင်မူ ရှင်းသည်။ လက်မခံ။ လူသည် လူ့အသိုင်းအဝိုင်းကို ဂရုမစိုက်၍ မရပါ။ လူသည် မိမိနေထိုင်ရာ လူ့ပတ်ဝန်းကျင်နှင့် ကင်းကွာမနေစကောင်းပါ။ ကျွန်တော့်လူနာ မ အကြောင်း ကြည့်ကြရ အောင်ပါ။ လူနာ၏ အမေ့သူငယ်ချင်းက သူတူမကို လုံးဝ မသိ၊ လုံးဝမကြိုက်ကြောင်း ခိုင်ခိုင်မာမာ ပြော၏။ လူနာ မ-- ကမူ ထိုအမျိုးသားက သူ့ကို တကယ်ချစ်နေသည်ဟု လုံးဝယုံကြည်နေ၏။ (အမေသည် သူ့သမီး မဖြစ်သင့်တာ မလုပ်သင့်တာ လုပ်နေသည်ဟု ရှက်ရှက်နှင့် ပြော၏) မ---၏ အဖြစ်ကို အမေအပါအဝင် သူ့အသိုင်းအဝိုင်းက လက်မခံသည်ကို တွေ့ရ၏။ မ--- ၏ အချစ်သည် “ စံ” လွဲနေပြီ။ တစ်ဖက်သတ်အချစ် ဖြစ်နေသည့်အပြင် ‘ ထိုအမျိုးသားက သူ့ကိုချစ်နေ ပါသည် ‘ ဟု မှားမှားယွင်းယွင်း ယုံကြည်နေခြင်းဖြစ်၏။ မ--- ၏ ကိစ္စသည် မှားယွင်းသောယုံကြည်မှုကို အခြေခံ၍ နောက်ဆက်တွဲ ပြဿနာများ ဆက်လိုက်လာခြင်းဖြစ်၏။ စာပေးခြင်း၊ လက်ဆောင်ပို့ခြင်း၊ ဖုန်းဆက်ခြင်း၊ လူလုံးပြခြင်း၊ စသည့် အပြုအမူများအပြင် တစ်ဖက်သတ်အချစ်ခံရသူက အခြားတစ်ယောက်ကို ယူတော့မည်ဟု သိရသော အခါ စိုးရိမ်ခြင်း၊ စိတ်ညစ်ခြင်း၊ တစ်ခါတစ်ရံ ဒေါသနှင့် တုံ့ပြန်တတ်ခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်လာတော့၏။

 

ဤသို့သော အခြေအနေကို ပညာရှင်များက အီရိုတိုမင်းနီးယား (Erotomania) ဟုခေါ်ကြ၏။ စိတ်ရောဂါတစ်မျိုးဟု သတ်မှတ်ထား၏။ ဤရောဂါသည် ရှားရှားပါးပါးရောဂါဟု ဆိုနိုင်သော်လည်း ရှိတော့ ရှိနေပါသည်။ ဤရောဂါဖြစ်တတ်သူများမှာ ဘွဲ့ရပညာတတ် အလုပ်အကိုင် အတည်အကျ ရှိသော အမျိုးသမီးငယ်များ ဖြစ်ကြ၏။ သူတို့သည် အပေါင်းအသင်း များများစားစားမရှိဘဲ မပွင့်လင်း သူ၊ အုံ့ပုန်းများ ဖြစ်ကြ၏။ အမျိုးသားများတွင် ဤရောဂါ အလွန်တွေ့ရခဲ၏။ သူတို့ချစ်နေသော၊ သူတို့ကို ပြန်ချစ်နေသည်ဟု မှားမှားယွင်းယွင်း ယုံကြည်ခြင်းခံနေရသော အမျိုးသားများသည် သူတို့ထက် အသက်ကြီးသူ၊ ရာထူးကြီးသူ၊ နာမည်ကြီးသူများ ဖြစ်နေတတ်ကြ၏။ လုံးဝ သိကျွမ်းခြင်းမရှိဘဲ ယုတ်စွအဆုံး တေ့တေ့ဆိုင်ဆိုင် မြင်ပင်မမြင်ဖူးပဲ ဖြတ်သွားဖြတ်လာ ခဏတစ်ဖြုတ် တွေ့လိုက်ရုံမျှဖြင့် သူ့စိတ်ထဲတွင် ချက်ချင်းဆိုသလို “ သူ့ကို ထိုသူက ချစ်လိုက်ပြီ” ဟု မဟုတ် မတရား ခံစားယုံကြည်လိုက်ခြင်းသာ ဖြစ်၏။ ဤအဆင့်တွင်ရပ်နေလျှင် မည်သူမျှ သိမည် မဟုတ်ပါ။ သို့ရာတွင် သူ့စိတ်တွင် ထိုယုံကြည်မှု အမှားက စွဲစွဲမြဲမြဲ အမြစ်တွဲသွားသဖြင့် ထိုလူနှင့်နီးစပ်အောင် နည်းမျိုးစုံဖြင့် ကြိုးစားတော့၏။ တစ်ဆင့် ပြီးတစ်ဆင့် တက်လေတော့၏။ ထိုအခါ တစ်ဖက်သားခမျာ အခြောက်တိုက် အရှက်တကွဲ အကျိုးနည်း ဖြစ်ရလေတော့၏။ ရှင်းလေ ရှုပ်လေ ဖြစ်ချေတော့၏။အကယ်၍ လူနာသည် ယောကျ်ားဖြစ်ခဲ့သော် သူတစ်ဖက်သတ်ချစ်နေသော သူ့ကိုလည်း ပြန်ချစ်နေသည်ဟု ယုံကြည်ခြင်းခံရသောထိုမိန်းကလေးသည် စိတ်ညစ်ရတော့၏။ ထိုမိန်းကလေး၏ တကယ်ချစ်သူအစစ်၊ ယောကျ်ားအစစ်သည်လည်း လူနာ၏ ရန်လိုမှု ခြိမ်းခြောက်တိုက်ခိုက်မှု တစ်ခုခု ခံရတတ်၏။ ကံဆိုးသည့် အဖြစ်ပါပေ။နောက်တစ်ယောက် ချစ်ပြန်ပြီး ဤရောဂါဝေဒနာသည်များသည် လိုအပ်သည့်ကုထုံးများဖြင့် စနစ်တကျကုပေးလျှင် သက်သာပျောက်ကင်းသွားနိုင်ပါသည်။ သို့ရာတွင်နောက်တစ်ခါဖြစ်လျှင် နောက်တစ်ယောက်ကို ပြောင်းချစ်နေပြန်၏။ မည်သို့ဆိုစေပြဿနာအဆင့်ဆင့်သည် ယခင်ကနှယ် တစ်သဘောတည်းဖြစ်ပါသည်။စောစောကုသလျှင် ကောင်းပါသည်။ လိုအပ်သည့် ကုသမှုကို စဉ်ဆက်မပြတ် ထိန်းသိမ်းကုသပေးလျှင်ပိုကောင်းပါသည်။ဤရောဂါဖြစ်နေသူကို ပြစ်တင်ကြိမ်းမောင်းရှုတ်ချနေမည့်အစား ရောဂါ၏ သဘောသဘာဝကို နားလည်ပြီး အမြန်ဆုံးကုသ စောင့်ရှောက်ပေးမည်ဆိုလျှင် လူနာအတွက်ရော ပတ်ဝန်းကျင်အတွက်ပါ အကျိုးများနိုင်ပါကြောင်းရေးသားလိုက်ရပါသည်။

 

Healthcare.com.mm

 

Ref:

ဒေါက်တာဟန်စိန်

စိတ်သန့်ရှင်းရေးနှင့် စိတ်ကျန်းမာရေး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18