Print

ကိုယ်အောက်ပိုင်းသေခြင်း

  06-Sep-2019
Preview Image

ကိုယ်အောက်ပိုင်းသေစေသော အကြောင်းများ (Causes Of Paraplegia)

(က) ဖြစ်တတ်သောအကြောင်းများ

(၁) ဒဏ်ရာရမှု၊ မော်တော်ကား၊ ကားတိုက်မှု၊ မှောက်မှု၊ အမြင့်မှကျမှု၊ စက်ရုံအလုပ်ရုံတွင် မတော်တဆထိခိုက်မှု၊ မနိုင်ဝန်ထမ်းရာမှ အလေးချိန်ပိမှု။

(၂) အခြားအင်္ဂါများမှ အာရုံကြောမကြီးသို့ ကင်ဆာကူးမှု။ ဥပမာ - အဆုတ်၊ အရိုး၊ ပရောစတိတ်အကျိတ်၊ ရင်သား၊ ကျောက်ကပ်စသည်။

(၃) ရောဂါပိုးကူးစက်ခံရခြင်း။ ဥပမာ - တီဘီ၊ ဆစ်ဖလစ်၊ HIV/ AIDS၊ ပိုလီယိုအကြောသေရောဂါ။

(၄) အနောက်နိုင်ငံများတွင် နေရာပြန့်ကျဲအာရုံကြောမျှင် ပျက်စီးရောဂါ (Multiple Sclerosis)

(ခ) အခြားဖြစ်နိုင်သောအကြောင်းများ

(၁) ဗိုက်တာမင်စီ ချို့တဲ့မှု
(၂) ကျောအာရုံကြောမကြီး သွေးလွှတ်ကြောပိတ်မှု
(၃) ကျောရိုးအတွင်း ပြည်တည်နာဖြစ်ခြင်း
(၄) ကားမောင်းသူများတွင် လေခိုမှု (Bends)
(၅) ကျောအာရုံကြောမ ဗဟိုပြွန်ကျယ်မှု (Syringomyelia)
(6) ကျောအာရုံကြောမဖုံးမြှေးအိတ်ဖြစ်မှု၊ ကျွံမှု (Meningocele)
(၇) ကျောရိုးဆစ်ကြားချပ်ဝိုင်းကျွံမှု (Prolapsed Intervertebral Disc)
(၈) မွေးရာပါသွေးကြောနှင့် အိတ်ရောဂါများ (Congenital Vessesls Cysts)
(၉) လှုပ်ရှားအာရုံကြော ကလပ်စည်းရောဂါ (Motor Neurone Disease)
(၁၀) ကျောရိုးရောဂါများ ဥပမာ Spondylosis

ကိုယ်အောက်ပိုင်းသေသူအားပြုစုမှု


(က) ဖြစ်ပြီးစကုသမှု

(၁) အဓိကဖြစ်စေသောအကြောင်းရင်း (Aetiology) ကို မသိသေးမီပင် လူနာကို အသက်ရှင်အောင်၊ ပိုမဆိုးအောင် စိတ်ဒုန်းဒုန်းချ ကုသရန် ဆုံးဖြတ်ရမည်။
(၂) လူနာအား အခြားရောဂါများ မဝင်အောင်ကာကွယ်ရမည်။
(၃) အသက်ရှူခြင်း၊ အာဟာရပေးခြင်း၊ ဆီးမစင်စွန့်ခြင်းတို့ ဖြစ်အောင်လုပ်ပေးရပါမည်။
(၄) အရေပြားမှာ “အိပ်ရာနာ” (Bed Sore) မဖြစ်အောင် လူန့ာကိုယ်ကို မကြာခဏ လှည့်ပေးသန့်ရှင်းပေးရမည်။
(၅) သေနေသော (သို့) မလှုပ်နိုင်သော ခြေတံကို ကာယကုသမှုဖြင့် လှုပ်ရှားပေးရမည်။
(၆) မသေသော ကြွက်သားများကိုလည်း ပုံမှန်လှုပ်စေရမည်။
(၇) ဆီးပြွန်တပ်ပေးရမည်။
(၈) ဝမ်းသွားရန် ဝမ်းနှုတ်ဆေး၊ ဝမ်းချူ ဆေးပေးရမည်။ ဝမ်းခံအိုး (ဝါ) မစင်အိုးပေးရမည်။
(၉) ရောဂါအကြောင်းသိရန် စုံစမ်းမှုများဆက်လုပ်နေရမည်။

(ခ) နာတာရှည် ကိုယ်အောက်ပိုင်းသေပြုစုမှု

(၁) လူနာနှင့် လူနာ၏ ဆွေမျိုးရင်းခြာတို့အား ရောဂါအကြောင်း ရှင်းလင်းပြောပြရမည်။
(၂) မတ်တပ်မရပ်၊ လမ်းမလျှောက်နိုင်သဖြင့် လူနာလှည်း (Wheel Chair) သုံးရန်သင်ပြရမည်။
(၃) ခြေတံကြွက်သားများ တင်းနေသည်ကို လျော့ရန် ဆေးပေးရမည်။
(၄) အရေပြားသန့်ရှင်းရေး၊ ရောဂါမရရေး ဂရုစိုက်။
(၅) ဆီးသွားရန်ပြွန်တပ် (Catheterize) ပေးရမည်။
(6) မစင်စွန့်ရန် ဝမ်းနှုတ်ဆေး၊ ဝမ်းချူဆေး၊ သေးအိုး၊ မစင်အိုးပေးရမည်။
(၇) ချိုင်းထောက်နှင့် လျှောက်နိုင်က ချိုင်းထောက်ပေးရမည်။
(၈) လိင်ဆက်ဆံမှုနှင့် ပတ်သက်၍ ပညာပေးရမည်။
(၉) အလုပ်အကိုင်၊ နေရာထိုင်ရေး တိုင်ပင်ရမည်။
(၁၀) အခြား လူမှုရေး၊ ပေါင်းသင်းဆက်ဆံရေး ကိစ္စများကိုလည်း ကူညီပံ့ပိုးရမည်။

ကိုယ်အောက်ပိုင်းသေလက္ခဏာများ


(Signs of Spinal Cord Lesions For Paraplegia)

(က) ကျောအာရုံကြောမ လုံးဝပြတ်သွားခြင်း

(၁) ကျောအာရုံကြောမ ပြတ်တောက်မှုသည် လည်ပင်းဆစ်ပိုင်း ၄ နှင့် ၄ အထက်ဆိုလျှင် အသက်မရှင်။ အသက်ရှူပိုင်းခြား ကြွက်သားကြား (Diaphragm) ကိုပေးသော ယင်းအာရုံကြော (Phrenic Nerve) ကို ထိခိုက်၍ ချက်ချင်းသေ၏။ လည်ပင်း ဆစ်ပိုင်း ၅ နှင့်အောက် ထိလျှင်သာ အသက်ရှင်သည်။ သို့သော် ခြေလက် ၄ ခုလုံး လှုပ်မရ။ ခံစားမရ။ ဆီးအိမ်၊ မစင်အိမ် ထိန်းမရ။ ပက်လက် (သို့) မှောက်လျှက် အသက်ရှင်ရုံသာ။

(၂) လည်ပင်းဆစ်ပိုင်း ၅ နှင့်အောက် ထိခိုက်လျှင် ခြေလက် ၄ ခုလုံးလှုပ်မရ။ ခံစားမှုမရှိ။ ဆီး၊ မစင်မထိန်းနိုင်။ စကားပြောလျှင် နားလည်၏။ မျက်စိဖွင့်နိုင်၏။ သူငယ်အိမ်အလင်းရောင်ကို တုံ့ပြန်၏။

(ခ) ကျောအာရုံကြောမ တစ်ခြမ်းပြတ်ခြင်း

(Brown Sequard Syndrome)
ဥပမာ = ညာဘက်ခြမ်းပြတ်လျှင်၊ ပျက်စီးလျှင်

(၁) ညာဘက်ကြွက်သားများသေသည်။ လှုပ်မရ။ (UMNL ဖြစ်သည်။)
(၂) ညာဘက်ခြေထောက်မှ ထိခြင်းလျော့။ နေရာမပြောနိုင်၊ ဖိသည်ကိုမသိ။
(၃) ဘယ်ဘက်ခြေတံကနာကျင်ခြင်း၊ ထိခြင်းနှင့် အပူအအေးကိုမသိ။
(၄) ဆီးအိမ်၊ မစင်အိမ်ပုံမှန်
(၅) ကျောအာရုံကြောမ ထိခိုက်သောနေရာတွင် အရေပြားမှာ ချွေးမထွက်။
(၆) ဘက်ဘက်ခြေတံကြွက်သားအချို့ အားနည်းသည်။

Credit : ဒေါက်တာမောင်မောင်ညို


သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18