Print

Hypotension သွေးပေါင်ကျခြင်း၏ လက္ခဏာများ

  07-Sep-2019
Preview Image

သွေးပေါင်ကျခြင်းဆိုတာဟာ ပုံမှန်ထက် သွေးဖိအား လျော့နည်းနေခြင်း ဖြစ်ပါတယ်။ သွေးပေါင်ကျတယ်လို့ ပြောနိုင်ဖို့ရာအတွက် သတ်မှတ်ချက်က လူတစ်ယောက်နဲ့ တစ်ယောက်မတူပါဘူး။ ယေဘုယျအားဖြင့်အပေါ် သွေးဖိအား 90mm/Hg အောက်မှာရှိရင် သွေးပေါင်ကျတယ်လို့ စဉ်းစားနိုင်ပါတယ်။

• သာမန်ထက် သွေးပေါင်အနည်းငယ်နိမ့်တာက ပြဿနာမရှိပါဘူး။ ဒါပေမဲ့ သွေးပေါင်အလွန်အမင်း လျော့ကျနေရင် အားနည်းတာ၊မူးဝေတာနဲ့ တခြားကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

• သွေးပေါင်ကျတာကို ခံစားနေရတဲ့သူမှာ တွေ့ရှိနိုင်တဲ့ လက္ခဏာတွေရှိပါတယ်။ သွေးတိုးတာနဲ့ မတူတဲ့ အချက်က သွေးတိုးတဲ့အခါ တွေ့ရတဲ့လက္ခဏာတွေက တိတိကျကျ သိနိုင်ဖို့ ခဲယဉ်းပြီး ဘာလက္ခဏာမှ မပြတာမျိုးလည်း ရှိပါတယ်။ သွေးပေါင်ကျတဲ့အခါမှာတော့ လက္ခဏာတွေကို လွယ်လွယ်ကူကူ သိရှိ နိုင်ပါတယ်။

အထွေထွေလက္ခဏာများ

• သွေးပေါင်ကျနေတဲ့ လူတစ်ယောက်ဟာ ဦးခေါင်းချာချာလည်နေသလို စတင်ခံစားရပြီး မူးဝေနေပါလိမ့်မယ်။
• သွေးပေါင်ကျနေရင် ရုတ်တရက်မူးမေ့မလိုလည်း ဖြစ်နိုင်ပါတယ်။ ဦးနှောက်ဆီကို သွေးစီးဆင်းမှု ရုတ်တရက် လျော့နည်းသွားတဲ့အတွက် ဖြစ်တာပါ။
• သွေးပေါင်ကျနေတဲ့လူနာတွေဟာ စိတ်ပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲမှုတွေ ဖြစ်နိုင်ပါတယ်။ အာရုံစူးစိုက်နိုင်စွမ်းမရှိတာ၊ စိတ်ရှုပ်တာနဲ့ စိုးရိမ်ပူပန်တာတွေ ဖြစ်တတ်ပါတယ်။
• သွေးပေါင်ကျနေစဉ်အတွင်း အသက်ရှူတာမြန်ပြီး တိမ်နေတတ်ပါတယ်။

မတ်တတ်ရပ်စဉ် သွေးပေါင်ကျခြင်း၏ လက္ခဏာများ

• မတ်တတ်ရပ်စဉ်မှာ သွေးပေါင်ကျခြင်း (Orthostatic Hypotension) ဟာ အဖြစ်များပါတယ်။ လက္ခဏာတွေကတော့ အချိန်ကြာကြာထိုင်ပြီး ဒါမှမဟုတ် လဲလျောင်းနေပြီးနောက် မတ်တတ်ရပ်လိုက်တဲ့အခါ စက္ကန့်အနည်းငယ်အတွင်း မတ်တတ်
မရပ်နိုင်တော့ဘဲ မူးမေ့မလို ဖြစ်သွားတတ်တာပါ။

• Orthostatic Hypotension ရဲ့ တခြားလက္ခဏာတွေကတော့ မူးဝေတာ ဒါမှမဟုတ် ရီတီတီဖြစ်တာပါ။ စဖြစ်ဖြစ်ချင်းမှာ ခေါင်းကလည်နေသလို ခံစားရပြီး မူးနောက်နောက်နဲ့ မကြည်မလင် ခံစားနေရတတ်ပါတယ်။

• Orthostatic Hypotension ဟာ အမြင်အာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မတ်တတ်ရပ်လိုက်တဲ့အခါ သွေးကျတာကို ခံစားရသူတွေမှာ အမြင်အာရုံမကြည်လင်ဘဲ မှုန်ဝါးဝါးဖြစ်နေပြီး မျက်စိရှေ့မှာ တစ်ခုခုကာထားသလို ခံစားရနိုင်ပါတယ်။

• သွေးပေါင်ကျတဲ့ လူနာဟာ ပြင်းပြင်းထန်ထန် စိတ်ရှုပ်ထွေးနေနိုင်ပြီး မစဉ်းစားနိုင်ဘဲ ဖြစ်နေတတ်ပါတယ်။ သွေးတွေကို ဦးနှောက်ဆီကို မှန်မှန်နဲ့ ထိထိရောက်ရောက် မပို့နိုင်တဲ့အတွက် ဦးနှောက်ရဲ့ လုပ်ဆောင်မှု မမှန်ကန်တော့ဘဲ စိတ်ရှုပ်ထွေးစေတာဖြစ်ပါတယ်။

• မတ်တတ်ရပ်စဉ် သွေးပေါင်ကျတဲ့အခါ အများဆုံးခံစားရတတ်တဲ့ လက္ခဏာတစ်ခုကတော့
အားနည်းသွားသလို ခံစားရတာပါ။ လူနာဟာ မတ်တတ်ရပ် ဖို့တောင် အားမရှိတော့သလို ခံစားရတတ်ပါတယ်။

• ပြင်းထန်သော သွေးပေါင်ကျခြင်း၏လက္ခဏာများ ပြင်းပြင်းထန်ထန်း သွေးပေါင်ကျတဲ့ လက္ခဏာတွေက ရှော့ခ်ရတဲ့ ပြင်းထန်မှုပေါ်မူတည်ပြီး ကွာခြားနိုင်ပါတယ်။

• သွေးပမာဏာလျော့နည်းခြင်း ဒါမှမဟုတ် နှလုံးမှာ သွေးညှစ်ထုတ်နိုင်စွမ်း လျော့နည်းသွားခြင်းကြောင့် ရှော့ခ်ရရင် အရေပြားဟာ အေးပြီး ချွေးစေးပြန်နေနိုင်ပါတယ်။

• ရှော့ခ်ရတဲ့အခါ ဦးနှောက်အပါအဝင် ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ အင်္ဂါအစိတ်အပိုင်းတွေကို သွေးရောက်ရှိမှု လျော့နည်းသွားပါတယ်။ ဒီအခါ အိပ်ငိုက်ခြင်း၊ ရီတီတီဖြစ်ခြင်းနဲ့ စိတ်ရှုပ်ထွေးခြင်းတွေကို ခံစားရတတ်ပါတယ်။

• ရှော့ခ်ရတဲ့အခါ အရေပြားဟာ ဖျော့တော့ပြီး အပြာရောင်သန်းနေနိုင်ပါတယ်။

• ရှော့ခ်ရခြင်းကြောင့် သွေးပေါင်ကျရင် သွေးခုန်နှုန်းအားနည်းနေပါမယ်။ ဒါမှမဟုတ် မြန်နေပါမယ်။ နှလုံးက သွေးညှစ်ထုတ်မှု လျော့နည်းသွားခြင်းကြောင့် ရှော့ခ်ရတဲ့ လူနာတွေမှာတော့ သွေးခုန်နှုန်းက နှေးနေနိုင်ပါတယ်။ တခြားသူတွေမှာတော့
နှလုံးခုန်နှုန်းမြန်ပြီး သွေးခုန်နှုန်း မြန်နေပါမယ်။

• ရှော့ခ်ရတဲ့လူနာဟာ အသက်ရှူမြန်လာပါမယ်။ ခက်ခက်ခဲခဲမောမောပန်းပန်း အသက်ရှူရပါမယ်။

Credit : Good Health

သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18