Print

သွားအစွန်းအထင်းများ ( TOOTH STAINS)

  13-Sep-2019
Preview Image

ပုလဲသွယ်နှင့်မခြား တင့်တယ်လိုသူများအဖို့ ထွက်ပေါက်ရှာရေးဖြစ်သည်။ ပုလဲသွယ်ဟု မြန်မာတို့ တင်စားခေါ်ဆိုကြသော သွားများကို မူလအရောင်ပျက်စေသောအကြောင်း များစွာရှိ၏။ ယင်းတို့မှာ ကော်ဖီ၊ လက်ဖက်ရည်၊ ကိုကာကိုလာဖျော်ရည်၊ ဆေးလိပ်မီးခိုး၊ အက်စစ်ပါသောဖျော်ရည်၊ သောက်သုံးရသော ဆေးဝါးများနှင့် အရောင်ရင့်ရင့် ဆိုးထားသော အစားအသောက်များ ဖြစ်ကြသည်။

အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ သွားအပေါ်ယံမှကြွေများသည် ပျက်ပြယ်လျက် အက်ကြောင်းများလည်း ဖြစ်လာတတ်သည်။ ထိုအခါ၌ သွား၏ မကျစ်လျစ်လှသော အတွင်းသားပိုင်းမှာ အောက်ကပေါ်လာသည်။ စားသောအခါ အစားအစာမှ အရောင်ရင့်များသည်လည်း ထိုအတွင်းပိုင်းသို့ ရောက်ရှိသွားကြသည်။ သွားပေါ်၌ အရောင်စွန်းထင်းမှု ရှိလာသည်။ သွားတစ်ချောင်းနှင့် တစ်ချောင်းကြား သွားချေးကျောက်များလည်း တည်လာသည်။ ထိုကျောက်များသည် သွားကြိုသွားကြား၌ အနေကြာလေတော့သည်။ အောက်ပါတို့မှာ ထိုသို့ အစွန်းအထင်း မရှိစေရန် ပြုလုပ်နိုင်သော နည်းလမ်းများပင်ဖြစ်သည်။

စားပြီးတိုင်းသွားတိုက်သင့်

သွားကိုမှန်မှန်တိုက်ခြင်းနှင့် ဂရုတစိုက် တိုက်ပေးခြင်းသည် သွားများတွင် အစွန်းထင်းရန် အကြောင်းနည်းသွားလိမ့်မည်ဟု ဒေါက်တာ လီဗစ်က ပြောသည်။

ဆားဆော်ဒါနှင့် ပြောင်လက်ပါစေ

ဆားဆော်ဒါနှင့် ဟိုက်ဒရိုဂျင်ပါအောက်ဆိုက် (Hydrogen Peroxide) တို့ကို သွားတိုက်ဆေးများကဲ့သို့ သင့်ရုံစပ်၍ သွားတိုက်ပေးလျှင် အစွန်းအထင်းများ ပျောက်နိုင်သည်။ သတိပြုရမည်မှာ ပါအောက်ဆိုက် (Peroxide) များများ မသုံးမိဖို့ဖြစ်သည်ဟု ဒေါက်တာ လီဗစ်ကပင် ပြောသည်။ များသွားလျှင် ပါးစပ်ထဲ၌ ပူစပ်ပူလောင် ဖြစ်နိုင်သည်။

သွားကျောက်အခြေအနေကို စစ်ပါ

သွားတိုက်ပြီးသည့်နောက် သွားကြားထဲတွင် ကျောက်တည်မှု မည်မျှရှိသည်ကို သွားဆေးခန်းမှပေးသော ဆေးရည်ဖြင့်ငုံလျက် ကျောက်တည်သောနေရာပေါ်ဖို့ စစ်ဆေးရန်ဖြစ်သည်။ ထိုနေရာများသည် သွားတိုက်မှု စနစ်မကျလျှင် သွားပေါ်တွင် စွန်းထင်းရန် လွယ်ကူစေမည်ဖြစ်သည်။

မကြာခဏ ပလုတ်ကျင်းပါ

ဒေါက်တာခိုင်တလန်က စားပြီးတိုင်း မကြာခဏ ပလုတ်ကျင်းဖို့ ပြောသည်။ စားသောက်ရာအနီး၌ ရေသန့်လက်ဆေးကန် (သို့) သန့်စင်ခန်း မရှိလျှင် သောက်ရေဖန်ခွက်ကိုယူ၍ ပါးစောင်ထဲတွင် ရေကို မြုံပြီးနောက် ထွေးစရာမရှိပါက ရေကို မျိုချသင့်သည်။

လျှပ်စစ်သွားပွတ်တံ၏အကျိုး

မကြာခဏသွားတိုက်ရန် လက်နှေးလက်ရှိသူများအတွက် ရိုးရိုးသွားပွတ်တံထက် လျှပ်စစ်သွားပွတ်တံက လွယ်ကူသည်ဟု သွားဘက်ဆိုင်ရာ အမေရိကန်အကယ်ဒမီက ဆိုသည်။ သွားကျောက်ကို ဖယ်ရှားလိုပါက သွားပွတ်တံ အမျိုးအစားထက် သွားတိုက်ပုံ တိုက်နည်းက ပို၍ အရေးကြီးသည်ဟု ဆိုသည်။

ပလုတ်ကျင်းဆေးကို ရွေးသုံးဖို့

ပလုတ်ကျင်းဆေးရည်တိုင်း သင့်မြတ်ပါသည်။ သို့သော် ပိုးသတ်ဆေးအစွမ်း သတ္တိပါသော ဆေးရည်များက သွားစွန်းထင်းမှုကို ဖြစ်စေသော သွားကျောက်တည်ခြင်းကို ကာကွယ်နိုင်မည်ဟု ဒေါက်တာ ဖဲသားစတုန်းက ပြောသည်။

ဖြည်းညင်းစွာတိုက်ပါ

သွားတိုက်ကြမ်းလျှင်လည်း သွားအောက်နားမှ (Dentin) ခေါ် သွားသားနုများပေါ်က သွားကို မှိုင်းမှုန်သွားစေမည်ကို သတိပြုအပ်ကြောင်း သိရသည်။

Credit : မောင်ဆုရှင် 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18