Print

တုပ်ကွေးရောဂါကာကွယ်ဆေး

  14-Sep-2019
Preview Image

တုပ်ကွေးကာကွယ်ဆေးကို ဘယ်အချိန်လောက်ကစပြီး ထိုးထားသင့်ပါသလဲ။

တုပ်ကွေးရောဂါဟာ မြန်မာနိုင်ငံမှာ မိုးကျမှ မိုးနဲ့အတူ ပါလာတာဖြစ်ပါတယ်။ အဲဒီတော့ မြန်မာလူမျိုးတွေအတွက်ပဲ ရည်ရွယ်ပြီး ပြောရမယ်ဆိုရင် မေလလယ်အောက်မှာစပြီး တုပ်ကွေးကာကွယ်ဆေး ထိုးထားမယ်ဆိုရင် ပိုအဆင်ပြေပါတယ်။ တုပ်ကွေးကာကွယ်ဆေး ထိုးပြီးပြီးချင်း ကာကွယ်မှုရတာ မဟုတ်ပါဘူး။ အနည်းဆုံး နှစ်ပတ်ကနေ တစ်လအထိ ခန္ဓာကိုယ်ထဲမှာ antibody တက်လာအောင် စောင့်ဆိုင်းရလို့ ဖြစ်ပါတယ်။

တုပ်ကွေးကာကွယ်ဆေးက တစ်ခါထိုးထားပြီးရင် ဘယ်အချိန်လောက်ထိ ကာကွယ်နိုင်ပါသလဲ။


တုပ်ကွေးကာကွယ်ဆေးဟာ တစ်ခါထိုးပြီးရင် တစ်နှစ်ခန့် ကာကွယ်နိုင်တဲ့ အာနိသင်ရှိပါတယ်။ အဲဒိတော့ တစ်နှစ်ကို တစ်ကြိမ်ထိုးထားရင် လုံလောက်ပါတယ်။ ဒါပေမဲ့ တစ်နှစ်ကျော်သွားရင်တော့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ Antibody ရဲ့ Level က ကျသွားတာဖြစ်တဲ့အတွက် တုပ်ကွေးကို ကာကွယ်မှု မရှိနိုင်တော့ပါ။ တကယ်ကို ထိထိရောက်ရောက် ကာကွယ်မယ်ဆိုရင်တော့ တစ်နှစ်တစ်ကြိမ် မိုးမကျမီ နှစ်ပတ်အလိုက တစ်လအလိုလောက်မှာ ထိုးပေးရင် အကောင်းဆုံးပါပဲ။ တုပ်ကွေးရောဂါ ကာကွယ်ဆေးကို လက်မောင်းမှာ ထိုးရပြီး အရေပြားအောက် (SC) နဲ့ ကြွက်သားထဲ (IM) ထိုးတားနိုင်ပါတယ်။

တုပ်ကွေးရောဂါကာကွယ်ကို ဘယ်သူတွေအဓိကထားပြီး ထိုးထားဖို့ လိုအပ်ပါသလဲ။


ကိုယ်ခံအားနည်းတဲ့ အုပ်စုတွေ၊ အထူးသဖြင့် သက်ငယ်ပိုင်းတွေနဲ့ သက်ကြီး ၆၅ နှစ်အထက် သက်ကြီးပိုင်းတွေမှာ ထိုးထားသင့်ပါတယ်။ နောက်တစ်ခုက ကိုယ်ခံအားကျနိုင်တဲ့ ဝေဒနာရှင်တွေ (ဥပမာ Organ Failure လို့ခေါ်တဲ့ အသည်းမကောင်းသူ၊ ကျောက်ကပ်မကောင်းသူ၊ ဆီးချိုရောဂါရှိတဲ့သူ၊ ရေရှည်စတီးရွိုက်ဆေး သုံးစွဲနေရတဲ့သူ၊ HIV/ AIDS ဝေဒနာရှင်တွေ ထိုးထားသင့်ပါတယ်။ နာတာရှည်အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်နေသူတွေ၊ နဂိုကတည်းက အဆုတ်ကျန်းမာရေး မကောင်းတဲ့သူတွေဆိုရင် တုပ်ကွေးကာကွယ်ဆေး ထိုးထားလိုက်ရင် တုပ်ကွေးကြောင့်
နောက်ပိုင်းဖြစ်လာနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေ နည်းပါးသွားပါတယ်။ တုပ်ကွေးဖြစ်ပြီးရင် အစကတည်းက အဆုတ်မကောင်တဲ့သူတွေဟာ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဝင်ပြီးတော့ အသက်အန္တရာယ် စိုးရိမ်ရနိုင်ပါတယ်။ ဒါအပြင် နောက်ထိုးထားသင့်တဲ့ အုပ်စုတစ်စုကတော့ ဒီလိုလူနာတွေကို အမြဲတမ်း ကြည့်ရှု
ကိုင်တွယ် ကုသနေရတဲ့ ကျန်းမာရေးဆိုင်ရာ ဆရာဝန်တွေ ဆရာမတွေ၊ ကျန်းမာရေး ဝန်းထမ်းတွေ အကုန်လုံးကတော့ ဖြစ်နိုင်ရင် တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးထားသင့်ပါတယ်။

တုပ်ကွေးရောဂါကာကွယ်ဆေး ထိုးတာကြောင့် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်ပါသလဲ။

တုပ်ကွေးကာကွယ်ဆေးထိုးထားရင် ၈၀ ရာခိုင်နှုန်း ကာကွယ်နိုင်တဲ့အတွက် တစ်ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာနဲ့ဆိုရင် အတော်ထိရောက်ပါတယ်။ တုပ်ကွေးရောဂါဖြစ်ရင် အလုပ်ပျက်မယ်၊ လုပ်အားတွေ ဆုံးရှုံးမယ်၊ ဒါတွေကို တွက်ဆလိုက်တဲ့အခါမှာ ကာကွယ်ဆေးထိုးလို့ ကုန်ကျစရိတ်ဟာ အလုပ်ပျက်၊ ကျောင်းပျက် ကုန်ကျစရိတ်တွေထက် အများကြီးသာလွန်တာကို တွေ့ရပါတယ်။ တုပ်ကွေးမဖြစ်ဘူးဆိုရင် အလုပ်ပျက်၊ ကျောင်းပျက်၊ လုပ်ငန်းဆောင်တာတွေ မပျက်တော့ဘဲ။ လုပ်နေကျအတိုင်း ဆက်လက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ မိမိကတစ်ဆင့် သူများတွေကို ဗိုင်းရပ်စ်ပိုးတွေ မကူးစက်တော့ပါဘူး။ ဘယ်လိုကုန်ကျနိုင်ပါသလဲ။

အကြမ်းဖျင်းခန်းမှန်းခြေအရ 1 Dose ကို မြန်မာငွေ ၉၀၀၀ ကျပ် ပတ်ဝန်းကျင်လောက် ကုန်ကျနိုင်ပါတယ်။ တစ်နှစ်ကို တစ်ကြိမ်ပဲ ထိုးရပါတယ်။

Credit : ပါမောက္ခဒေါက်တာရတနာကျော်



သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီ အချိန်မရွေး  ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18