Print

အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုတဲ့အခါ

  02-Nov-2017
Preview Image

တကယ်တော့ အကာအကွယ်မဲ့ လိင်ဆက်ဆံမှု ပြုမိတယ်ဆိုတာ ကျွန်တော်တို့ မလိုချင်ဆုံး၊ ဘယ်သူ့ကိုမှလည်း မဖြစ်စေချင်ဆုံး ကိစ္စတစ်ခုဖြစ်ပါတယ်။ ဒီအတွက်လည်း ကျန်းမာရေး အသိအညာပေးမှုတွေ လုပ်နေကြတာပါ။ ဒါပေမဲ့လည်း ကျယ်ပြန့်မှုအတိုင်းအတာအားဖြင့် လိုအပ်ချက်တွေ ရှိနေပါသေးတယ်။ အဲ့ဒီလိုပဲ၊ အသိပညာ ရှိထားပေမယ့် အခြေအနေအကြောင်းကြောင့် ဖြစ်သွားနိုင်တာလည်းရှိတယ်။ ဒီအတွက် အခုဆောင်းပါးလေးကို ရေးလိုက်ရတာ ဖြစ်ပါတယ်။


 အကာအကွယ်မဲ့ ဆက်ဆံမှုပြုလိုက်တယ်ဆိုတာ ဘာကိုပြောတာလဲ။ ကွန်ဒုံးလို့ခေါ်တဲ့ ရာဘာအစွပ် မသုံးလိုက်ဘဲနဲ့ ဆက်ဆံမိလိုက်တာကို ခေါ်တာပါ။ ကွန်ဒုံးဟာ ကာကွယ်မှုနှစ်မျိုး (Dual protection) ကို ပေးနိုင်ပါတယ်။ တစ်ခုက ကိုယ်ဝန်၊ နောက်တစ်ခုက လိင်ကတစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုပါ။ ဒါကြောင့် ကွန်ဒုံးမသုံးဘဲ အတူနေလိုက်ရင် ကိုယ်ဝန်ရော ကူးစက်ရောဂါပါ ရသွားနိုင်ပါတယ်။ တကယ်လို့ မိန်းကလေးက တခြားကိုယ်ဝန်တားနည်းတစ်ခုုခုကို သုံးထားတယ်ဆိုရင်တောင် ကူးစက်ရောဂါ ရနိုင်ချေရှိသေးတာမို့ ကွန်ဒုံးကတော့ မဖြစ်မနေ သုံးဖို့လိုမှာ ဖြစ်ပါတယ်။ ဒီနေရာမှာ ရှင်းပြလိုတာက လိင်ကတစ်ဆင့် ကူးစက်တာတွေလည်း မရချင်ဘူး။ ကိုယ်ဝန်လည်း တားချင်တယ်ဆိုရင် ကွန်ဒုံးသုံးမှ ရမှာလားဆိုတော့ မဟုတ်ပါဘူး။ အကြမ်းအားဖြင့် လေးနည်း လုပ်လို့ရပါတယ်။ 


၁။ ကွန်ဒုံးတစ်မျိုးတည်း သုံးတာ။

၂။ ကွန်ဒုံးနဲ့ သားဆက်ခြားနည်း တွဲသုံးတာ။

၃။ သားဆက်ခြားနည်းပဲ သုံးပြီး တစ်လင်တစ်မယားစနစ် ကျင့်သုံးတာ။

၄။ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်တာဆိုပြီးရှိတယ်။ 

ဒီအတွက် ကိုယ့်ရဲ့ လိင်ဆက်ဆံဖက်ပေါ် မူတည်ပြီး စဉ်းစားရမှာ ဖြစ်ပါတယ်။ ကိုယ့်အိမ်ထောင်ဖက်နဲ့ ဆက်ဆံတယ်၊ တစ်လင်တစ်မယားစနစ်လည်း ကျင့်သုံးကြတယ်ဆို ပြဿနာမရှိပေမယ့် ပြည်တန်ဆာအမျိုးသမီးနဲ့ ဆက်ဆံမိတယ်၊ အကြောင်းမသိသူ တစ်ယောက်ယောက်နဲ့ အတူနေမိတယ် ဆိုရင်တော့ ကျွန်တော့်အခုပြောမယ့် အကြောင်းအရာတွေကို ဆက်လုပ်သင့်ပါတယ်။ အခုနောက်ပိုင်း အင်မတန်မှကို အတွေ့ရများလာတဲ့ အဓမ္မပြုကျင့်မှုတွေမှာဆိုလည်း အပြုကျင့်ခံရသူအနေနဲ့ ဒါတွေလုပ်ဆောင်သင့်တယ်။ အဲဒီလို အကာအကွယ်မဲ့ ဆက်ဆံမိလိုက်တယ်ဆိုရင် ခုနက ပြောခဲ့သလို၊ ကိုယ်ဝန်ရသွားနိုင်တယ်။ ရောဂါလည်းကူးစက်နိုင်တာမို့ အမျိုးသား၊ အမျိုးသမီး ခွဲခြားပြောမနေတော့ဘဲ တစ်ပေါင်းတစ်စည်းတည်း ရေးသွားပါမယ်။


(၁) ကိုယ်ဝန်တားရန်

 ပုံမှန်ကိုယ်ဝန်တားနည်းတွေက ဆက်ဆံမှုမစခင်မှာ ကြိုသုံးရတာပါ။ ဆက်ဆံပြီးမှ သုံးမယ်ဆို အချိန်မမီပါဘူး။ ဒါပေမဲ့လည်း ကံကောင်းပါတယ်။ အရေးပေါ် ကိုယ်ဝန်တားဆေးတွေ ရှိနေပါပြီ။ ဒီဆေးတွေက ဘယ်လို အမျိုးသမီးမျိုးနဲ့မဆို သင့်တော်ပါတယ်။ အသုံးပြုပုံကတော့ အကာအကွယ်မဲ့ ဆက်ဆံပြီး နာရီ ၁၂၀ အတွင်း သောက်ရတယ်။ ငါးရက်အချိန်ရတယ် ဆိုပေမယ့် စောစောသောက်လေ ကောင်းလေပါပဲ။ ရက်ကြာလာတာနဲ့အမျှ အာနိသင်က ကျကျလာပါတယ်။ နှစ်လုံးပါတဲ့ ဆေးကဒ်တွေဆိုရင်တော့ အဲဒီနှစ်လုံးစလုံးကို တစ်ပြိုင်တည်းသောက်ရမှာပါ။ တစ်လုံးသောက်ပြီး ၁၂ နာရီခြားပြီးမှ နောက်တစ်လုံးထပ်သောက်ရတယ်ဆိုတာမျိုး လုပ်စရာမလိုတော့ပါဘူး။ နှစ်လုံးစလုံး တစ်ပြိုင်တည်းသောက်လည်း အာနိသင်အတူတူပဲ။ ၁၂ နာရီခြားစရာမလိုတော့တာမို့ ပိုလို့ အမှားနည်းသွားနိုင်ပါတယ်။ ခုဆိုရင် တစ်လုံးတည်းပါတဲ့ ဆေးကဒ်တွေတောင် ရှိနေပါပြီ။ ဆေးသောက်ပြီး နှစ်နာရီအတွင်း အန်ထွက်ခဲ့ရင် ထပ်သောက်ဖို့ လိုမှာဖြစ်ပြီး ဘေးထွက်ဆိုးကျိုးအနေနဲ့တော့ ခေါင်းမူးတာ၊ ပျို့အန်တာ၊ ရာသီသွေးပုံမမှန်ဆင်းတာ၊ ရာသီလာရမယ့်ရက်ထက် နည်းနည်းနောက်ကျနေပြီးမှ လာတာတွေ ဖြစ်တတ်ပါတယ်။ ဆိုးဆိုးရွားရွား ထိခိုက်စေတာမျိုး မရှိတာမို့ စိတ်ချလက်ချ အသုံးပြုနိုင်ပါတယ်။


(၂) ကိုယ်ဝန်ရှိမရှိ စစ်ဆေးရန်

 အရေးပေါ်ကိုယ်ဝန်တားဆေးဟာ ပုံမှန်အသုံးပြုရတဲ့ သားဆက်ခြားနည်းတွေနဲ့စာရင် ထိရောက်မှုနည်းပါတယ်။ သူ့ရဲ့အာနိသင်က ၈၇ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဒါကြောင့်မို့ ဒီဆေးအချိန်မီ သောက်လိုက်နိုင်တယ်ဆိုဦးတော့၊ ကိုယ်ဝန်မရနိုင်ဘူးလို့ ယတိပြတ် ပြောမရပါဘူး။ ဒီတော့ကိုယ်ဝန်ရှိမရှိ စစ်ဆေးကြည့်ဖို့လိုလာပါတယ်။ ဒီနေရာမှာ လူငယ်တော်တော်များများ မှားနေကြတဲ့ ကိစ္စကတော့ အတူနေပြီး တစ်ပတ်လောက်ကြာတာနဲ့ ဆီးစစ်ကြည့်တာပဲ။ ဆီးစစ်တယ်ဆိုတာက သန္ဓေသားလေး သားအိမ်နံရံမှာ ကပ်လိုက်တဲ့အခါ ထွက်လာတဲ့ ဟော်မုန်းကို စစ်ကြည့်တာပါ။ ဘယ်နေ့မှာ စစ်ရင်ပေါ်နိုင်မယ်ဆိုတာ အတိအကျပြောမရပေမယ့် ယေဘုယျအားဖြင့်တော့ ရာသီထိန်ပြီး တစ်ပတ်လောက်နေလို့ စစ်ကြည့်တော့မှ မှန်ကန်တဲ့အဖြေကို ရပါလိမ့်မယ်။ ဒါကို မသိထားဘဲ စစ်ကြည့်လိုက်လို့ ကိုယ်ဝန်မရရှိဘူးဆိုပြီး စိတ်ချလက်ချနေပြီးမှ ကိုယ်ဝန်ပေါ်လာရင် စုံတွဲတွေကြားထဲမှာ ပြဿနာဖြစ်လာနိုင်တာမို့ ဒါကို သိထားဖို့လိုပါတယ်။ အတူနေပြီး နာရီ ၁၂၀ အတွင်း အရေးပေါ်ဆေးသောက်ပါ။ ရာသီရက် နည်းနည်းလောက် နောက်ကျသွားတာမို့ပေါ်ရမယ့်ရက် ပေါ်မလာလည်း စိတ်မပူပါနဲ့။ ရာသီထိန်သွားပြီး တစ်ပတ်လောက်နေရင်သာ ဆီးစစ်ကြည့်ဖို့ လိုမှာဖြစ်ပါတယ်။ 


(၃) လိင်မှတစ်ဆင့် ကူးစက်တဲ့ရောဂါများ ကာကွယ်ရန်

 အဓမ္မပြုကျင့်မှုခံရပြီးတဲ့နောက်မှာ ဒီရောဂါတွေကို ကာကွယ်တဲ့အနေနဲ့ လိုအပ်တဲ့ ပိုးသတ်ဆေးတချို့ပေးတာမျိုး လုပ်နိုင်ပါတယ်။ ဒီရောဂါတွေကို အဓိကအားဖြင့် နှစ်မျိုးပြန်ခွဲလို့ ရသေးတယ်။ ကုလို့ရတဲ့ ရောဂါနဲ့ ကုလို့မရတဲ့ရောဂါ။ ကုလို့မရဘူးဆိုတာကတော့ HIV ပိုးကို ပြောတာပါ။ ဒီပိုးကို ထိန်းထားလို့ရတဲ့ဆေးတွေ ပေါ်နေပြီ၊ ဒီပိုးကူးစက်ခံလိုက်ရလည်း လူ့သက်တမ်းစေ့ နေလို့ရနေပြီဆိုပေမယ့် အရှင်းပျောက်အောင်တော့ ကုလို့မရသေးပါဘူး။ ကုလို့ရတဲ့ ရောဂါတွေကတော့ ဆီးပူညောင်းကျ၊ ဆစ်ဖလစ်၊ ကာလသားရောဂါတွေကို ဆိုလိုပါတယ်။ ပိုးသတ်ဆေးတွေနဲ့ စနစ်တကျ ကုသလို့ရနိုင်ပါတယ်။ အဲဒါတွေအတွက် ဘယ်လိုလုပ်ဆောင်သင့်လဲ။ ကာလသားရောဂါတွေအတွက်ကတော့ အမျိုးသားနဲ့ အမျိုးသမီး မတူပါဘူး။ အမျိုးသမီး မတူပါဘူး။ အမျိုးသားတွေက ရောဂါပိုးဝင်သွားရင် လက္ခဏာပြဖို့ လွယ်ပါတယ်။ ဘာတွေဖြစ်လာတတ်လဲဆိုရင် လိင်အင်္ဂါကနေ ပြည်ထွက်တာ၊ အဖြူရည်ကျတာ၊ အနာဖြစ်လာတာတွေ ဖြစ်တတ်တယ်။ ဒီလိုဖြစ်လာရင်တော့ ဆေးရုံဆေးခန်းကို ပြသင့်ပါတယ်။ မြို့နယ်ဆေးရုံတွေမှာ ကာလသားရောဂါ တိုက်ဖျက်ရေးဌာနတွေ ရှိပါတယ်။ 


Credit:

ဒေါက်တာဖြိုးသီဟ



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18