Print

အရေးပေါ်သန္ဓေတားဆေးအကြောင်း စုံစုံလင်လင်

  25-Feb-2018
Preview Image

အရေးပေါ်သန္ဓေတားဆေးဆိုတာ အမျိုးသမီးနဲ့ အမျိုးသား အကာအကွယ်မဲ့အတူနေအပြီး ကိုယ်ဝန်မရအောင် တားဆီးပေးသော ဆေးဝါးဖြစ်ပါတယ်။ အရေးပေါ်သန္ဓေတားဆေးဆိုတဲ့အတိုင်း နေ့စဉ်သားဆက်ခြားနည်းလမ်းတွေထဲမှာမပါဝင်ဘဲ အကာအကွယ်မဲ့ဆက်ဆံခြင်းဖြစ်တဲ့ အရေးပေါ်အခြေအနေမျိုးမှာ သုံးစွဲဖို့အတွက်ပဲရည်ရွယ်တာပါ။ နေ့စဉ်သုံးစွဲဖို့ မသင့်တော်ပါဘူး။ 


 ဆေးအာနိသင်ထိရောက်ဖို့အတွက်ဆိုလျှင် အကာအကွယ်မဲ့ဆက်ဆံအပြီး ၇၂ နာရီ(၃ ရက်အတွင်း) သောက်သုံးပေးရမှာပါ။ တတ်နိုင်သမျှ အစောဆုံးသောက်လေ ကာကွယ်မှု ရာခိုင်နှုန်းမြင့်လေပါ။ အရေးပေါ်တားဆေးတချို့က နာရီ ၁၂၀ အတွင်းသုံးစွဲလို့ရတယ်ဆိုပေမယ့် နောက်ကျရင် ကာကွယ်မှုရာခိုင်နှုန်းလည်း နည်းသွားပါတယ်။ ဒါက အရေးပေါ်တားဆေးသောက်လိုက်ပေမယ့် ကိုယ်ဝန်ရှိသွားတဲ့အကြောင်းရင်းထဲက တစ်ချို့ပေါ့။ ဆိုတော့ အရေးပေါ်တားဆေးနဲ့ ပတ်သက်ပြီး သိသင့်တာလေးတွေ ဖော်ပြပေးလိုက်ရပါတယ်။ 


ဘယ်အချိန်မှာသောက်မှာလဲ

 ဆိုခဲ့တဲ့အတိုင်း အကာအကွယ်မဲ့အတူနေခဲ့မိလျှင်သောက်ရမှာပေါ့။ ဒါပေမယ့်

၁။ အကာအကွယ်သုံးသော်လည်း အကာအကွယ် (ကွန်ဒုံး) ပေါက်ပြဲ၊ သို့မဟုတ် ကျွတ်သွားခဲ့လျှင်

၂။ အဓ္ဓမပြုကျင့်ခံရလျှင်

၃။ သုတ်ရည်ရှောင်နည်းသုံးသူတွေ မတော်တဆဖြစ်ခဲ့လျှင်

၂။ တားဆေးကဒ်တစ်နေ့တစ်လုံးသောက်နေရာက သောက်ဖို့ မေ့သွားခဲ့လျှင် မေ့သွားသော Row (အတန်း) အရ အရေးပေါ်သန္ဓေတားဆေး သောက်ပြီး ကာကွယ်ရတဲ့ အခြေအနေဆိုပြီး ရှိပါသေးတယ်။ 


ဆေးအာနိသင်

 အထက်က ဖော်ပြခဲ့တဲ့အတိုင်း ၃ ရက်အတွင်းသောက်နိုင်ပေမယ့် အတူနေအပြီး စောစောသောက်လေ ကာကွယ်မှုရာခိုင်နှုန်းများလေပါ။ နောက်ကျလေ ကာကွယ်မှုအာနိသင်လျော့နည်းလေပါ။ တားဆေးဆိုတဲ့အတိုင်း အတူနေပြီးမှ သောက်ရမှာပါ။ ကာကွယ်ဆေးမဟုတ်တဲ့အတွက် မနေခင် ကြိုတင်ပြီး သောက်ထားလို့မရပါဘူး။ 


ဘေးထွက်ဆိုးကျိုးဘာတွေရှိမလဲ

 ဒီဆေးအမျိုးအစားကြောင့် အသက်အန္တရာယ်ထိခိုက်စေနိုင်လောက်တဲ့ ဘေးထွက်ဆိုးကျိုးတွေမရှိပါဘူး။ အဖြစ်အများဆုံး ဘေးထွက်ဆိုးကျိုးတွေက

၁။ မူးဝေ၊ ပျို့အန်တာ

၂။ ခေါင်းကိုက်တာ

၃။ ရင်သားနာကျင်တာ

၄။ သွေးဆင်းတာ ဖြစ်တတ်ပါတယ်။ သွေးဆင်းတာလည်း အဖြစ်များတဲ့အတွက် သိထားသင့်တာက ဆေးရဲ့ဘေးထွက်ဆိုးကျိုးကြောင့် သွေးဆင်းတာဖြစ်ပြီး လစဉ်လာတဲ့ ဓမ္မတာ မဟုတ်ဘူးဆိုတာပါပဲ။ ဓမ္မတာကိုလည်း ပုံမမှန်စေတဲ့ ဘေးထွက် အာနိသင်လည်း ဖြစ်စေနိုင်ပါတယ်။ 


ဘယ်လိုသောက်ရမလဲ

 အကာအကွယ်မဲ့အတူနေအပြီး ၃ ရက်အတွင်း တတ်နိုင်သမျှ အစောဆုံး သောက်ပေးရပါမယ်။ ဆေးကအမျိုးအစားအလိုက် သောက်ရမယ့် အရေအတွက်ကွာပါတယ်။ Ecee 2, Amor ဆိုလျှင် ဆေး ၂ လုံးသောက်ရမှာပါ။ ၂ လုံးစလုံးကို တပြိုင်နက်တည်းသောက် လို့ရပါတယ်။ ပျို့အန်တတ်တဲ့သူတွေကတော့ တစ်လုံးသောက်ပြီး နောက် ၁၂ နာရီကြာမှ နောက်တစ်လုံးကို သောက်ပါ။ တကယ်လို့ ဆေးသောက်ပြီး ၂ နာရီအတွင်းမှာ အန်ရင်တော့ ပြန်သောက်ရမှာပါ။ တစ်လုံးသာပါသော Lydia ကဲ့သို့ ဆေးဆိုလျှင် ၁ လုံးသာသောက်ရုံပါပဲ။ 


သတိပြုလိုက်နာရမယ့်အချက်များ

၁။ အရေးပေါ်သန္ဓေတားဆေးဆိုတဲ့အတိုင်း အတူနေပြီးမှ ကိုယ်ဝန်မရရန် တားဆီးတဲ့ဆေးဝါးဖြစ်တဲ့အတွက် ကြိုတင်ကာကွယ်တဲ့အနေနဲ့ သောက်ထားလို့မရပါဘူး။ အကာအကွယ်မဲ့အတူနေပြီးတိုင်း သောက်ရမှာပါ။


၂။ ဆေးဟာ ဟော်မုန်းဓါတ်ပမာဏပါဝင်မှုများတဲ့အတွက် ကြာရှည်သုံးစွဲလျှင် အမျိုးသမီးမှာ ထိခိုက်နိုင်ချေရှိပါတယ်။ (ဥပမာ ရင်သားကင်ဆာကဲ့သို့ရောဂါဖြစ်နိုင်ချေ မြင့်တက်စေနိုင်ပါတယ်)


၄။ ဆေးကို ခဏခဏသောက်နေရပြီဆိုလျှင် ဆေးရဲ့ အာနိသင်လျော့နည်းလာနိုင်ပါတယ်။ 


၃။ ၁ လလျှင် ၁ ကြိမ်နှုန်းဖြင့် အနည်းဆုံး ၆လ၊ သို့မဟုတ် ၁ လလျှင် ၁ အကြိမ်အထက် ၂ကြိမ်၊ ၃ ကြိမ်သောက်နေရပြီဆိုပါက များနေပြီလို့ဆိုနိုင်ပါတယ်။ ဒီလိုအခြေအနေဆိုလျှင်တော့ အိမ်ထောင်ရှင်တွေသုံးစွဲတဲ့ စိတ်ချရသော သားဆက်ခြားနည်းလမ်းကိုသာ သုံးစွဲသင့်ပါတယ်။ 


 ပြောင်းလဲလာတဲ့ မြန်မာနိုင်ငံယဉ်ကျေးမှုအရ ဒီလိုဆေးဝါးမျိုးကို အလွဲသုံးစားမလုပ်မိစေဖို့ အလွန်အရေးကြီးပါတယ်။ လက်မထက်ခင်မှာ ဆင်ဆင်ခြင်ခြင်နေဖို့ အဓိကပါပဲ။ ဒါကြောင့် အရေးပေါ်တားဆေးကို လူတော်တော်များများသိလာကြပြီး တကယ်အဓိကကျတဲ့ အချက်တွေကို မသိမဖြစ်လိုက်ရလေအောင် ဒီဆောင်းပါးမှာ ဖော်ပြလိုက်ရပါတယ်။ 


Credit : ဒေါက်တာကောင်း



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18