Print

Donovanosis ရောဂါ

  05-Mar-2018
Preview Image

 မြို့စွန်တစ်နေရာရှိ ရပ်ကွက်တစ်ခု၏ အဝင်နားတွင် ကြီးမားလှသော ညောင်ပင်ကြီးတစ်ခုရှိ၏ ထိုညောင်ပင်ကြီးနှင့် မလှမ်းမကမ်းတွင် “စေတနာရှင်” ဆေးခန်းဟု ဆိုင်းဘုတ်တပ်ထားသော ဆေးခန်းတစ်ခုရှိ၏။ ဒေါက်တာလဲ့ကလျာဝင်းသိန်းသည် ဆေးပညာစာအုပ်တစ်အုပ်ကို ဖတ်ရှုေနေ၏။ ညဉ့်နက်ပြီဖြစ်၍ လူသားလူလာလည်း ကင်းရှင်းလျက်ရှိ၏။ ထိုစဉ် သူနာပြုဆရာမလေး နွဲ့ယမင်းက အနီးသို့ရောက်လာ၏။ 


“ မမ၊ အမျိုးသမီး လူနာတစ်ယောက် လာနေတယ် ”

“ သြော် .. အေး အေး၊ ခေါ်လိုက်ပါကွယ် ”

 အမျိုးသမီးလူနာက မရွံ့မရဲနှင့် ဝင်လာ၏။ ရောဂါကိုပြောရန် ရှက်နေပုံရသဖြင့် ပြောရဲလာစေရန် အားပေးစကားပြောလိုက်၏။ လူနာ၏ ပြောစကားအရ လိင်အင်္ဂါတွင် မနာမကျင်သော အဖုကလေးတစ်ခု စပေါ်ခဲ့သည်ဟု ဆို၏။ ၎င်းနောက် ထိုအဖုမှ အနာဖြစ်လာပြီး တဖြည်းဖြည်း ကြီးလာသည်ဟု သိရ၏။ အနာမှ ထိလိုက်ပါက သွေးထွက်လွယ်ပြီး အနားများက မညီမညာဖြစ်နေ၏။ ထူးခြားချက်မှာ ပေါင်ခြံနှစ်ဖက်စလုံးတွင် အကျိတ်များ မရှိပေ။ လူနာသည် အိမ်ထောင်ရှင်တစ်ဦးဖြစ်သည် ခင်ပွန်းက အဝေးပြေးကား ယာဉ်မောင်းဖြစ်ပြီး အပျော်အပါး လိုက်စားတတ်သည်ဟု သိရ၏ ရောဂါလက္ခဏာများအရ ၎င်းရောဂါသည် Granuloma Inguinale ဖြစ်နိုင်သည်ဟု ဒေါက်တာလဲ့ကလျာဝင်းသိန်းက ယူဆလိုက်၏။ လူနာအား လိုအပ်သော ဆေးဝါးကုသမှု ပြုလုပ်ပေးလိုက်၏။ 


“ မမ၊ ကျွန်မ မသိတာ မေးလို့ရမလား ”


“ မေးပါ၊ ရပါတယ်။ ဘာသိချင်သလဲ ”


“ ခုရောဂါက ဘာရောဂါလဲဟင် ”


“ လိင်ဆက်ဆံရာက ကူးစက်တဲ့ ရောဂါတစ်မျိုးပေါ့ကွယ်။ ဆေးပညာမှာတော့ Granuloma Inguinale လို့ ခေါ်တယ် ”


“ ဒါဆို ကျွန်မ ယောကျ်ားဆီက ကူးတာဖြစ်နိုင်သလား ”


“ ဖြစ်နိုင်တာပေါ့။ ညီမ ယောကျ်ားပြန်လာရင် ခေါ်လာခဲ့။ သူလည်း စမ်းသပ်ရမယ် ”


“ ဟုတ်ကဲ့ မမ၊ ခေါ်လာပါ့မယ်။ ဒီရောဂါက ပိုးကြောင့် ဖြစ်တာလား ”


“ ဟုတ်တယ် .. ပိုးကြောင့်ဖြစ်တာ။ ပိုးနာမည်က အရှည်ကြီးပဲ ”


“ ပြောပြပါလား မမ။ ဗဟုသုတနဲ့ မှတ်ထားချင်လို့ပါ ”


“ ပိုးနာမည်က Calymmatobacterium Granulomatis တဲ့ ကွဲ့။ ဒီပိုးက ဂရမ်ဆေးဆိုးရင် မစွဲဘူး။ Gram Negative ပေါ့ကွယ်”


“ သြော် .. ဟုတ်ကဲ့မမ။ ဒီပိုးက ဒုက္ခပေးတတ်သလား ”


“ ပေးတတ်တာပေါ့ ညီမရဲ့။ ဆေးမကုဘဲထားရင် အနာတွေက စားသွားပြီး ပိုကျယ်လာတယ်။ မိန်းမကိုယ် ဘေးတစ်ဝိုက်ကနေ စအိုအထိ ပျံ့သွားနိုင်တယ် ”


“ ဒါဆို ကုမှဖြစ်မှာပဲနော် ”


“ ဒါပေါ့ ကုရမှာပေါ့။ အနာကနေ အသားစ နမူနာယူရဦးမယ်။ နက်ဖြန်လာခဲ့ဦးနော် ”


“အဲဒါ ဘာအတွက်လည်း မမ ”


“ ဆေးပညာမှာတော့ Biopsy လို့ ခေါ်တာပေါ့ကွာ။ ရောဂါကို သေချာအောင် စမ်းသပ်တာပေါ့ကွယ်။ အသားစနမူနာယူပြီး Wrigrt’s Stain လို့ ခေါ်တဲ့ ဆေးဆိုးတစ်မျိုးနဲ့ ဆိုးကြည့်ပြီး မှန်ဘီလူးအောက်မှာ ကြည့်ရင် Donovan Bodies လို့ခေါ်တဲ့ ရောဂါပိုးကို တွေ့နိုင်တယ်ကွယ့် ”


“ သြော် .. ဟုတ်လား မမ ”


“ ဟုတ်တယ်ကွယ့်။ ဒါကြောင့် ဒီရောဂါကို Donovanosis လို့ခေါ်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို လေ့လာတဲ့အခါ အများစုက ခင်ပွန်းကနေ ဇနီးကို ကူးတာများတယ်။ အိပ်ချ်အိုင်ဗွီလို၊ ဆစ်ဖလစ်လို ရောဂါမျိုးကျတော့ ဇနီးသည်ကနေ သန္ဓေသားကိုပါ ကူးစက်သွားတတ်တယ်။ ”


“ ဒါဆို ဒီရောဂါတွေက မိသားစုကို ဒုက္ခပေးနိုင်တာပေါ့နော် ”


“ ဟုတ်တယ်ကွယ့်။ မိသားစုကျန်းမာရေးကို စောင့်ရှောက်ချင်တယ်ဆိုရင် အိမ်ထောင်ဦးစီးတွေဟာ အပျော်အပါး ရှောင်ဖို့လိုပါတယ်။ ဒါကို အိမ်ထောင်ဦးစီးတွေက သဘောပေါက်ဖို့ လိုတယ် ”


“ သူတို့ မဆင်ခြင်မှုကြောင့် ညီမတို့လို အိမ်ရှင်မတွေ ဒုက္ခရောက်တာပေါ့နော် ”


“ အေး .. ဟုတ်တယ်။ ဒါကြောင့် ညီမယောကျ်ား ပြန်လာရင် ခေါ်လာခဲ့။ မမတို့က ကျန်းမာရေးပညာပေး ဆွေးနွေးပေးမယ်။ သူတို့ကို နားဝင်အောင်ပြောထားမှ နောင်ကို ဒီရောဂါ ထပ်မဖြစ်မှာ ”


“ ဟုတ်ကဲ့ မမ၊ ဆက်ဆက်ခေါ်လာခဲ့ပါ့မယ် ”


Credit: ပါမောက္ခဒေါက်တာအောင်ကြီး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18