Print

အမျိုးသားများတွင် ကလေးမရနိုင်သော အကြောင်းအရာတစ်ချို့

  25-Apr-2018
Preview Image

ကလေးလိုချင်နေကြသော ဇနီးမောင်နှံများတွင် ၁၀ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်ျနှုန်းတို့သည် သန္ဓေတည်ဆောက်မှု စွမ်းဆောင်နိုင်ခြင်း မရှိကြောင်းတွေ့ရသည်။ လိင်စက်ယှက်မှုကြောင့် ကူးစက်ရရှိသော ရောဂါများသည် ယောက်ျားနှင့်မိန်းမတို့၏ မျိုးပွားအင်္ဂါစုများကို ပျက်စီးစေခြင်းမှာ ထူးခြားစွာတက်လာခဲ့သည်။ အသက်အပိုင်းအခြားအရ ကလေးရနိုင်စွမ်းသည် ဆုတ်ယုတ်ကျဆင်းလာသည်။ အထူးသဖြင့် အမျိုးသမီးများတွင်ဖြစ်သည်။ စီးပွားရေးနှင့် လူမှုရေးအကြောင်းပြချက်များဖြင့် ကလေးမရရှိရန် ရွှေ့ဆိုင်းထားချက်သည်လည်း သဘာဝအလျောက် သန္ဓေအောင်နိုင်ခြင်းမရှိသော ဇနီးမောင်နှံဦးရေကို တိုးလာစေသည်။


     ကလေးမရနိုင်သော ပြဿနာများဖြင့် ကြုံတွေ့နေကြသော ဇနီးမောင်နှံအများစုသည် ကလေးမွေးစားရန်ထက် ကလေးရရှိရန် ကြိုးစားလိုကြသည်။ စိတ်လှုပ်ရှားစေနိုင်သော အကြောင်းများသာမက မွေးစားသောကလေးများ၏ ကျန်းမာရေးပြဿနာများကို စိုးရိမ်ကြောက်ရွံ့ကြသည်။ အထူးသဖြင့် HIV သို့မဟုတ် မူးယစ်ဆေးဝါးများဖြစ်သည်။ ထို့ကြောင့် ကလေးမရနိုင်ခြင်း အကြောင်းအရာကို ဖော်ဆောင်ခြင်းနှင့် ကုသပေးခြင်းသည် ပို၍အလေးပြုခြင်းခံလာရသည်။ ဆေးခန်းသို့ရောက်ရှိလာကြသော ကလေးမရနိုင်သည့် ဇနီးမောင်နှံများပိုလာသည်ကို တွေ့ရသည်။ ဆန်းစစ်ချက်လိုအပ်သူတစ်ချို့လည်း ငွေကြေးအခက်အခဲကြောင့် လက်လျော့သွားကြသည်များလည်းရှိသည်။ စမ်းသပ်စစ်ဆေးချက် သုံးလအတွက် ငွေများစွာကုန်နိုင်သည့် နည်းလမ်းများ ယခုအခါ မြန်မာပြည်တွင်ရှိနေပါပြီ။ 


    ကလေးမရနိုင်သည့်အကြောင်းတွင် ယောက်ျားဖြစ်သူချို့ယွင်းနေသည်များ ပိုလာသည်ကိုတွေ့ရသည်။ ထိုအခါခင်ပွန်းဖြစ်သူက ချွတ်ယွင်းချက်ဖြစ်ပေါ်ရခြင်း၏ အကြောင်းအရာများကို သိလိုသည်။ ဆေးခန်းထိုင်သည့်အချိန်ပိုင်းနှင့် ရှင်းလင်းပြောပြရန်မဖြစ်သဖြင့် တိုတိုတုတ်တုတ် ပြောပြလိုက်ရသည်။ ပထမတွေ့ရှိရသူ ဇနီးမောင်နှံတွင် ခင်ပွန်းက အသက် ၄၇ နှစ် ၊ ဇနီးက ၂၈ နှစ်သာရှိသေးသည်။ အိမ်ထောင်သက် ၂ နှစ်ကျော်သော်လည်း ကလေးမရှိကြသေးပေ။ ဇနီးအားစမ်းသပ်စစ်ဆေးသောအခါ ချွတ်ယွင်းချက် မတွေ့ရပေ။ ဇနီးအားတခြားစစ်ဆေးမှုများမပြုလုပ်မီ ခင်ပွန်း၏ သုတ်ရည်ကို စစ်ဆေးစေခဲ့သည်။ သုတ်ရည်တွင်သုတ်ကောင်တစ်ကောင်မှ မတွေ့ရသော အမြုံ (Azospermia) ဖြစ်နေသည်။ ကျောက်ကပ်နှင့်ဆီးလမ်းကြောင်း ဆရာဝန်ကြီးထံလွှတ်၍ အစမ်းသပ်ခံစေခဲ့သည်။ ယခင်က အူကျသည့်ရောဂါကြောင့် ခွဲစိပ်ခံရဖူးရာ အရေပြားမှာကပ်ပယ်အိတ်နှင့် ကပ်နေသည့် အချို့နေရာတွေ့ရသည်။ ယင်းသို့ကပ်နေမှုကြောင့် ပြွန်လမ်းကြောင်းပိတ်ဆို့မှုဖြစ်နေသည်ဟုယူဆရသည်။ 


    နောက်တစ်ဦးမှာ ခင်ပွန်းဖြစ်သူက အသက် ၃၀ ၊ ဇနီးက ၂၆နှစ်။ အိမ်ထောင်သက် ၆နှစ်ရှိသော်လည်း ကလေးမရကြသေးပေ။ ဇနီးဖြစ်သူအားစမ်းသပ်စစ်ဆေးခဲ့သည်။. 


* ယောနိလမ်းကြောင်းမှစစ်ဆေးချက် မည်သည့် ချွတ်ယွင်းချက်မှမတွေ့ရ။ 


*  Ultrasound ဖြင့် စမ်းသပ်စစ်ဆေးချက်မူမှန်ဖြစ်သည်။ 


* မေ့ဆေးပေး၍ သားအိမ်တွင်းလေမှုတ်သွင်းခြင်းနှင့် သားအိမ်ခြစ်စစ်ဆေးချက်ကလည်းပုံမှန်ဖြစ်သည်။ 


*သားအိမ်အတွင်းဆေးသွင်းဓာတ်မှန်ရိုက်ခြင်း ကလည်းမူမှန်ဖြစ်နေသည်။ သားဥကြွေသော ဆေးများကိုသောက်ခဲ့သော်လည်း ကလေးမရဖြစ်နေသည်။ ခင်ပွန်း၏သုတ်ရည်စစ်ဆေးချက်တွင် သုတ်ကောင် ၁သန်းပါသော်လည်း အဏုကြည့်မှန်ဘီလူးဖြင့်ကြည့်သောအခါ  ပြည်ဆဲလ်များမရေမတွက်နိုင်အောင်များနေသည်။ ယောက်ျား၏ဆီးကိုစစ်ကြည့်ရာ ပြည်ဆဲလ်လုံးဝမတွေ့ရပေ။ သုတ်ရည်တွင်သာပြည်ဆဲလ်များပြည့်နေအောင်တွေ့ရလေရာ  ပိုးမွေးပြီးဆေးကုသချက်ခံ ယူနေကြောင်းသိရသည်။ 


    နောက်လင်မယား၂ ယောက်မှာ ခင်ပွန်း အသက် ၄၂၊ ဇနီး အသက်၃၆။ အိမ်ထောင်သက် ၂ နှစ်အတွင်းကလေးမရသေးပေ။ ခင်ပွန်းက ကလေးမရနိုင်ခြင်းမှာ ဇနီး၏ပြစ်ချက်ကြောင့်ဟုပြောလေရာ အစစ်ဆေးခံရန်ရောက်ရှိလာခဲ့သည်။ ဇနီးဖြစ်သူတွင် ချွတ်ယွင်းချက်မတွေ့ရသောအခါ ခင်ပွန်း၏သုတ်ရည်ကိုစစ်ခဲ့သည်။  လှုပ်ရှားမှု နှင့် ပုံမှန်သုတ်ကောင် % မှာ အလွန်နည်းနေသည်။ မေးမြန်းချက်အရ ခင်ပွန်းမှာ ကျပ်စည်းထားသောအတွင်းခံဘောင်းဘီကို ၁၄ နာရီပတ်လုံးဝတ် ထားလေ့ရှိရာ အိပ်ရာဝင်မှာပင် ဝတ်တတ်ကြောင်းသိရသည်။ 


 အကာကွယ်မရှိသော လိင်ဆက်ဆံမှုရှိပါက တစ်နှစ်အတွင်း ၉၀% သော သန္ဓေအောင်နိုင်သူ ဇနီးမောင်နှံတို့အတွက် ကိုယ်ဝန်ရရှိလာနိုင်သည်။ တစ်လအတွင်း ၂၀% ၊ သုံးလအတွင်း ၅၀% နှင့် ကိုးလအတွင်း ၇၅% အောင်မြင်မှု ရရှိနိုင်ပေသည်။ ထို့ကြောင့် တစ်နှစ်ကြာသော်လည်း ကလေးမရဖြစ်နေမှသာလျှင် စုံစမ်းစစ်ဆေးရန် လိုအပ်ပါသည်။  စစ်ဆေးချက်အရ သုတ်ကောင်ထုတ်လုပ်မှုတွင် ချို့တဲ့နေခြင်း၊ မီးယပ်မမှန်ခြင်း၊ တင်ပါးဆုံရောင်ရမ်းခြင်းရောဂါရှိနေခြင်း၊ ယခင်ကခွဲစိပ်ကုသဖူးခြင်း၊ သို့ဟုတ် လိင်ပိုင်းဆိုင်ရာချွတ်ယွင်းချက်ရှိနေပါက စောင့်စားနေစရာမလိုပဲ  စမ်းသပ်စစ်ဆေးချက်ပြုလုပ်ရမည်။ အသက် ၃၅ နှစ်အထက် ကြီးနေသောအမျိုးသမီးများတွင်စောင့်ဆိုင်းရန်မလိုဘဲ စမ်းသပ် စစ်ဆေးချက်ပြုလုပ်ရန်လိုအပ်ပါသည်။ 


Credit ဒေါက်တာလဲလဲ့ဝင်း

MBBS(YGN), D (Obst) , RCOG (LONDON)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18