Print

စိတ်ကျဝေဒနာ (Depression)

  11-Sep-2019
Preview Image

          Depression ဆိုတဲ့ စကားလုံးကို အခုခေတ်မှာ တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးနှုန်းနေတာကို တွေ့ရပါတယ်။ စိတ်ကျရောဂါဝေဒနာဆိုတာ စိတ်ဓာတ်ကျဆင်း၊ ဝမ်းနည်းပူဆွေး၊ မျှော်လင့်ချက်မဲ့ စတဲ့ ခံစားချက်အတော်များများရှိနေတဲ့ အခြေအနေကိုခေါ်ပါတယ်။ စိတ်ကျရောဂါ ဝေဒနာဖြစ်နေတယ်ဆိုတာကို သတ်မှတ်ထားတဲ့ အချက်ကိုးချက်ထဲက အနည်းဆုံး ငါးချက်နဲ့အထက် ရက်သတ္တနှစ်ပတ်ကျော် ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းနေတယ် ဒါမှမဟုတ် စိတ်ကျတဲ့ဝေဒနာ ခံစားနေရတယ်ဆိုပြီး အမည်တပ်ပါတယ်။

(၁) စိတ်ဓာတ်ကျဆင်းပြီးတော့ ဝမ်းနည်းပူဆွေးနေမယ်။

(၂) စိတ်ဝင်စားမှုတွေ လျော့ကျနေမယ်။ ယခင်ကစိတ်ဝင်စားတာတွေလည်း စိတ်မဝင်စားတော့ဘူး။

(၃) အပြစ်ရှိတယ်လို့ ခံစားနေရတယ်။ ဒါမှမဟုတ် ကိုယ့်ကိုယ်ကိုယ် အသုံးမကျဘူးလို့ ခံစားနေရတယ်။

(၄) အားမရှိသလို ခွန်အားတွေယုတ်လျော့နေသလို ခံစားရတယ်။

(၅) အာရုံစူးစိုက်နိုင်မှုတွေ လျော့နေတယ်။ ဆုံးဖြတ်ချက်တွေ မချနိုင်ဘူး။

(၆) စားချင်သောက်ချင်တဲ့ ဆန္ဒတွေပြောင်းလဲနေတယ်။ (ဥပမာ - တချို့က စိတ်ကျပြီး မစားဘဲနေတယ်။ တချို့က စိတ်ညစ်ပြီးတော့ စိတ်ဓာတ်ကျပြီးတော့ အများကြီးစားနေတာတွေလည်း ရှိတယ်။)

(၇) စိတ်နဲ့ ခန္ဓာကိုယ်ကြွက်သား လှုပ်ရှားမှုပိုင်းဆိုင်ရာတွေ ကြည့်မယ်ဆိုရင် အငြိမ်မနေနိုင်အောင် ဖြစ်နေတာမျိုးတွေ၊ လှုပ်ရွနေတာမျိုးတွေရှိသလို နှေးကွေးလေးလံထိုင်းမှိုင်းနေတာမျိုးတွေ ရှိတတ်တယ်။

(၈) အိပ်စက်ခြင်းနဲ့ ပတ်သက်တဲ့ အပြောင်းအလဲတွေရှိလာတယ်။ (တချို့က စိတ်ညစ်ပြီးတော့ အိပ်မပျော်ဘူး။ ခဏခဏ နိုးတယ်။ အစောကြီးနိုးတာမျိုးတွေ ဖြစ်တတ်သလို တချို့ကျတော့ စိတ်ညစ်ညစ်နဲ့ အိပ်ရာထဲမှာပဲ ခွေပြီးတော့ မှိန်းနေတာမျိုးတွေရှိလို့ အိပ်စက်ခြင်းဆိုင်ရာ အပြောင်းအလဲတွေရှိတယ်လို့ ပြောတာပါ။)

(၉) နောက်ဆုံးတစ်ခုကတော့ စိတ်တွေအရမ်းကျပြီးတော့ လောကကြီးမှာမပျော်တော့ဘူး။ ဘဝကို အဆုံးသတ်ချင်တဲ့ ဆန္ဒတွေဖြစ်လာတယ်။ ကူသူကယ်သူမဲ့တဲ့ ဘဝမှာ မနေတော့ပါဘူးဆိုတဲ့ ဘဝကို အဆုံးသတ်ချင်တဲ့ဆန္ဒတွေ ပေါ်ပေါက်လာတယ်။


          စိတ်ကျရောဂါဝေဒနာနဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာတဲ့အကြောင်းအရာနဲ့ လက္ခဏာအပေါ်မူတည်ပြီးတော့ ခွဲခြားမယ်ဆိုရင် (Reactive Depression and Endogenous Depression) ဆိုပြီး နှစ်မျိုးခွဲခြားထားတာရှိတယ်။ Reactive Depression ဆိုတာက ပြင်ပက လှုံ့ဆော်တဲ့ အကြောင်းအရာတစ်ရပ်ရပ်အပေါ်မှာ တုံ့ပြန်ပြီးတော့ ခံစားရတဲ့ စိတ်ကျရောဂါဝေဒနာရှိသလို Endogenous Depression ဆိုတဲ့ ခန္ဓာကိုယ်အတွင်းထဲကနေ စိတ်ထဲကနေအလိုလိုပေါ်လာတဲ့ စိတ်ကျရောဂါဝေဒနာလည်းရှိတယ်။ နောက်တစ်ခုက (Neurotic and Psychotic Depression ) ဆိုပြီး နှစ်မျိုးရှိသေးတယ်။ Neurotic Depression ဆိုတာက စိတ်ကျရောဂါဝေဒနာ အပျော့စား၊ Psychotic Depression ဆိုတာက စိတ်ကျရောဂါအပြင်းစား၊ စိတ်ဖောက်ပြန်တဲ့ ဝေဒနာလက္ခဏာတွေပါ ပါတဲ့အခြေအနေမျိုးဖြစ်တယ်။ တချို့ကကျတော့ (Melancholic and Somatic Depression) ဆိုပြီးတော့ နှစ်မျိုးခွဲတာလည်း ရှိတယ်။ Melancholia ဆိုတာက ခန္ဓာကိုယ်ထဲမှာရှိတဲ့ သည်းခြေရည် (Bile) အမည်းရောင်တွေကြောင့်ဖြစ်တယ်လို့ ဟိုးအရင်က ယူဆခဲ့ကြတာတွေရှိတယ်။


Melancholic Depression မှာ ပျော်စရာအဖြစ်အပျက်ကိစ္စတွေမှာ မပျော်တတ်တော့သလို ပျော်စရာတွေလည်း မရှိတော့ပါဘူးလို့ ပြောတတ်ကြတယ်။ မနက်ခင်းတွေဆို ပိုဆိုးတယ်၊ ပိုစိတ်ကျတယ်၊ ပေါ်လာတတ်တဲ့ လက္ခဏာ အမျိုးမျိုးရှိသလို Melancholic Depression မှာ ပျော်စရာအဖြစ်အပျက် ကိစ္စတွေမှာ မပျော်တတ်တော့သလို ပျော်စရာတွေလည်း မရှိတော့ဘူးလို့ ပြောတတ်ကြတယ်။ နံနက်ခင်းဆို ပိုဆိုးတယ်၊ ပိုစိတ်ညစ်တယ်၊ အစောကြီးနိုးနေတတ်တယ်။ မစားမသောက်ချင်ဘဲ တဖြည်းဖြည်းပိန်လာတတ်တယ်။ အငြိမ်မနေနိုင်တာတွေ ရှိတတ်သလို ထိုင်းမှိုင်းလေးလံနေတာမျိုးတွေလည်း ရှိတယ်။ ကိုယ့်မှာ အပြစ်ရှိတယ်လို့ အလွန်အမင်းခံစားရနေတာမျိုးတွေလည်း ရှိတတ်တယ်။ Somatic Depression လို့ခေါ်တဲ့ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ လက္ခဏာတွေနဲ့ပြတဲ့ စိတ်ကျဝေဒနာတွေလည်းရှိတယ်။ နာကျင်ကိုက်ခဲတာ၊ ခေါင်းကိုက်တာ၊ ရင်တုန်တာ၊ ရင်ဘတ်အောင့်တာ၊ ရင်ကျပ်တာ၊ ရင်ဝမှာ စို့တို့တို့ဖြစ်နေတာ၊ ဝမ်းသွားတာ၊ ဝမ်းချုပ်တာ၊ ဗိုက်နာတာစသည်ဖြင့် ခန္ဓာကိုယ်မှာ တကယ့်ရောဂါရှာမရဘဲ ခံစားရတာမျိုးပေါ့။ နောက်တစ်ခုက (Agitated Depression နဲ့ Retarded Depression) ဆိုပြီး နှစ်မျိုးရှိတယ်။ Agitated Depression ဆိုတာ အငြိမ်မနေနိုင်ဘဲနဲ့ ဂနာမငြိမ်လှုပ်ရွနေတာ၊ အလိုလိုနေရင်း စိတ်တို၊ စိတ်ဆတ်လာတာ၊ ရုတ်ခြည်းငိုချတာမျိုး စတဲ့ စိတ်ကျရောဂါဝေဒနာမျိုးရှိသလို နှေးကွေးထုံထိုင်းလေးလံပြီး ငြိမ်ကုပ်သွားတဲ့ စိတ်ကျရောဂါဝေဒနာမျိုး ရှိတယ်။


          တချို့က (Primary and Secondary Depression) ဆိုပြီး မူလပထမဖြစ်တဲ့ စိတ်ကျရောဂါ ဝေဒနာရှိသလို အကြောင်းတစ်ခုခုရဲ့ နောက်ဆက်တွဲကြောင့် ဖြစ်လာတဲ့ Secondary Depression ဆိုပြီး ခွဲတာမျိုးလည်း ရှိတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အကြောင်းတရားနဲ့ လက္ခဏာပေါ်မူတည်ပြီးတော့ ခွဲခြားတဲ့နည်းအရ ပြောမယ်ဆိုရင် (၁၀) မျိုးရှိတယ် ပြောရမှာပေါ့။ ဒါတင်မကသေးဘူး ဖြစ်ပွားတဲ့ အခြေအနေပေါ်မှာမူတည်ပြီး ခွဲခြားနည်းတွေလည်း ရှိပါတယ်။ အဲဒါတွေကတော့ (Unipolar and Bipolar Disorder) မှာရှိတဲ့ Unipolar Depression နဲ့ Bipolar Depression ပါ။ စိတ်ကျတာတစ်မျိုးတည်းဖြစ်တာကို Unipolar Depression လို့ခေါ်ပြီးစိတ်ဓာတ်ကျလိုက် တက်လိုက် နှစ်မျိုးလုံးဖြစ်တာပါတဲ့ Bipolar Depression ဆိုတာရှိတယ်။

 

         အမျိုးသမီးတွေ မီးဖွားပြီးတစ်လအတွင်းမှာ ခံစားရတတ်တဲ့ စိတ်ကျရောဂါဝေဒနာတွေရှိသလို စိတ်ဓာတ်ကျတဲ့ပုံမပြဘဲ ပျော်နေသလိုနဲ့ ကြိတ်ခံစားနေတတ်ကြတဲ့ Masked Depression လို့ဆိုတဲ့ သက်လတ်နှောင်းပိုင်း သက်ကြီးပိုင်းမှာဖြစ်တဲ့ သံသယလွန်စိတ်တွေများပြီး စိတ်ဓာတ်ကျနေတတ်တဲ့ စိတ်ကျရောဂါဝေဒနာမျိုးလည်း ရှိပါတယ်။


          Senile Depression လို့ခေါ်တဲ့ အမျိုးသားရော၊ အမျိုးသမီးမှာပါ အသက်ကြီးပိုင်းမှာဖြစ်တဲ့ စိတ်ကျရောဂါဝေဒနာတွေလည်း ရှိတယ်။ မိန်းကလေးတွေမှာ ရာသီသွေးမပေါ်ခင် ဖြစ်တတ်တဲ့ Premenstrual Depression Disorder လည်းရှိတယ်။


          နောက်တစ်ခုက Major Depressive Disorder ပါ။ ရှေ့မှာ ပြောခဲ့သလိုပဲ၊ နေ့စဉ်လိုလိုစိတ်ညစ်တယ်။ စိတ်ဓာတ်ကျတယ်။ ဟာတာတာနဲ့ မျှော်လင့်ချက်မဲ့သလို ခံစားရတယ်။ မျက်ရည်တွေလည်နေပြီး အလိုလိုငိုချင်တတ်တယ်။ ဘာကိုမှစိတ်မဝင်စားတော့ဘူး။ အစားရှောင်တာမဟုတ်ဘဲ ပိန်လာတတ်တယ်။ ဒါမှမဟုတ် အစားတွေပဲစားပြီး ဝလာတာမျိုးလည်း ရှိတယ်။ အိပ်မပျော်တာတွေ၊ အိပ်ရာထဲမှာပဲနေပြီး ဖိအိပ်ဖို့ကြိုးစားနေတာတွေ၊ မရိုးမရွ အငြိမ်မနေနိုင်တာ၊ နှေးကွေးလေးလံနေတာတွေ ရှိတယ်။ အားမရှိသလိုဖြစ်တာ၊ ပင်ပန်းနွမ်းနယ်နေတာတွေရှိတယ်။ ကိုယ့်ကိုယ်ကိုယ် အပြစ်ရှိသလို ခံစားနေရတာမျိုးတွေ၊ မတွေးနိုင် အာရုံမစိုက်နိုင် ဆုံးဖြတ်ချက်မချနိုင်တာတွေဖြစ်ပြီး နောက်ဆုံး သေချင်စိတ်တွေဖြစ်ပြီး သတ်သေဖို့အထိ ကြိုးစားတာတွေစတဲ့ အချက်တွေထဲက ငါးချက်နဲ့အထက် နှစ်ပတ်လောက်ရှိနေတဲ့သူတွေပေါ့။


          Persistant Depression Disorder က နှစ်ရှည်လများ စိတ်ဓာတ်ကျတဲ့ရောဂါ၊ နှစ်နှစ်နဲ့အထက် အစားပျက်၊ အအိပ်ပျက်၊ အားမရှိ၊ နုံးချည့်သိမ်ငယ်စိတ်ဝင်၊ အာရုံမစိုက်နိုင်၊ မျှော်လင့်ချက်မဲ့နေတဲ့ ခံစားချက်တွေ ရှိနေတတ်ကြတယ်။ မူးယစ်ဆေးတို့၊ စိတ်ကြွဆေးတို့ တခြားဆေးအမျိုးမျိုးကြောင့်ဖြစ်တဲ့ စိတ်ကျရောဂါဝေဒနာတွေလည်း ရှိတယ်။


စိတ်ကျရောဂါဝေဒနာ ဘာကြောင့် ဖြစ်တာလဲ

          ဘာကြောင့်ဖြစ်ရတာလဲဆိုတာကတော့ ပြောဖို့ခက်တယ်၊ အချက်အလက်တွေ အများကြီးပေါင်းဆုံပြီး ဖြစ်လာတတ်တယ်။ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒါအပြင် အထူးသဖြင့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်တွေကြောင့် ဖြစ်တာလည်းရှိတယ်။ ပြောခဲ့သလိုပဲ မူးယစ်ဆေးတို့ အရက်တို့ အပါအဝင် ဆေးဝါးတွေ သုံးစွဲတာတွေအပြင် ခန္ဓာကိုယ်မှာဖြစ်လာတဲ့ ရောဂါဝေဒနာတွေကြောင့် စိတ်ကျရောဂါဝေဒနာ ဖြစ်ပေါ်လာတာတွေလည်း ရှိတယ်။ ဖြစ်နိုင်ခြေအကြောင်းအရာပေါင်းများစွာရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်တယ်။


စိတ်ကျရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ

          အချင်းချင်းနီးစပ်တဲ့သူတွေကို ခံစားနေရတာတွေ ရင်ဖွင့်မယ်၊ ပြောပြမယ်၊ တိုင်ပင်ဆွေးနွေးမယ်၊ အကူအညီလိုရင် အကူအညီတောင်းခံမယ်။ ဒီလိုမှ မသက်သာဘူးဆိုရင် စိတ်ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ပေးတဲ့ တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့ ပြသပြီးတော့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။


စိတ်ကျရောဂါက သေချာကုသရင် ပျောက်ကင်းနိုင်ပါတယ်။ ရောဂါမပြင်းထန်ဘူး။ ဖိစီးမှုကလည်း နည်းတယ်။ မိသားစုရဲ့ ပံ့ပိုးမှုကလည်း ကောင်းတယ်ဆိုရင် အချိန်တိုအတွင်းမှာ ပျောက်ကင်းနိုင်တယ်။ မိသားစုတွေရဲ့ ပံ့ပိုးမှုလည်းမရဘူး၊ ပတ်ဝန်းကျင်ရဲ့ ပံ့ပိုးမှုလည်းမရဘူး၊ ဖိစီးမှုတွေကလည်း အရမ်းများတယ်ဆိုရင်တော့ ကုသဖို့ အချိန်ကို ပိုယူရမယ်။ တချို့က လပိုင်း၊ ရက်ပိုင်းနဲ့ သက်သာပျောက်ကင်းနိုင်သလို ဆိုးရွားရင်တော့ နှစ်နဲ့ချီပြီးကုသဖို့ လိုတာမျိုးရှိနိုင်တယ်။ ပျောက်ကင်းချိန်ကိုပြောမယ်ဆိုရင် ဖြစ်လာတဲ့ရောဂါရဲ့ အခြေအနေ၊ ရောဂါပြင်းထန်မှု၊ ပတ်ဝန်းကျင်နဲ့ မိသားစုရဲ့ ကူညီပံ့ပိုးမှု စတဲ့အချက်တွေနဲ့ လောကဓံရဲ့ ရိုက်ပုတ်မှု ခံနေရသလား။ မခံရဘူးလား ဆိုတာတွေအပေါ် မူတည်ပြီး အချိန်ကွာခြားမှုတွေ ရှိနိုင်ပါတယ်။


          စိတ်ကျရောဂါဝေဒနာခံစားနေရလို့ ဆေးကုသမှု ခံယူနေတဲ့သူတွေကို မိသားစုတွေအနေနဲ့ ကူညီပံ့ပိုးမှုတွေ အမျိုးမျိုးပေးလို့ရပါတယ်။ စိတ်ကျရောဂါဝေဒနာ ခံစားနေရသူကို စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင် ဝိုင်းဝန်းကူညီပံ့ပိုးလို့ ရပါတယ်။ အပြစ်ရှိသလို ခံစားနေရတာကို ပပျောက်အောင် ပြောဆိုပေးတာတွေ၊ ရင်ဖွင့်ပြောစရာရှိရင် ဖွင့်ပြောပြစေပြီး ပြင်ပကမ္ဘာနဲ့လည်း အဆက်မပြတ်စေဖို့၊ ဆေးဝါးကို အချိန်နဲ့ ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ဖို့ ကူညီပေးတာမျိုးတွေ လုပ်ပေးရမှာ ဖြစ်သလို စိတ်ကုထုံးတွေခံယူနေရင်လည်း ကုသပေးတဲ့ဆရာဝန်ဆီ ရက်ချိန်းမှန်မှန်ပြသပေးဖို့ လိုပါတယ်။ မိသားစုတွေကလည်း လူနာရဲ့ အခြေအနေပိုဆိုးမသွားအောင် လူနာရဲ့ ရောဂါဝေဒနာကို သိရှိနားလည်ပြီးတော့ ကူညီပံ့ပိုးပေးတဲ့ အနေအထားမျိုး၊ သူတတ်နိုင်တဲ့ အလုပ်တွေကို ပေးလုပ်ပြီး အလွန်အကျွံအလုပ်မပိအောင် ချင့်ချိန်ပြီး လုပ်ဆောင်ခိုင်းသင့်တယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအသောက်တွေ စားသောက်စေပြီး ပုံမှန်လေ့ကျင့်ခန်းတွေ လုပ်ဖြစ်စေဖို့၊ စိတ်ပြေလက်ပျောက်ဖြစ်အောင် အဆင်ပြေချောမွေ့တဲ့ ကောင်းမွန်ပြီး သာယာကြည်နူးစေတဲ့ ခရီးတွေထွက်တဲ့နေရာမှာလည်း ပါဝင်ကူညီပေးနိုင်ဖို့ လိုပါတယ်။


စိတ်ဓာတ်ကျတာက တဖြည်းဖြည်း ပိုဆိုးလာမယ်၊ ပိုဆိုးလာတဲ့အခါ ကူသူကယ်သူမဲ့ ခံစားချက်ဖြစ်တဲ့ အခြေအနေမျိုးဖြစ်လာပြီး လောကကြီးမှာ ငါဟာ လူပိုတစ်ယောက်ပဲ၊ လောကကြီးထဲကနေ ငါ့ဘဝကို အဆုံးသတ်တာပဲကောင်းတော့တယ်ဆိုပြီး မိမိကိုယ်မိမိ သတ်သေတာမျိုးတွေ ဖြစ်နိုင်တယ်။ ငါနဲ့အတူ ငါချစ်တဲ့သူတွေလည်း ပူဆွေးဝမ်းနည်းစရာ အဖြစ်အပျက်တွေနဲ့ ဝေးအောင် ခေါ်သွားမယ်ဆိုပြီးတော့ အနီးအနားမှာ ရှိတဲ့သူတွေကိုပါ အသက်ဆုံးရှုံးအောင် ပြုလုပ်ပြီးတော့မှ သူ့ကိုယ်သူ အသက်ဆုံးရှုံးအောင်လုပ်တဲ့အဆင့်တွေအထိ ဖြစ်သွားနိုင်သလို၊ လုပ်ငန်းဆောင်တာတွေ မလုပ်ဆောင်နိုင်တဲ့အတွက် တစ်ဦးချင်းဝင်ငွေ၊ မိသားစုဝင်ငွေနဲ့ နိုင်ငံသားကောင်းတွေ ဆုံးရှုံးတယ်ဆိုတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါတင်မကသေးဘူး။ ဆုံးဖြတ်ချက်တွေ လွဲမှားပြီး စီးကရက်တွေ၊ အရက်တွေသောက်သုံးပြီး ပြဿနာမျိုးစုံ ရှာဖွေတဲ့အဆင့်တွေလည်း ဖြစ်လာနိုင်ပါတယ်။


          တစ်နေ့တာအတွက် ပုံမှန်အစာအာဟာရ မျှတအောင်စားဖို့ လိုသလို ပုံမှန်ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုပါတယ်။ ကိုယ့်ဘဝကောင်းရာကောင်းကျိုးတွေအတွက် ဆောင်ရွက်စရာတွေကို အချိန်ဇယားနဲ့ဝန်မပိအောင် ကြိုးစားဆောင်ရွက်ရမှာဖြစ်သလို တခြားသူတွေကိုလည်း ကူညီနိုင်သမျှ ကူညီတာတွေ အကောင်းမြင်စိတ်မွေးပြီးလုပ်ပေးရမယ်။ လူမှုရေးကိစ္စတွေ၊ သာသနာရေးတွေမှာ ဝင်ရောက်ကူညီတာမျိုးတွေ လုပ်ပြီးတော့ တစ်ခုခုခံစားလာရရင် ရင်ဖွင့်ပြီး တိုင်ပင်ပြောကြားတာ၊ လိုအပ်ရင်လည်း အကူအညီ ယူစရာရှိတာကို ယူမယ်ဆိုရင် စိတ်ကျဝေဒနာမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ အထူးသဖြင့် လောကဓံရဲ့ဒဏ်ကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်တယ်။ လောကဓံရဲ့ဒဏ်မခံရအောင် စနစ်တကျနဲ့ ရင်ဆိုင်နိုင်တယ်။ ပျော်ပျော်လည်းနေတတ်တယ်ဆိုရင် စိတ်ကျရောဂါဝေဒနာဖြစ်ဖို့ ခဲယဉ်းမှာပဲ ဖြစ်ပါတယ်။

Credit : သဇင်ဖြူဖြူထွေး



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18