Print

လည်ပင်းကြီးရောဂါကို ဘယ်လိုကုသပါသလဲ အပိုင်း(၁)

  19-Jul-2019
Preview Image

          လည်ပင်းကြီးရောဂါ (Goitre) ဆိုတာ တစ်မျိုးတစ်စားတည်း မဟုတ်လို့ ဒီရောဂါတွေကို ဘယ်လိုကုသသလဲဆိုရာမှာလည်း ရောဂါအမျိုးအစား၊ ရောဂါအဆင့်နဲ့ လူနာရဲ့ ပကတိ ကျန်းမာရေး အခြေအနေတွေပေါ်မူတည်ပြီး ကုသပေးကြရပါတယ်။ ကုသပုံတစ်မျိုးတည်းနဲ့ ကုသလို့ မရဘူးဆိုတာ ဦးစွာ သိထားဖို့လိုပါတယ်။ ဒါကြောင့် ဒီရောဂါတွေကို ဘယ်လိုစမ်းသပ်ရှာဖွေသိရှိနိုင်တယ်ဆိုတာ ဆွေးနွေးခဲ့ပြီးတာမို့ ယခုတော့ ဘယ်လိုရောဂါတွေကို ဘယ်လို ကုသပေးကြရတယ်ဆိုတာ ထိုက်သင့်သလောက် ဆွေးနွေးတင်ပြပေးမှာ ဖြစ်ပါတယ်။


          ဇီဝကမ္မသဘောအရ သဘာဝအလျောက်သိုင်းရွိုက်ဟော်မုန်းတွေ ပိုလိုအပ်လို့ ဒီသိုင်းရွိုက်ဂလင်းတွေက ပိုအလုပ်လုပ်ရလို့ ပိုကြီးလာတဲ့ Physiological Goitre များဖြစ်တာကြောင့် လူပျို အပျိုဝင်စအရွယ်တွေ၊ ကိုယ်ဝန်ဆောင်စအမျိုးသမီးတွေမှာ ထူးထူးထွေထွေဆေးပေးရတာ၊ ခွဲစိတ်ရတာ မရှိပါဘူး။ အိုင်အိုဒင်းဓာတ်လိုအပ်တာဖြစ်လို့ အိုင်အိုဒင်းဆားကို သတိထားသုံးစွဲပါက လုံလောက်ပါတယ်။ အရွယ်ရောက်ပြီးတဲ့အခါ သားသမီးမွေးဖွားပြီးတဲ့အခါ တွေမှာလည်း သူ့အလိုလို ပျောက်ကင်းသွားတတ်ကြပါတယ်။


ဘယ်အခါမှာ လည်ပင်းကြီးရောဂါကို ကုသဖို့ လိုသလဲဆိုတော့ (က) လည်ပင်းကကြီးနေလို့ ကြည့်လို့မကောင်းတာ (ခ) သိုင်းရွိုက်ဂလင်းက ဟော်မုန်းဓာတ်တွေ ထုတ်တာများလို့ သိုင်းရွိုက်အဆိပ်တက်တတ်တဲ့ Thyrotoxicosis ဖြစ်နေတဲ့အခါ (ဂ) ကြီးမားနေတဲ့ သိုင်းရွိုက်ဂလင်းက အသက်ရှုတဲ့ လေပြွန်မကြီးကို ဖိထားလို့ အသက်ရှုရတာ ခက်ခဲတဲ့အခါ (ဃ) အစာမျိုပြွန်ကို ဖိထားပြီး အစာမျိုရတာ ခက်ခဲ အဆင်မပြေတဲ့အခါ (င) သိုင်းရွိုက်အလုံး အကျိတ်အဖုဟာ ကင်ဆာရောဂါ ဖြစ်နိုင်ခြေရှိတဲ့အခါ ကင်ဆာဖြစ်နေတဲ့အခါတွေမှာ လည်ပင်းကြီးရောဂါကို ဆေးဝါးများဖြင့်သော်လည်းကောင်း၊ ခွဲစိတ်ကုသမှုဖြင့်သော်လည်းကောင်း ကုသပေးဖို့ လိုအပ်လာပါတယ်။


          သိုင်းရွိုက်ဂလင်းထဲက Follicle ထိပ်တွေမှာ Colloid တွေစုခဲနေတဲ့ Colloid Goitre ဒီကမှတစ်ဆင့် ပျက်စီးလိုက် ပြန်ဖြစ်လိုက်နဲ့ အလုံးအဖုတွေ ပေါ်လာတဲ့ Multinodular Goitre တွေမှာ ထုပမာဏ ကြီးမားလာကာ ကြည့်ရှုမကောင်းဖြစ်နေပါက လူနာစိတ်ချမ်းသာစေဖို့ ပုံမှန်ထုပမာဏကိုသာ ချန်ထားပြီး ကျန်တဲ့အစိုင်အခဲကြီးကို ခွဲစိတ်ဖြတ်ထုတ်ပေးရပါတယ်။ ဒီအလုံးအဖုတွေထဲက တချို့အလုံးအဖုက ဟော်မုန်းဓာတ်တွေ ပိုထုတ်လုပ်လို့ သိုင်းရွိုက်အဆိပ်တက်တဲ့ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။ ဒီရောဂါရဲ့ လက္ခဏာတွေမှာ အဓိကအားဖြင့် ရင်တုန် ရင်ခုန်ခြင်း၊ နှလုံးခုန်မမှန်ခြင်း ၊ အပူဒဏ်မခံနိုင်ဘဲ စိတ်ပူပန်သောကဖြစ်ရခြင်း၊ ဒေါသပိုထွက် ပိုကြီးကာ ပတ်ဝန်းကျင်နဲ့ ဆက်ဆံရေး အဆင်မပြေတာဖြစ်တတ်ခြင်း၊ အစာစားနိုင်ပေမယ့် ဝမလာဘဲ ပိန်ခြောက်လာခြင်း၊ တချို့မှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း၊ အမျိုးသမီးတွေမှာ ဓမ္မတာမမှန်ဘဲ သွေးဆုံးသွားတတ်ခြင်းစတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာတတ်ပါတယ်။


          ဒီလို အလုံးအကျိတ်များစွာရှိနေတဲ့ Multinodular Goitre မှာ တချို့အလုံးအဖုက ဟော်မုန်းဓာတ်တွေ ပိုထုတ်ပေးသလို တချို့လည်း ပျက်စီးပြီး အရည်အိတ်ဖြစ်သွားပါတယ်။ ဒါကို Cystic Degeneration လို့ ခေါ်ပါတယ်။ တချို့မှာတော့ ဒီ Cyst တွေထဲက သွေးကြောပေါက်ပြီး အလုံးအဖုက ရုတ်ခြည်းကြီးထွားလာပြီး နာကျင်မှုကို ပေးသလို အသက်ရှူလမ်းကြောင်း၊ အစာမျိုလမ်းကြောင်းတွေကို ဖိထားလို့ အသက်ရှူကျပ်တာ၊ အစာကောင်းကောင်း မျိုမရတာတွေ ဖြစ်နိုင်ပါတယ်။ တချို့အဖုအလုံးတွေက ရင်ခေါင်းအတွင်း တိုးဝင်ကြီးထွားလို့ သွေးပြန်ကြောတွေကို ဖိမိပြီး နှလုံးကို သွေးကောင်းစွာ ပြန်မစီးနိုင်လို့ မျက်နှာညိုပုတ်ပြီး သွေးပြန်ကြောတွေ ထောင်ထနေတတ်ပါတယ်။ ဒီလိုနောက်ဆက်တွဲ ရောဂါအခြေအနေတွေ ပေါ်လာရင်လည်း ခွဲစိတ်ကုသဖို့ လိုအပ်လာပြီ ဖြစ်ပါတယ်။ တချို့အလုံးအဖုကတော့ ကင်ဆာရောဂါအဖြစ် ပြောင်းလဲသွားတတ်သလို အစကနဦးကပင် ကင်ဆာအဖြစ် ပေါ်လာတာလည်း ရှိကြပါတယ်။

Credit: ပါမောက္ခ ဦးမြသိန်းဟန် (အထွေထွေခွဲစိတ်အထူးကု ဆရာဝန်ကြီး) 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18