Print

သင့်ရဲ့ကိုယ်ခံစွမ်းအားကို သဘာဝအရ ဘယ်လိုမြှင့်တင်မလဲ?

  29-Aug-2021
Preview Image

          သင့်ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးခြင်းဟာ သင့်ရဲ့ကျန်းမာရေးကို တစ်ဖက်တစ်လမ်းကနေ အထောက်အကူပေးနေပါတယ်။ ဒါကြောင့် သင့်ရဲ့ကိုယ်ခံစွမ်းအားကို တတ်နိုင်သမျှ အလွယ်ဆုံးနဲ့ မြှင့်တင်နေဖို့ လိုအပ်ပါတယ်။ ကောင်းမွန်တဲ့ နေ့စဉ် စားသောက်မှုပုံစံနဲ့ လူနေမှုပုံစံတွေဟာ သဘာဝအလျှောက် သင့်ရဲ့ ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ဖို့ နည်းလမ်းများဖြစ်ပါတယ်။

 

၁။ အိပ်ရေးဝအောင်အိပ်ပါ။

          အိပ်စက်အနားယူခြင်းနဲ့ ကိုယ်ခံစွမ်းအားဟာ တိုက်ရိုက်ဆက်နွယ်နေပါတယ်။ အချက်အလက်အရပြောရမယ်ဆိုရင် အိပ်ရေးမဝခြင်းဟာ နည်းအမျိုးမျိုးနှင့် ကျန်းမာရေးမကောင်းခြင်းကို အတိအကျဖြစ်စေပါတယ်။ လေ့လာမှုတွေအရ လူရွယ်တစ်ယောက်မှာ ညအိပ်ချိန် အနည်းဆုံး ၇နာရီတော့ လိုအပ်ပါတယ်။ ဆယ်ကျော်သက်တွေကတော့ အနည်းဆုံး ၈နာရီအထက် အိပ်ဖို့ လိုအပ်ပါတယ်။ အိပ်တယ်ဆိုရာမှာ ခန္ဓာကိုယ်အတွက် အသင့်တော်ဆုံးအိပ်ချိန်ဟာ ည ၁၀နာရီ နဲ့ နံနက် ၅နာရီကြား ပဲဖြစ်ပါတယ်။ အိပ်တဲ့အခါမှာလည်း မီးပိတ်၍ အမှောင်ချအိပ်သင့်ပါတယ်။ ဖုန်း ဒါမှမဟုတ် လျှပ်စစ်ပစ္စည်းတစ်ခုခုမှ ထွက်တဲ့ အပြာရောင်မှေးမှေးအလင်းရောင်များကပင် နှစ်ခြိုက်စွာ အိပ်ပျော်မှုကို အနှောက်အယှက် ဖြစ်စေပါတယ်။

၂။အရည်ရွှမ်းတဲ့ အသီးအရွက် များများစားပါ။

          အသီး၊ အရွက်၊ အစေ့အဆံ များမှာ ဓာတ်တိုးဆန့်ကျင်ပစ္စည်း များစွာပါဝင်ပါတယ်။ ဒါတွေဟာ ရောဂါဘယများကို ကူညီတိုက်ထုတ်မယ့် အားတစ်ခုပါပဲ။ အသီး အရွက် အစေ့အဆံများဟာ ဦးနှောက်နှင့် အာရုံကြော၊ နှလုံးနှင့်သွေးကြော၊ ကင်ဆာရောဂါတွေအတွက် လုံးဝကို ကောင်းမွန်ပါတယ်။ ၎င်းတို့မှာပါဝင်တဲ့ အမျှင်ဓာတ်ဟာ အစာအိမ်နှင့်အူလမ်းကြောင်းအတွက်လည်း များစွာ အထောက်အကူပြုပါတယ်။ အူလမ်းကြောင်းမှကူးစက်နိုင်သော ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်။ ၎င်းတို့မှာ အများအားဖြင့် ဗီတာမင်စီ ပါဝင်တဲ့အတွက်ကြောင့် အအေးမိဖျားနာခြင်းမှလည်း ကာကွယ်ပေးနိုင်ပါတယ်။

၃။ မပြည့်ဝဆီများသာ စားသုံးပါ။

          တိရိစ္ဆာန်များမှရသော အဆီများနှင့် ထပ်ခါတလဲလဲကြော်ထားသော ဆီများသည် ပြည့်ဝဆီများဖြစ်သည်။ ပြည့်ဝဆီများစားသုံးခြင်းကြောင့် သွေးကြောကျဉ်းရောဂါများ၊ သွေးတိုးရောဂါ၊ အဝလွန်ခြင်းရောဂါ၊ ကင်ဆာရောဂါများ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မပြည့်ဝဆီများဖြစ်သော ဆီထွက်သီးနှံများမှရသော နှမ်းဆီ၊ ပဲဆီ၊ သံလွင်ဆီများနှင့် ငါးကြီးများမှရသော ငါးကြီးဆီများသာ စားသုံးသင့်ပါတယ်။ မပြည့်ဝဆီများကိုသာ စားသုံးပေးခြင်းဖြင့် ခန္ဓာကိုယ်အတွက်ကောင်းမွန်သော ကိုလက်စရောများကို မြင့်တက်စေပြီး ဆိုးကျိုးဖြစ်စေသော ကိုလက်စရောများကို လျော့ကျစေပါတယ်။ ဒါမှ ဆီးချို၊ သွေးတိုး၊ ကင်ဆာရောဂါများကို ကာကွယ်ပြီးသားဖြစ်စေပါတယ်။

၄။ ဒိန်ချဉ်စားပေးပါ။

          ဒိန်ချဉ်ဟာ အစာအိမ်အူလမ်းကြောင်းတစ်လျှောက်မှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဘတ်တီးရီးယားလေးတွေကို များစေပါတယ်။ လေ့လာမှုတွေအရ ဒိန်ချဉ်ကို နေ့စဉ်ဒါမှမဟုတ် တစ်ပတ်၃ခါလောက်သောက်ပေးခြင်းဖြင့် အစာအိမ်နှင့်အူလမ်းကြောင်းကျန်းမာရေးပိုမိုကောင်းမွန်ပြီး အာဟာရစုပ်ယူမှုအားကောင်းကာ ကိုယ်ခံစွမ်းအားကို မြင့်စေပါတယ်။ တစ်ခုရှိသေးတာက ဒိန်ချဉ်ဟာ နို့ထွက်ပစ္စည်းတစ်မျိုးဖြစ်တဲ့အတွက် ဝက်ခြံထွက်တာကို ပိုဆိုးစေတတ်ပါတယ်။ ဒါကြောင့် သင်ဟာ ဝက်ခြံထွက်တတ်တဲ့သူတစ်ယောက်ဆိုရင်တော့ သတိထားပြီးမှ စားစေချင်ပါတယ်။

၅။သကြားလျှော့စားပါ။

          များစွာသော လေ့လာမှုတွေအရ သကြားစားသုံးမှုများခြင်းဟာ အဝလွန်ခြင်းကို အတိအကျဖြစ်စေပါတယ်။ အဝလွန်ခြင်းဖြစ်ပြီဆိုလျှင် နောက်ဆက်တွဲတွေအနေနှင့် ဆီးချို၊ သွေးတိုး၊ အရိုးပါး၊ မီးယပ်ရောဂါများ ဖြစ်စေနိုင်ပါတယ်။ သကြားဟာ ကင်ဆာရောဂါကိုလည်း ပိုမိုဆိုးရွားစေပါတယ်။ ဒါကြောင့် သကြားကို တတ်နိုင်သမျှ လျှော့စားပေးဖို့ တိုက်တွန်းလိုပါတယ်။

၆။လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။

          လေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်နဲ့ ကာလကြာရှည်လုပ်မယ်ဆိုရင်တော့ ကိုယ်ခံစွမ်းအား ကျစေပါတယ်။ ဒါပေမယ့် သင့်တော်သော ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလေးများကို ပုံမှန်လုပ်ပေးခြင်းကတော့ ကိုယ်ခံစွမ်းအားကို တက်စေနိုင်ပါတယ်။ မလိုအပ်တဲ့အဆီပိုတွေကို လောင်ကျွမ်းစေပြီး အဆိပ်အတောက်များကို ပျက်စီးစေပါတယ်။ ဒါကြောင့် စက်ဘီးစီးခြင်း၊ ရေကူးခြင်း၊ လမ်းလျှောက်ခြင်း စတဲ့ ပေါ့ပါးတဲ့လေ့ကျင့်ခန်းလေးများကို ပုံမှန်လုပ်စေချင်ပါတယ်။

၇။ရေအလုံအလောက်သောက်ပါ။

          ကျွန်ုပ်တို့ရဲ့ ခန္ဓာကိုယ်ဟာ ရေဓာတ် ၇၅%နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းဟာ ရောဂါတွေအားလုံးကို ပိုမိုဆိုးရွားစေသလို၊ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်း ကိုယ်ခံစွမ်းအားကို ကျဆင်းစေနိုင်ပါတယ်။ ဒါကြောင့်ရေဓာတ်ပြည့်ဝအောင် မိမိကိုယ်ကိုယ်ဂရုစိုက်ရပါမယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၂လီတာတော့ သောက်သင့်ပါတယ်။ ရေဓာတ်ခမ်းခြောက်ပါက ခေါင်းကိုက်ခြင်း၊ နှုံးချိခြင်း၊ နှုတ်ခမ်းခြောက်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ရေအလုံအလောက်သောက်ပေးခြင်းဖြင့် အစာအိမ်နှင့်အူလမ်းကြောင်း၊ ဦးနှောက်နှင့်အာရုံကြော၊ နှလုံးနှင့်သွေးကြောများအတွက် များစွာ အထောက်အကူဖြစ်စေပါတယ်။

၈။ စိတ်ဖိစီးမှုကို လျှော့ချပါ။

          စိတ်ထောင်းကိုယ်ကြေဆိုသည့်အတိုင်း စိတ်ဖိစီးမှုများလာတဲ့အခါမှာ ခန္ဓာကိုယ်မှာ ဟော်မုန်းအပျောင်းအလဲတွေဖြစ်လာစေပြီး ပုံမှန်လုပ်ငန်းဆောင်တာတွေ ကမောက်ကမတွေ ဖြစ်ကုန်စေပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှုလျှော့စေမယ့် တရားထိုင်ခြင်း၊ ယောဂလေ့လာခြင်း၊ ပေါ့ပေါ့ပါပါးလေ့ကျင့်ခန်းလုပ်ခြင်း၊ စာဖတ်ခြင်း စတာလေးတွေ ပြုလုပ်ပေးနိုင်ပါတယ်။

ကျန်းမာသုခနှင့် ပြည့်ဝကြပါစေ။

 

Reference- Healthline, WebMD

Dr.Lwin Moe Kyaw



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18