Print

အားဆေးသောက်တာတွေက တကယ်ရော အကျိုးရှိရဲ့လား

  15-Sep-2021
Preview Image


နောက်ဆုံး ဆယ်စုနှစ်ကာလများမှာ အားဆေးသောက်ခြင်းဟာ ကမ္ဘာတဝှမ်းနှုန်းနဲ့ မြင့်တက်လာပါတယ်။ အားဆေးသောက်ခြင်းကြောင့် ကျန်းမာရေးကို ကောင်းမွန်စေပြီး၊ အစားအသောက်မမှန်ခြင်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်သလို နာတာရှည်ရောဂါတွေဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ လူတစ်ချို့က ယူဆကြပါတယ်။ ဒါပေမယ့် တကယ်ရော အားဆေးသောက်ခြင်းက အထက်ပါကျန်းမာရေး အကျိုးကျေးဇူးတွေကို ရစေနိုင်ပါသလား။

အားဆေးတွေထဲမှာ ဗီတာမင်တွေ၊ သတ္ထုဓာတ်တွေနဲ့ တခြားဓာတ်ပစ္စည်းတွေပါဝင်ပါတယ်။ ပါဝင်ပစ္စည်း အချိုးအစားကတော့ ထုတ်လုပ်တဲ့ ကုမ္ပဏီပေါ်လိုက်ပြီး ကွာခြားနိုင်ပါတယ်။ ဆေးဝါး၊ ဆေးရည်အပြင် ဝါးစားနိုင်တဲ့ဆေး စသဖြင့် ပုံစံမျိုးစုံနဲ့ လာတတ်ပါတယ်။ အားဆေးတွေကို အများအားဖြင့် တစ်နေ့ တစ်ကြိမ် ဒါမှမဟုတ် နှစ်ကြိမ် သောက်သုံးနိုင်ပါတယ်။

အားဆေးနဲ့ နှလုံးရောဂါ

နှလုံးရောဂါက ကမ္ဘာအနှံ့မှာ သေဆုံးမှုတွေဖြစ်စေတဲ့ အဓိကအကြောင်းအရင်း ဖြစ်ပါတယ်။ လူအများစုက အားဆေးသောက်တာဟာ နှလုံးရောဂါကို ကာကွယ်ပေးနိုင်တယ်လို့ယူဆကြပါတယ်။ ဒါပေမယ့် သုတေသနတွေမှာတော့ ရလဒ်နှစ်မျိုးကွဲပြားနေတာ တွေ့ရပါတယ်။ ဆယ်စုနှစ်တစ်ခုအကြာ လူလတ်ပိုင်း အမျိုးသားဦးရေ ၁၄၀၀၀ ကို စမ်းသပ်ရာမှာတော့ အားဆေးတွေက နှလုံးရောဂါကို ကာကွယ်ပေးနိုင်စွမ်းမရှိကြောင်းကို တွေ့ရပါတယ်။ မကြာသေးခင်က လေ့လာချက်မှာတော့ အားဆေးကို အနည်းဆုံးသုံးနှစ် ပုံမှန်သောက်တဲ့ အမျိုးသမီးတွေမှာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို ၃၅% အထိ လျှော့ချပေးနိုင်တာကို တွေ့ရပါတယ်။

အားဆေးနဲ့ ကင်ဆာရောဂါ

အားဆေးနဲ့ ကင်ဆာရောဂါ ဆက်စပ်မှုကို လေ့လာရာမှာလဲ ရလဒ်တွေက ကွဲပြားနေပါတယ်။ တချို့လေ့လာချက်တွေမှာ အားဆေးသောက်ခြင်းက ကင်ဆာရောဂါကို ကျဆင်းစေနိုင်တယ်လို့ ဆိုပေမယ့် တစ်ချို့တွေမှာတော့ အကျိုးရလဒ်မရှိတာကိုတွေ့ရှိရပါတယ်။ တချို့ လေ့လာချက်တွေမှာဆို အားဆေးကာလကြာရှည်သောက်သုံးတဲ့ သူတွေမှာ ကင်ဆာရောဂါဖြစ်နိုင်ခြေ မြင့်တက်လာတာကိုပါ တွေ့ရပါတယ်။

အားဆေးနဲ့ ဦးနှောက်စွမ်းဆောင်ရည်

သုတေသန အများစုမှာတော့ သက်ကြီးရွယ်အိုတွေမှာ အားဆေးသောက်တာက မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေနိုင်ကြောင်းတွေ့ရပါတယ်။ ဗီတာမင်ချို့တဲ့ခြင်းက တက်ကြွလန်းဆန်းမှု မရှိတာနဲ့ ဆက်စပ်နေတာကို လေ့လာတွေ့ရှိခဲ့သလို ဗီတာမင်အားဆေးတွေသောက်ခြင်းဖြင့် တက်ကြွလန်းဆန်းစေနိုင်တာကိုလည်း တွေ့ရပါတယ်။ ဒါပေမယ့် တချို့သော သုတေသနတွေမှာတော့ ဗီတာမင်တွေက စိတ်အခြေအနေကို သက်ရောက်မှုမရှိဘူးလို့ ဆိုကြပါတယ်။

အားဆေးနှင့် မျက်စိကျန်းမာရေး

အသက်အရွယ်ကြောင့်ဖြစ်တဲ့ မျက်လုံးပျက်စီးမှုက အမြင်အာရုံကွယ်ပျောက်မှုရဲ့ အဓိက အကြောင်းအရင်းဖြစ်ပါတယ်။ သုတေသနတစ်ခုမှာတော့ ဓာတ်တိုးဆန့်ကျင်ဗီတာမင်နဲ့ သတ္ထုဓာတ်တွေက မျက်လုံးပျက်စီးမှုကို နှေးကွေးစေတယ်လို့ တွေ့ရပါတယ်။ ဒါပေမယ့် တချို့သုတေသနတွေမှာတော့ ကာကွယ်ပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။ တချို့သုတေသနတွေမှာတော့ ဗီတာမင်တွေက မျက်လုံးတိမ်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်တယ်လို့တွေ့ရပါတယ်။

အားဆေးတွေက အန္တရာယ်ပေးနိုင်သလား

အားဆေးသောက်သုံးရာမှာ ပမာဏက အရေးကြီးပါတယ်။ တချို့ဗီတာမင်တွေမှာ ပမာဏများလို့ ကိစ္စမရှိပေမယ့် တချို့ဗီတာမင်တွေ များသွားရင်တော့ ခန္ဓာကိုယ်ကို ထိခိုက်နိုင်ပါတယ်။ ဗီတာမင်တွေမှာ ရေမှာပျော်ဝင်တဲ့ ဗီတာမင်နဲ့ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်ဆိုပြီး နှစ်မျိုးရှိပါတယ်။ ရေမှာပျော်ဝင်တဲ့ ဗီတာမင်တွေများသွားရင် ခန္ဓာကိုယ်က အလွယ်တကူ စွန့်ထုတ်နိုင်ပေမယ့် အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကတော့ အလွယ်တကူ မစွန့်ထုတ်နိုင်တဲ့အတွက် ကိုယ်တွင်းမှာ စုပုံလာနိုင်ပါတယ်။ အဆီမှာပျော်ဝင်တဲ့ ဗီတာမင်တွေကတော့ ဗီတာမင် A,D,E နဲ့K တို့ဖြစ်ပါတယ်။ ဗီတာမင် E နဲ့ K တို့ကတော့ ပမာဏများလို့လူကို ဒုက္ခမပေးနိုင်ပေမယ့် ဗီတာမင် A နဲ့ D တို့ကတော့ များတဲ့ အခါမှာ ခန္ဓာကိုုယ်အပေါ် ထိခိုက်စေနိုင်ပါတယ်။

ဘယ်သူတွေ အားဆေးသောက်သင့်လဲ

အားဆေးတွေက လူတိုင်းအတွက် မဟုတ်ပါဘူး။ တချို့သူတွေမှာဆို ဆိုးကျိုးတွေတောင်ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် တချို့သူတွေ အတွက်တော့ အားဆေးသောက်ဖို့လိုအပ်ပါတယ်။ အားဆေးသောက်သင့်တဲ့သူတွေကတော့ သက်ကြီးရွယ်အိုများ၊ သတ်သတ်လွတ်သမားများ၊ ကိုယ်ဝန်ဆောင်တွေနဲ့ နို့တိုက်မိခင်များဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ်အလေးချိန်ကျအောင် ခွဲစိတ်ထားသူများ၊ ကယ်လိုရီနည်းတဲ့ အစားအစာတွေစားနေသူများ၊ အစားအသောက်ပျက်သူများနဲ့ အစားအစာကနေ လုံလောက်တဲ့ အာဟာရ မရသူများအနေနဲ့လည်း အားဆေးသောက်သုံးသင့်ပါတယ်။

Dr.Aung

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18