Print

ဗီတာမင် D လွန်ကဲခြင်းအကြောင်း

  03-Nov-2021
Preview Image

ဗီတာမင် D လွန်ကဲခြင်းအကြောင်း

          ဗီတာမင် D လွန်ကဲခြင်းသည် အဖြစ်နည်းသော ပြဿနာတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဖြစ်ပြီဆိုလျှင် အန္တရာယ်ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ ဒါဟာ ဗီတာမင် D ပါဝင်တဲ့ အားဆေးတွေ အလွန်အကျွံသောက်သုံးခြင်းကြောင့်ဖြစ်ပါတယ်။

          ဗီတာမင် D လွန်ကဲခြင်းကြောင့် သွေးထဲမှာ ကယ်စီယမ် (Calcium) ပမာဏ မြင့်မားလာစေနိုင်ပါတယ်။ ဒါက အရိုးနဲ့ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေပေါ်မှာ သက်ရောက်မှုရှိပါတယ်။ ကုသမှုမခံယူဘူးဆိုရင် သွေးပေါင်တက်ခြင်း၊ အရိုးပျက်စီးမှုများခြင်းနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်ပါတယ်။

          အမှန်တကယ်တော့ သင်ဟာ ဗီတာမင် D ကို အစားအသောက်နဲ့ နေရောင်ခြည်ကနေပြီးတော့ အလွန်အကျွံ မရနိုင်ပါဘူး။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ Tanning bed လို့ခေါ်တဲ့ နေရောင်ခံစက်တွေအသုံးပြုခြင်းကြောင့် ဗီတာမင် D လွန်ကဲခြင်းတွေတော့ ရှိခဲ့ဖူးပါတယ်။

          အများအားဖြင့်တော့ ဗီတာမင် D လွန်ကဲခြင်းဟာ နေ့စဉ်လိုအပ်တဲ့ ဗီတာမင် D ပမာဏထက်ပိုပြီး ဖြည့်စွက်ဆေးစားမိတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။ နေ့စဉ်လိုအပ်တဲ့ပမာဏဖြစ်တဲ့ ဗီတာမင် D  4000IU ထက်ပိုပြီး မစားသင့်ပါဘူး။ ဒါကြောင့် အားဆေးတွေသောက်တဲ့အခါမှာ ဗီတာမင် D ပါဝင်မှု ပမာဏကို ကြည့်ပြီးမှ သောက်သင့်ပါတယ်။ ဒါပေမယ့် တချို့ကျန်းမာရေးအခြေအနေတွေဖြစ်တဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါနဲ့ ဗီတာမင် Dချို့တဲ့ရောဂါတွေမှာတော့ ဆရာဝန်တွေကိုယ်တိုင် အချိန်တိုအတွင်း ဗီတာမင်ဒီပမာဏ များများပေးတဲ့အခါတွေတော့ ရှိနိုင်ပါတယ်။

          တချို့ဆေးဝါးများဖြစ်တဲ့ သွေးပေါင်ကျဆေး ( Thiazide ဆီးဆေး)၊ နှလုံးဆေး ( Digoxin) တို့ဟာ သွေးထဲမှာ ဗီတာမင် D ပမာဏ များစေနိုင်ပါတယ်။ ပြီးတော့ မဟော်မုန်း အစားထိုးကုသခြင်း၊ အစာအိမ်ဆေးများ ကာလကြာရှည်သောက်သုံးနေခြင်းနှင့် တီဘီဆေးတစ်မျိုးဖြစ်တဲ့ Isoniazide ဆေး သောက်နေရခြင်းတို့ကြောင့်လည်း ဗီတာမင် D ပမာဏ မြင့်တက်စေနိုင်ပါတယ်။

          ကျောက်ကပ်ရောဂါ၊ အသည်းရောဂါ၊ တီဘီရောဂါ၊ ပါရာသိုင်းရွိုက်များသောရောဂါ ရှိသူများမှာလည်း ဗီတာမင် D ပမာဏ မြင့်တက်နေတတ်ပါတယ်။

          ဗီတာမင် D ပမာဏ လွန်ကဲနေလျှင် သွေးထဲမှာ ကယ်လစီယမ်ပမာဏများလာစေပါတယ်။ သွေးထဲမှာ ကယ်လစီယမ်ပမာဏများလာတဲ့အခါမှာ နုံးချိခြင်း၊ အစားအသောက်ပျက်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ အလွန်းအမင်းရေငတ်ခြင်း၊ အလွန်အမင်းဆီးသွားခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ စိတ်ဆတ်ခြင်း စိတ်တိုလွယ်ခြင်း၊ နားအူခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ မူးဝေအော့အန်ခြင်း၊ ခေါင်းမူးခြင်း၊ စိတ်ရှုပ်ထွေးခြင်း၊ ဂဏာမငြိမ်ဖြစ်ခြင်း၊ သွေးပေါင်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း စတဲ့လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

          နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ကျောက်ကပ်အတွင်းကျောက်တည်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်း၊ အရိုးပျက်စီးမှုများခြင်း၊ သွေးကြောများ ကိုယ်တွင်းအင်္ဂါများ မာကြောခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ သွေးတွင်း ကယ်ဆီယမ်ပမာဏများခြင်းကြောင့် နှလုံးခုန်မမှန်ခြင်း ဖြစ်စေနိုင်ပါတယ်။

          ဗီတာမင် D လွန်ကဲခြင်းရှိမရှိကို ဆရာဝန်က လူနာရဲ့ သမိုင်းကြောင်းမေးခြင်းဖြင့်သော်လည်းကြောင်း၊ သွေးအတွင်း ဗီတာမင် D ပမာဏ၊ ကယ်လဆီယမ်ပမာဏ၊ ဖော့စ်ဖောရပ်  ပမာဏ စစ်ဆေးခြင်းဖြင့်သော်လည်းကောင်း၊ ဆီးအတွင်း ကယ်လ်ဆီယမ်ပါဝင်မှု ပမာဏစစ်ဆေးခြင်းဖြင့်သော်လည်းကောင်း၊ အရိုးများကို ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့်သော်လည်းကောင်း စစ်ဆေးနိုင်ပါတယ်။

          ဗီတာမင် D လွန်ကဲခြင်းကို ကာကွယ်နိုင်ရန် ဗီတာမင် D ဖြည့်စွက်ဆေးများကို အလွန်အကျွံ မသောက်သုံးသင့်ပါဘူး။ တစ်ရက်ကို အစားအသောက်ရော ဖြည့်စွက်အားဆေးရောအပါအဝင် ဗီတာမင် D  အများဆုံးပမာဏ 4000 IU ထက်မပိုသင့်ပါဘူး။ ဆေးမသောက်ဘဲ ဗီတာမင် D ကြွယ်ဝတဲ့အစားအစာတွေပဲ စားချင်တယ်ဆိုရင်တော့ အသည်း၊ ဆယ်လ်မွန် တူနာ စတဲ့အဆီများသောငါး၊ ဒိန်ခဲ၊ ကြက်ဥအနှစ်၊ မှို စတာတွေ စားပေးသင့်ပါတယ်။ နောက်ပြီး တစ်နေ့ကို ၁၅မိနစ်လောက် နေပူစာလှုံပေးသင့်ပါတယ်။ မနက်စောနေရောင်ခြည်ဖြစ်သင့်ပါတယ်။ နေပူစာလှုံတဲ့အခါမှာ နေရောင်ကာလိမ်းဆေး မလိမ်းခင်မှာ လှုံပါ။

 

 

Dr. Lwin Moe Kyaw

Reference- Mayo clinic, Wikipedia



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18