Print

အသည်းရောင်အသားဝါ အန္တရာယ် WHO သတိပေး

  24-Apr-2017
Preview Image

WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ထုတ်ပြန်တဲ့ ကမ္ဘာတဝန်းအသည်းရောဂါဆိုင်ရာ အစီရင်ခံစာ ။

အသည်းရောင် အသားဝါ B ပိုး ဒါမှမဟုတ် C ပိုးကူးစက်နေသူပေါင်း ကမ္ဘာတဝန်းမှာ သန်းပေါင်း ၃၂၀ ကျော်လောက် ရှိနေတယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ခန့်မှန်းလိုက်ပြီး ဒီပြဿနာကို အရေးပေါ် ဖြေရှင်းဖို့လိုအပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ ပိုးကူးစက်နေသူ အများစုက ရောဂါပိုးရှိမရှိ စမ်းသပ်နိုင်ဖို့နဲ့ ကုသနိုင်ဖို့ အခြေအနေ မရှိကြဘူးလို့ WHO ကထောက်ပြပါတယ်။ ဒီတော့ အသည်းရောင် အသားဝါပိုး ရှိမရှိ ဘယ်လိုသိနိုင်ပါသလဲ။ ဘယ်လိုု ကာကွယ်နိုင်သလဲဆိုတာကို မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။


ကမ္ဘာတဝန်းအသည်းရောဂါဆိုင်ရာ အစီရင်ခံစာကို April ၂၁ ရက်က WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး ထုတ်ပြန်ခဲ့တဲ့ထဲမှာ Chronic Hepatitis Virus လို့ခေါ်တဲ့ အသည်းရောင် အသားဝါပိုး B နဲ့ C ကူးစက်မှုကို အဓိကထောက်ပြထားပါတယ်။ အရှေ့တောင်အာရှဒေသမှာဆိုရင် မြန်မာနိုင်ငံအပါအဝင် အသည်းရောင် အသားဝါ B ပိုးကူးစက်နေသူပေါင်း ၃၉ သန်းလောက်ရှိနေပြီး C ပိုးကူးစက်နေသူပေါင်း ၁၀ သန်းလောက်ရှိတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။ ကမ္ဘာတဝန်းမှာတော့ B ပိုး ဒါမှမဟုတ် C ပိုးကူးစက်နေသူ စုစုပေါင်း သန်း ၃၂၅ သန်းလောက်ရှိတယ်လို့ WHO ကခန့်မှန်းပါတယ်။


အဲဒီထဲက အများစုဟာ ရောဂါပိုးရှိမရှိ စမ်းသပ်မှု၊ ကုသမှု မလုပ်နိုင်ကြတဲ့အတွက် သန်းနဲ့ချီဟာ တဖြည်းဖြည်းနဲ့ အသည်းရောဂါ။ အသည်းကင်ဆာနဲ့ အဆိုးဆုံး သေဆုံးနိုင်တဲ့အခြေအနေကို ရောက်မယ့်အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ ဒါကြောင့် ဒီပြဿနာကို တကမ္ဘာတဝန်း အရေးပေါ် ဖြေရှင်းကိုင်တွယ်ကြဖို့ WHO ကတိုက်တွန်းထားပါတယ်။


အသည်းရောင်အသားဝါပိုးဆိုတာဟာ ကိုယ့်မှာကူးစက်နေတယ်ဆိုတာချက်ချင်းသိနိုင်ဖို့ ခက်ခဲတဲ့အတွက် ရောဂါဖြစ်လာမှသိကြတာများတယ်လို့ ဗြိတိန်နိုင်ငံ Leeds မြို့က သမားတော် ဒေါက်တာသက်ကိုကိုက ရှင်းပြပါတယ်။


"ဒီအတိုင်းဆိုလို့ရှိရင် မသိနိုင်ဘူး။ Hepatitis အသည်းရောင် အသားဝါ B ပိုး ရှိနေလား C ပိုးရှိနေလားဆိုတာ မသိနိုင်ဘူး။ သူက ဝင်သွားပြီးရင် သူက သူ့ဘာသာနဲ့သူ အသည်းထဲမှာနေပြီးတော့ အသည်းထဲက ဆဲလ်တွေ တော်တော်များများ ပျက်စီးကျတော့မှ အသည်းက liver failure stages ရောက်တော့မှ ကိုယ်က သိတာ ဒါမှမဟုတ်ရင်လည်း ကင်ဆာဖြစ်တဲ့stages ရောက်တော့မှသိတာ။ အဲ့အတွက်ကြောင့် ကြည့်နေရင်တော့ လူတယောက်က Hepatitis ရှိလား မရှိလားဆိုတာ ကြည့်လိုက်တာနဲ့မသိနိုင်ဘူး။ ကိုယ့်ကိုကိုယ်လည်း မသိနိုင်ဘူး အပြင်ကလူကလည်း မသိနိုင်ဘူး။


မစုမြတ်မွန်။ ။ အဲ့ဒီ့တော့ အသည်းရောင်အသားဝါပိုးကူးစက်နိုင်တယ်ဆိုတာက ဘယ်လိုမျိုး ကူးစက်နိုင်ပါသလဲ။

" ဘယ်လိုမျိုး ကူးလဲဆိုတော့ အမေကနေ ကလေးမွေးတဲ့အချိန်မှာ အမေကနေ ကလေးဆီကို ကူးနိုင်တယ်။ ပြီးလို့ရှိရင် ဆေးထိုးအပ်တွေပေါ့နော် မသန့်ရှင်းတဲ့ဆေးထိုးအပ်တွေကို သုံးစွဲခြင်းဖြင့်လည်း ကူးနိုင်ပါတယ်။ ဆေးထိုးအပ်ကတော့ နှစ်ပိုင်းရှိတာပေါ့ တပိုင်းကတော့ ဆေးရုံတွေ ဆေးခန်းတွေ မှာ တခါသုံးအပ်တွေ မသုံးတဲ့အတွက်လည်း ဟိုးအရင်ကပေါ့နော် အခုတော့ အဲ့တာမျိုးတွေ မရှိတော့ပါဘူး။


အခုတော့ တခါသုံးအပ်တွေသုံးနေကြပါပြီ။ ကျန်းမာရေး ဗဟုသုတတွေ အများကြီးတိုးပွားလာတဲ့အတွက်ပေါ့နော်။ ပြီးလို့ရှိရင် နောက်အရေးကြီးတာတခုကတော့ ဆေးသုံးစွဲမှု မူးယစ်ဆေးဝါး သုံးစွဲတဲ့အခါမှာ အကြောထဲကို မူးယစ်ဆေးဝါးထည့်တဲ့အခါမှာ အပ်နဲ့သုံးကြတာ အဲ့ဒီ့အပ်တွေက မသန့်မရှင်းပဲနဲ့ တယောက်နဲ့တယောက် အတူသုံးစွဲတဲ့အခါမှာ အဲ့တာတွေက တယောက်နဲ့တယောက် ကူးသွားပါတယ်။ အထူးသဖြင့်ကတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေမှာ ပိုများပါတယ်။ နောက်တချက်က တနည်းကတော့ လိင်ဆက်ဆံတဲ့နေရာကနေ ကူးတာပေါ့နော် အဲ့ဒီ့အတွက်ကြောင့်မို့ လိင်ဆက်ဆံတဲ့အခါမှာလည်း ကွန်ဒုံသုံးစွဲရင် ကူးစက်နိုင်တာတွေ အများကြီး လျော့နည်းနိုင်ပါတယ်။


မစုမြတ်မွန်။ ။ ကိုယ့်ဆီမှာ အသည်းရောင်အသားဝါပိုးရှိတယ် မရှိဘူးဆိုတာကို ဆရာဝန်တိုင်းက စစ်ဆေးပေးနိုင်တဲ့အတွက် လူတိုင်းစစ်ဆေးကြည့်သင့်တယ်လို့ ဒေါက်တာသက်ကိုကိုက အကြံပြုပါတယ်။ ကုသမှုလိုအပ်တယ်ဆိုရင်လည်း ကုသသင့်တာကို ခုလိုရှင်းပြပါတယ်။

" တချို့လူတွေကပြောတယ် ဒီHepatitis က မကုပဲထားလည်း ဘာမှမဖြစ်ဘူးတဲ့။ မှန်ပါတယ်။ ဘာမှ မဖြစ်ဘူး။ ချက်ခြင်းတော့ ဘာမှမဖြစ်ဘူးပေါ့နော် နောက် ငါးနှစ် ဆယ်နှစ်ကြာတဲ့အခါမှာ ကိုယ့်ရဲ့ကျန်းမာရေးကို ကြည့်ပြီး လုပ်ရမှာကိုး။ ကုရမယ် မကုလို့ရှိရင် အသည်းကြွပ်သွားတဲ့ရောဂါဖြစ်တယ်။ ပြီးရင် အသည်းက လုံးဝ အလုပ်မလုပ်တဲ့ရောဂါဖြစ်မယ်။ ပြီးလို့ရှိရင် အဆိုးဆုံးကတော့ ကင်ဆာဖြစ်မယ်။ အသည်းကင်ဆာဖြစ်မယ်ပေါ့နော် အဲ့တာတွေမဖြစ်အောင် ကုသမှုက ယူကိုယူရပါမယ်။ ဒီဗိုင်းရပ်စ်ကို ထိန်းချုပ်တဲ့ဆေးတွေ ရှိပါတယ်။ တချို့လည်း အဲ့တာတွေနဲ့ထိုးပြီးတော့ ပျောက်ကင်းသွားတဲ့သူတွေလည်း ရှိပါတယ်။ တကယ်လို့ သွေးစစ်တဲ့အခါမှာ နက်ဂတစ်ဖြစ်သွားပြီ ဆိုရင်တော့ အဲ့ဒီလူတွေဟာ Vaccine ထိုးရပါမယ်။ ကလေးတွေရော လူကြီးတွေရော ကလေးမှာလည်း Hepatitis Vaccine ရှိပါတယ်။ပြီးရင် လူကြီးတွေမှာလည်း Hepatitis Vaccine ကို ထိုးထားရပါမယ်။ ထိုးထားပြီးရင် နောက်ပြီးတော့ ငါးနှစ်တန်သည်ရှိသော ပြန်ပြန်ပြီးတော့ ထိုးတဲ့ဟာမျိုးပေါ့ ကိုယ့်ရဲ့ကိုယ်ခန္ဓာမှာ Hepatitis ဝင်မလာအောင် ကာကွယ်နိုုင်အောင် ကြိုတင်ပြီးတော့ လုပ်ထားလို့ရပါတယ်။"


ဗြိတိန်နိုင်ငံ Leeds မြို့ကသမားတော် ဒေါက်တာသက်ကိုကိုဖြစ်ပါတယ်။ WHO ရဲ့စာရင်းအရ ၂၀၁၅ ခုနှစ်အတွင်း အသည်းရောင်အသားဝါရောဂါကြောင့် သေဆုံးသူ ကမ္ဘာတဝန်းမှာ ၁.၃ သန်းကျော်ရှိပါတယ်။ ဒီရောဂါဟာ ပြည်သူ့ကျန်းမာရေးအတွက် အဓိက စိန်ခေါ်နေတဲ့ ရောဂါတခုဖြစ်ပြီး အရေးပေါ်ကိုင်တွယ်ဖို့ လိုအပ်နေတယ်လို့ WHO ညွှန်ကြားရေးမှူးချုပ် Dr. Margaret Chan ကပြောပါတယ်။ အသည်းရောင်အသားဝါပိုး တိုက်ဖျက်ရေးအတွက် ကာကွယ်ဆေးနဲ့ ဆေးဝါးတွေကို WHO အနေနဲ့ လိုအပ်သူတွေလက်ထဲ ရောက်နိုင်ဖို့ ကြိုးစားသွားမှာဖြစ်တယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ပြောပါတယ်။


Credit: 

မစုုမြတ်မွန် / ဗွီအိုအေ (မြန်မာပိုင်း)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18