တုတ်ထခြင်း Threadworms
27-Feb-2017တုတ်ထခြင်း Threadworms
ကလေးများမှာ အဖြစ်များသည်။ တုတ်ရှိသော ကလေးဝမ်းသွားလျှင် ဝမ်းထဲမှာ ချည်မျှင်ကလေးများနှင့်တူသော တုတ်ကောင်လေးများ တွေ့ရလေ့ရှိသည်။ ယင်းပုံစံကို အစွဲပြု၍ တုတ်ကောင်ကို (Worm ) ပိုးဟုခေါ်သည်။ အထူးသဖြင့် ညဘက်ရောက်လျှင် ကလေးများ စအိုဝမှာ ယားသည်။ တုတ်ထခြင်း၏ အစဦးဆုံး လက္ခဏာ၊ တုတ်ပိုးက ညရောက်လျှင် ဥ ဥချတတ်သည်။ ကလေးထိုသို့ပြောလာစဉ် စအိုဖြဲကြည့်ပါက စအိုဝမှာ အိတ်ကလေး တစ်လုံးကဲ့သို့ အဖုလေးတွေ့ရတတ်သည်။ စအိုဝမှာလည်း တုတ်ကောင်လေးတွေ့ရတတ်သည်။ မိန်းကလေးဆိုပါက မိန်းမကိုယ် ယားယံတတ်သေးသည်။
ထိုသို့ တုတ်ထ၍ စအို၊ မိန်းမကိုယ်ယားစဉ် ကလေးကုတ်ဖဲ့မိပါက ကုတ်မိသောနေရာ နီရဲရောင်ရမ်းလာတတ်သည်။ ကလေးလက်ထဲတွင်လည်း တုတ်ဥ၊ တုတ်ကောင် ပါလာတတ်သည်။ ထိုသို့ ကုတ်မိပြီး လက်မဆေးမိပါက ထိုလက်ဖြင့်ပင် အစားအသောက်တို့ကို စားသောက်မိပါက ဝမ်းထဲပြန်ဝင်သွားနိုင်သည်။ ထိုတုတ်ရှိရာ စအိုဝ၊ မိန်းမကိုယ်ကို ကုတ်ထားသည့်လက်နှင့် ကိုင်တွယ်ထိတွေ့မိသောအရာ၊ အစားအသောက်များကတစ်ဆင့် အခြားသူများထဲသို့ပါ တုတ်ပိုးကူးစက်ရောက်ရှိသွားနိုင်သည်။ တုတ်များလျှင် စအို၊ မိန်းမကိုယ် ယားရုံသာမက ဗိုက်ပါအောင့်လာနိုင်သေးသည်။
လက်တွေ့နည်းများ တစ်ကိုယ်ရေသန့်ရှင်းမှု ဂရုစိုက်
• မလုပ်မဖြစ် လုပ်ရမည့် ကိစ္စဖြစ်သည်။ သို့မှသာ တုတ်ကောင်၊ သန်ကောင်တို့၏ ဘဝသံသရာ ကွင်းဆက်ကို ဖြတ်နိုင်ကာ နောက်တစ်ကြိမ် တုတ်၊ သန်၊ မထရန် အခြားသူများသို့ မိမိထံမှ မကူးစက် မရောက်ရှိသွားနိုင်စေရန် ကာကွယ်ပေးပြီးသား
ဖြစ်သွားပါသည်။
• အစာမစားမီ၊ အစားအသောက်တို့ကို မကိုင်မီ၊ အစာစားပြီး အပေါ့။ အလေးစွန့်ပြီးတိုင်း ကလေး၏လက်ကို ဆပ်ပြာတို့ဖြင့် အသေအချာ ဆေးကြောပေးပါ။ လက်သည်း ခြေသည်း မှန်မှန်ညှပ်ပေးပါ။ လက်စုပ်သည့် ဓလေ့၊ လက်သည်းကိုက်သည့် ဓလေ့များ ပပျောက်အောင် ပြု ပြင်ပေးပါ။
• တုတ်ကောင်ဥတို့မှာ အိပ်ရာခင်း၊ တဘက်၊ မျက်နှာသုတ် ပဝါတို့ပေါ်တွင် နှစ်ပတ်ကြာ အသက်ရှင်နိုင်သည်။ ထို့ကြောင့် နေ့စဉ်လဲပေးပါ။ လဲသည့်အခါ ခါထုတ်မပစ်ရ။ လုံးထွေးယူသွားပါ။ ခါပစ်လိုက်ပါက တုတ်ကောင်ဥများ နေရာအနှံ့သို့ ပျံ့နှံ့သွားမည်။ အဆိုပါ အိပ်ရာခင်း၊ တဘက်၊ မျက်နှာသုတ်ပဝါတို့ကို ရေနွေးဖြင့် ပြုတ်လျှော်ပါ။
နေဝအောင်ပြ၍ လှန်းပါ။ အခြောက်ခံစက် သုံးပါက အဝတ်အထည်များကို ထက်၊ အောက်၊ လှည့်မွှေပေးသော အခြောက်ခံစက်ထဲထည့်၍ အခြောက်ခံပါ။ ကလေးအတွက် သီးသန့် တဘက်၊ မျက်နှာသုတ်ပဝါ ထားပေးပါ။
ဆေးဝါး Vermox (Mebendazole)
သန်ချဆေး Mebendazole ကိုပင် တိုက်နိုင်သည်။ အသက် နှစ်နှစ်ကျော်ပါက ညအိပ်ရာဝင် တစ်ပြားတိုက်နိုင်သည်။ လိုအပ်ပါက နောက်နှစ်ပတ် အကြာမှာ တစ်ပြားထပ်တိုက်နိုင်သည်။ တစ်သက်တစ်နှစ်မှ နှစ်နှစ်အရွယ် ကလေးများအတွက် pyrantal ဆေးကို တိုက်နိုင်သည်။ ဆေးပြား၊ ဆေးရည်၊ ဝါးစားရသော
ဆေးပြားအဖြစ်လာသည်။ ၁၄ ရက်ကြာပါက နောက်ထပ်တစ်ကြိမ် ထပ်တိုက်ရသည်။ ထိုဆေးက တုတ်ကောင်ကိုသာ ချေမှုန်းနိုင်သည်။ တုတ်ကောင်ဥကို မပျက်စီးစေနိုင်။ ထို့ကြောင့် ဆေးကျွေးပြီး အနည်းဆုံး နှစ်ပတ်ကြာကလေး၏ တစ်ကိုယ်ရေ သန့်ရှင်းမှုကို ဂရုစိုက်ပေးရန် လိုသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာသန်းထွဋ်
အိမ်သားသမားတော် စာအုပ်မှကောက်နှုတ်ထားပါသည်။