မူလဖြစ်သောနေရာမှ အခြားနေရာသို့ ပျံ့နှံ့ရောက်ရှိတတ်သောကင်ဆာ
01-Mar-2017
၁။ ကင်ဆာရောဂါ၏ သဘောသဘာဝ
- ကင်ဆာဆိုတာ ကဏန်းအကောင်လို့အဓိပ္ပါယ်ရပြီး တစ်သျှူးတွေထဲကို ထိုးဖောက်ဝင်ရောက်ပါတယ်။ ကပ်ပါးပိုးကောင်လို ခနွာကိုယ်က ဆဲလ်တွေ၊ တစ်သျှူးတွေကို စားသုံးပြီး အသက်ရှင်သန်ပါတယ်။ ကင်ဆာရောဂါတိုင်းက ခနွာကိုယ်နေရာအနှံ့တွင် ဖြစ်ပွားနိုင်ပါတယ်။
၂။ ကင်ဆာဆဲလ် ပျံ့နှံ့နိုင်ခြေများသောနေရာများ
- ကင်ဆာဆဲလ်များသည် သွေးလှည့်ပတ်မှုကောင်းပြီး အာဟာရ ရတဲ့နေရာတွေမှာပဲ ပြန့်ပွားကြပါသည်။ အဆုတ်၊ အသည်း၊ ဦးနှောက်၊ အရိုးစတဲ့နေရာလေးနေရာကို ပြန့်နှံ့တာ များပါတယ်။
၃။ ကင်ဆာဆဲလ် ပျံ့နှံ့နိုင်ခြေနည်းသော အခြေအနေ
- ကင်ဆာရောဂါက စဖြစ်စအခြေအနေမှာ သိရှိပြီး စောစောစီးစီး ကုသမှု ခံယူထားသူတွေ၊ ခနွာကိုယ်ရဲ့ ကိုယ်ခံစွမ်းအား ကောင်းမွန်နေသူတွေ၊ ခေတ်မီဆေးဝါးတွေနဲ့ မှန်မှန်ကန်ကန် ကုသထားသူတွေမှာတော့ ကင်ဆာဆဲလ်တွေ ပြန့်နိုင်ခြေ အရမ်းနည်းပါတယ်။
၄။ ကုသခြင်း
- ဆရာတို့ ကင်ဆာရောဂါတွေ ကုသရာတွင် ခွဲစိတ်ကုသခြင်း၊ ကီမိုဆေး(ကင်ဆာဆေး) သွင်းပေးခြင်း၊ ဓာတ်ရောင်ခြည်ဖြင့်ကုသခြင်း၊ ကိုယ်ခံစွမ်းအား မြှင့်တင်ပေးခြင်း၊ စိတ်ဓာတ် အင်အားမြှင့်တင်ပေးခြင်းတို့ ပါဝင်ပါသည်။ ကင်ဆာစဖြစ်ခါစမှာ သေသေချာချာ ကုသလိုက်နိုင်ရင် တခြားနေရာကို ကင်ဆာဆဲလ်တွေ ပြန့်နှံ့မှု မရှိအောင် တားဆီးနိုင်မှာ ဖြစ်ပါတယ်။ အစောပိုင်းအဆင့်မှာ သေချာမကုသဘဲနေလိုက်ရင် နောင်နှစ်အနည်းငယ်ကြာတဲ့အခါ တခြားနေရာတွေမှာ ကင်ဆာဆဲလ်ပျံ့နှံ့ပြီး တခြားကင်ဆာဖြစ်လာနိုင်ပါတယ်။ အဲ့ဒီလို ကင်ဆာရောဂါအဆင့် ၃-၄ လောက်ရှိတဲ့ အခြေအနေတွေဆိုရင်တော့ ကုသရတာ ခက်ခဲပါတယ်။
၅။ အခြားနေရာသို့ ကင်ဆာဆဲလ် ပျံ့နှံ့မှုမရှိစေရန်
- ကင်ဆာမူလဖြစ်တဲ့နေရာကနေ တခြားနေရာကို မပျံ့နှံ့အောင် ကင်ဆာအကျိတ်ကို ခွဲစိတ်ပြီးရင် ဓာတ်ရောင်ခြည်ပေးခြင်း၊ ကီမိုဆေး(ကင်ဆာဆေး) သွင်းခြင်းဖြင့် ကုသပါတယ်။
၆။ ဘေးထွက်ဆိုးကျိုးများကိုကြောက်ရန်မလို
- တချို့ဆေးတွေက ဆံပင်ကျွတ်တတ်ပြီး တချို့ဆေးတွေကတော့ ဆံပင်မကျွတ်ပါဘူး။ ဆံပင်ကျွတ်ခဲ့ရင်လည်း ဆေးသွင်းပြီးတဲ့အခါ ပြန်ပေါက်ပါတယ်။ အတော်ကိုရှားရှားပါးပါး ဆေးလောက်ပဲ ပြန်မပေါက်တာပါ။ ကင်ဆာဆေးတွေက ကင်ဆာဆဲလ်တွေကို တိုက်သလို၊ ကောင်းတဲ့ဆဲလ်တွေကိုလည်း တိုက်တာကြောင့် ဖျားတာ၊ နာတာတွေတော့ ဖြစ်နိုင်ပါတယ်။
၇။ ဆေးလောကအတွေ့အကြုံ
- ကင်ဆာရောဂါတိုင်းကို သေသေချာချာလေး ကုသခဲ့မယ်ဆိုရင် နောင်မှာတခြားနေရာကို ကင်ဆာဆဲလ်ပြန့်တာရှိတတ်ပေမယ့် နည်းပါတယ်။ သေသေချာချာကုသခဲ့ပြီးမှ နောက်တစ်နေရာမှာ ကင်ဆာဆဲလ်ပြန့်တာကတော့ ကံတရားလို့ပဲ ပြောရမှာပါ။ နောက်ပြီး ကင်ဆာဆဲလ်က ရေခံမြေခံကောင်းတဲ့နေရာ ရောက်သွားလို့ ရှင်သန်လာတာဖြစ်ပါတယ်။
၈။ အခြားနေရာသို့ ပျံ့နှံ့နိုင်ခြေများရခြင်း
- နောက်တစ်နေရာမှာ ပျံ့နှံ့နိုင်ခြေများတာကတော့ ကင်ဆာဆေးကုသမှု ခံယူပြီး အာဟာရနည်းတဲ့ လူနာတွေ၊ ဆီးချိုသွေးချိုရောဂါရှိသူတွေ၊ တီဘီရောဂါရှိသူတွေ၊ ကိုယ်ခံအားနည်းသူတွေပဲ ဖြစ်ပါတယ်။
၉။ ကုသခံယူပြီးလျှင်
- ကင်ဆာလူနာတွေအနေနဲ့ ကုသမှုတွေ ခံယူပြီးသည့်အခါ စိတ်ချမ်းသာအောင်နေပါ။ တရားထိုင်ပါ။ အများအကျိုးဆောင်ရွက်ပါ။ လတ်ဆတ်တဲ့သီးနှံတွေ စားသုံးပါ။ အာဟာရပြည့်ဝအောင် စားပါ။ ရာသီဥတု သင့်တင့်တဲ့နေရာမှာ နေပါ။ ရာသီဥတုနှင့် သင့်တော်တဲ့ အဝတ်အစားတွေ ဝတ်ဆင်ပါလို့ အကြံပြုတိုက်တွန်းချင်ပါတယ်။
၁၀။ မျိုးရိုးဗီဇကြောင့်လည်းဖြစ်နိုင်
- မျိုးရိုးဗီဇကြောင့် အဆုတ်ကင်ဆာဖြစ်တာလည်း ရှိပါတယ်။ တချို့တွေက ကင်ဆာရောဂါကို ကုသပြီးတဲ့အခါ ဆေးလိပ်၊ အရက်တွေ ပြန်သောက်တတ်ကြပါတယ်။ တကယ်တော့ ကင်ဆာရောဂါ တစ်ခါဖြစ်ဖူးပြီးရင် နောက်ထပ် ဆေးလိပ်၊ အရက်သောက်တာ၊ ကွမ်းစားတာ၊ ဓာတုပစ္စည်း အသုံးပြုတာ၊ ဟင်းချိုမှုန့် စားတာတွေ လုံးဝမလုပ်သင့်တော့ပါဘူး။
၁၁။ စားချင်တာစား၊ နေချင်သလိုနေလို့မဖြစ်
- အထူးသဖြင့် နား၊ နှာခေါင်း၊ လည်ချောင်းမှာဖြစ်တဲ့ ကင်ဆာတွေက အနေအထိုင် မဆင်ခြင်ရင် နောက်ထပ် ပြန်ဖြစ်နိုင်ပါတယ်။
၁၂။ သတိထားမိနိုင်သော လက္ခဏာများ
- အသည်းမှာ ကင်ဆာဖြစ်တယ်ဆိုရင် အစားအသောက်ပျက်တယ်။ အန်တယ်၊ ရေဖျဉ်းစွဲတယ်၊ အသည်းကြီးတဲ့အတွက် ဗိုက်တင်းတယ်၊ အဆုတ်မှာကင်ဆာရှိရင် ချောင်းဆိုးတဲ့အခါ သွေးပါတယ်။ အလိုလိုနေရင်း မောတယ်၊ နုံးတယ်။ အရိုးဆိုရင်လည်း ထိခိုက်မိတာတွေ မရှိဘဲ အရိုးကနာကျင်တာမျိုး ခံစားရတတ်ပါတယ်။
၁၃။ စိတ်ချရသောအခြေအနေအထိ ကုသရန်လို
- ကင်ဆာကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသပြီးတယ်ဆိုပေမယ့် တစ်နှစ်ကို ဆရာဝန်နဲ့ ၂-၃ ကြိမ်လောက်တော့ မဖြစ်မနေ ပြသသင့်ပါတယ်။ ဒီကြားထဲမှာ ထူးခြားတာ တစ်ခုခုခံစားရပါက ဆရာဝန်နဲ့ ချက်ချင်းပြသတာတွေ လုပ်ဆောင်ပါက နောက်တစ်နေရာကို ကင်ဆာဆဲလ်တွေ ပြန့်ပွားတာ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။ ဖြစ်ခဲ့ရင်လည်း စောစောစီးစီး ကြိုသိပြီး ကုသတာကြောင့် အသက်အန္တရာယ်မဖြစ်အောင် ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဒေါက်တာစိန်လင်း
ခွဲစိတ်နှင့်ကင်ဆာပါရဂူ