Print

အရိုးပွရောဂါဖြစ်ရခြင်းအကြောင်းအရင်း

  01-Mar-2017
Preview Image

 

အရိုးပွရောဂါဟာ ကူးစက်ရောဂါကြောင့် ဖြစ်ရတာမဟုတ်ဘဲ အသက်ကြီးတာနဲ့အမျှ ပိုဖြစ်လာတတ်တဲ့ မကူးစက်နိုင်သောရောဂါများထဲမှာပါပါတယ်။ အရိုးပွရောဂါဖြစ်ရတာက အမျိုးသမီးတွေ သွေးဆုံးပြီးနောက် အီစထရိုဂျင် မဟော်မုန်း နည်းသွားလို့ အဓိကဖြစ်တယ်ဆိုတာ အကြမ်းဖျင်းကြားဖူးကြပေမယ့် အမျိုးသမီးတိုင်း သွေးဆုံးကြတဲ့အထဲမှာ တချို့က ဖြစ်ပြီး တချို့က ရောဂါမဖြစ်ရခြင်းဟာ အသက် ၃၀ အရွယ်မှာ အရိုးတွေ အစွမ်းကုန်ကြီးထွားစုဆောင်းထားတဲ့ အခြေအနေပေါ်မူတည်တယ်ဆိုတာ သတိထားမိတဲ့သူ နည်းကြပါတယ်။ သွေးဆုံးပြီးသွားရင် အရိုးလုပ်တဲ့ဆဲလ် (Osteoblast) တွေထက် အရိုးစားတဲ့ ဆဲလ် (Osteoclast) တွေက ပိုအလုပ်လုပ်လာလို့ အရိုးတွေတဖြည်းဖြည်း ပါးသွားတာချင်း
တူပေမဲ့ နဂိုစုဆောင်းပြီးသား လုံလုံလောက်လောက်ရှိတဲ့သူက ထိုင်စားနေပေမဲ့ အခြေအနေမပျက်သလိုပါပဲ။

 

ငယ်တုန်းမှာ အရိုးပမာဏကြီးခဲ့ရင် တဖြည်းဖြည်းပါးနေ ပေမဲ့ အသက် ၈၀ အထိ ကျိုးလောက်အောင် မပါး၊ မပွနိုင်ပါဘူး။ ဒါကြောင့် ကလေးဘဝကစလို့ အရွယ်ရောက်တဲ့အချိန် အသက် ၃၀ ပြည့်အထိ အာဟာရပြည့်ဝတဲ့အစာ စားဖို့၊ အထူးသဖြင့် ကယ်လ်ဆီယမ်၊ အသားဓာတ်နဲ့ နေရောင်ခြည် ဗီတာမင်ဒီဓာတ်ရဖို့ လိုအပ်ပါတယ်။အရိုးတွေ သန်မာကြီးထွားဖို့က အားကစား၊ လှုပ်ရှားမှုလည်းလိုပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာ အသုံးပြုမှုများရင် ကြီးထွားလာပြီး မသုံးတာကြာရင် သိမ်သွားတတ်တာ သဘာဝပါပဲ။ အရိုးကျိုးတော့မှ ၅၅ နှစ်မှာ စစ်ကြည့်တော့မှ၊ အရိုးပွရောဂါဖြစ်နေတော့မှ နို့သောက်၊ အားကစားလုပ်၊ နေပူလှုံလို့ကတော့ အရိုးလုပ်တဲ့ဆဲလ်တွေက အားနည်းနေပြီဖြစ်လို့ ငယ်ငယ်တုန်းကလောက် အရိုးတွေက မြန်မြန်မာလာဖို့ မျှော်လင့်လို့ မရပါဘူး။ အရိုးမမာခင် နောက်ထပ် ၁၀ နှစ်လောက်အတွင်းမှာ အရိုး နောက်ထပ် ၃-၄ ခါကျိုးရင် အသက်ပါ ပါသွားဖို့ များပါတယ်။

 

အရိုးပွရောဂါကိုဖြစ်စေတဲ့ အကြောင်းတွေကတော့ -

• ပိန်ခြင်း
• ဆေးလိပ်၊ အရက်သောက်ခြင်း
• စတီးရွိုက်ဆေးများ သောက်ခြင်း
• လည်ပင်းကျိတ် အဆိပ်ဖြစ်ခြင်း၊ ဆီးချိုဖြစ်ခြင်း
• သွေးလေးဖက်နာ၊ အရေပြားလေးဖက်နာရှိခြင်း
• ငယ်ငယ်ရွယ်ရွယ် သွေးဆုံးခြင်း၊ မျိုးဥခွဲစိတ်ခံရခြင်း
• မိဘများတွင် ပေါင်ကျိုးသောရာဇဝင်ရှိခြင်းတို့ ဖြစ်တာကြောင့် ကိုယ့်မှာ ဒီလိုအချက်တွေ
ရှိနေရင်တော့ ၅၅ နှစ်အထိ စောင့်မနေဘဲ စောစောစီးစီး အရိုးပွစစ်ကြည့်ဖို့ လိုပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ပါမောက္ခဦးချစ်စိုး
သတိထားစရာ အရိုးအဆစ်ပြဿနာနှင့် လေးဖက်နာရောဂါ စာအုပ်မှကောက်နုတ်ထားပါသည်။



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18