ဘရာစီယာနှင့် ရင်သားကင်ဆာ
01-Mar-2017
အခုခေတ် အမျိုးသမီးအများစုက ဘရာစီယာကို နှစ်သက်စွာ ဝတ်ဆင်နေကြ ပါတယ်။ လုံခြုံမှု၊ ရင်သားကို ထောက်မ ပင့်တင်ပေးနိုင်မှု၊ လှပကြော့ရှင်းမှု၊ အမျိုးသမီး အလှပီပြင်မှုတို့ကြောင့် ဘရာစီယာကို နှစ်သက်ကြပါတယ်။ အနောက်နိုင်ငံသူတွေ ကတော့ ဘရာစီယာ မဝတ်ဘဲ လွတ်လပ်စွာ နေကြတာကို သူတို့ယဉ်ကျေးမှုက လက်ခံ သလို၊ အမျိုးသမီးတွေကလည်း ပိုသဘောကြပါသေးတယ်။ ကျပ်တည်းတဲ့ ဘရာ ဝတ်ဆင်ခြင်းက ဝတ်ဆင်သူကို သက်သောင့်သက်သာ မရှိစေသလို၊ မြင်ရသူလည်း စိတ်မသက်မသာ ဖြစ်စေတယ်။ အဲလို တင်းကျပ်တဲ့ ဘရာစီယာဝတ်ဆင်ခြင်းက ကာလကြာရှည်လာရင် ရင်သားကင်ဆာ ဖြစ်လာစေနိုင်တာကို လက်ခံသူတွေရှိသလို၊ လက်မခံဘဲ ငြင်းဆန်သူတွေလည်း ရှိကြတယ်။ နှစ်ခုကွဲနေတဲ့အထဲ သူတို့ရဲ့ မတူညီတဲ့အမြင်တွေကို အောက်ပါအတိုင်း တွေ့ရှိရတယ်။
မဝတ်ဆင်လိုတဲ့ အုပ်စုရဲ့ အမြင်
ဘရာစီယာကို တင်းကျပ်စွာ ဝတ်ဆင်ရင် အဲဒီအနီးဝန်းကျင်ရှိ (လင့်ဖေးတစ်) Lymphatic System က ပြန်ရည်ကြောတွေရဲ့ စီးဆင်းသွားလာမှုကို အဟန့် အတား ဖြစ်စေပါတယ်။ အလားတူပဲ သွေးအသားအလာကိုလည်း နှေးကွေးလေးလံစေပါ တယ်။ အဲဒီအခါ အညစ်အကြေးတွေ၊ တောက်ဆင် (Toxin) တွေ ဖယ်ရှားရတာ မကုန်စင်နိုင်တော့တဲ့ စုပုံလာတဲ့ အဲဒီအညစ်အကြေးရဲ့ ဆိုးကျိုးက ရင်သားများအပေါ် ထိခိုက်စေနိုင်ပါတယ်။ ချိုင်း (ဂျိုင်း) နံ့ ပျောက်ဆေး အသုံးများသူတွေမှာ ဘရာစီယာ ကျပ်ကျပ်ဝတ်ဆင်ရင် အနံ့ပျောက်ဆေးထဲမှာ ပါတဲ့ အလူမီနမ်ဆိုတဲ့ ဓာတုပစ္စည်းတွေဟာ ရင်သားတွေအထဲ စုဆောင်းတည်ရှိလာကာ ကြာလာတော့ ရင်သားကင်ဆာ ဖြစ်လာစေပါတယ်။
ဒီသီအိုရီကို ထောက်ခံတဲ့ ဒေါက်တာမာကိုလာ ပြောတာက ဝိုင်ယာတွေပါတဲ့ ဘရာစီယာဝတ်ဆင်သူတွေမှာ ကင်ဆာဖြစ်နိုင်ချေ ပိုဆိုးရွားစွာ ခံစားရတယ်လို့ ရှင်းပြပါ တယ်။ ဘာလို့လဲဆိုတော့ ဝိုင်ယာတွေကို ဖုံးအုပ်ထားတဲ့ ပလတ်စတစ်၊ တစ်သျှူးတွေက ရင်သားကို ထိတွေ့လှုံ့ဆော်တာများလာ၊ ကြာလာတော့ ပြောင်းလဲမှုတွေဖြစ်စေ၊ လင့်ပြန်ရည်တွေ အသွားအလာကို ဟန့်တားနိုင်တာဆိုလို့ နောက်ပိုင်းမှာ ကင်ဆာဖြစ်နိုင်ချေ မြင့်မားလာပါတယ်။ ဘရာစီယာ ဝတ်ပါများရင် ကင်ဆာ မဟုတ်တဲ့ ရင်သားအကျိတ်တည်ခြင်းတွေလည်း အဖြစ်များစေပါတယ်။ ရင်သားဆဲလ်တွေ မကြာခဏ ရောင်ရမ်းခြင်းက အမာရွတ်တွေ ဖြစ်စေကာ ပြန် ရည်ကြော စီးဆင်းမှုကို ပိတ်ဆို့စေတာကြောင့် ရင်သားအကျိတ်တွေ ဖြစ်ပေါ်စေ တာ ဖြစ်ပါတယ်။
ဝတ်ဆင်လိုသူတို့ရဲ့ ချေပချက်
ယဉ်ကျေးမှု အရရော၊ ရာသီဥတုအရရော ဘရာစီယာ ကို အမြဲဝတ် ဆင်သင့်တယ်၊ တင်းကျပ်တာ ဝတ်ဆင်ရင်တောင်မှ သွေးနဲ့ ပြန်ရည်ကြောတွေရဲ့ အသွားအလာကို မထိခိုက်စေဘူးလို့ ခုခံပြောဆိုကြတယ်။ အင်္ဂလန်နိုင်ငံ ကင်ဆာသုတေသနအဖွဲ့ကလည်း ပြန်ရည်အဖွဲ့အစည်းကို ထိခိုက်နိုင်ဖို့က အလွန်တရာ မခံမရပ်နိုင်အောင် ကျပ်တည်းကျဉ်းမြောင်းပြီး အလွန် နာကျင်စွာ ကျပ်စည်းထားသလိုမျိုး၊ ဘရာစီယာကို နေ့စဉ်ဝတ်ဆင်မှသာ ပြန်ရောကြောတွေ ထိခိုက်နိုင်ပါလိမ့်မည်လို့ ဆိုပါတယ်။ ဘယ်သူမှလည်း အဲလိုမျိုး မဝတ်ဆင်နိုင်ကြပါဘူး။
ကိုယ်ခန္ဓာရဲ့ ဘယ်နေရာကိုမဆို၊ ဖိအား သက်ရောက်စေရုံလောက်နဲ့ ပုံမှန် ဆဲလ်တွေက ကင်ဆာဆဲလ်အဖြစ် ပြောင်းလဲမသွားပါဘူးလို့ ပြန်လည်ချေပကြပါတယ်။ အခုဆို အမြင်တွေကွဲပြားကြပေမဲ့ အုပ်စုနှစ်ခုလုံး လက်ခံထားတာက ဘရာစီယာဝတ်ရင် တင်းကျပ်တာ၊ မဝတ်ဆင်ဘဲ အနေတော် Fit in ဖြစ်တာပဲ ဝတ်ဆင်ဖို့ အကြံပြုထားကြ တယ်။ တင်းကျပ်တာဝတ်ရင် နာကျင်တာ၊ အနေရခက် မလွတ်မလပ် ခံစားရတာတွေ ဖြစ် လာစေတယ်။ တချို့ဆို ဘရာမှာပါတဲ့ သတ္တုကွင်းတွေ၊ ပလတ်စတစ်တွေကို အလာဂျီဖြစ်တာ၊ ယားယံတာတွေ ခံစားရပါတယ်။ ဒါကြောင့် ဘရာစီယာ မဝတ်ဘဲ မနေတတ်ရင် ဝိုင်ယာနဲ့ ပလတ်စတစ် မပါတာတွေ ရွေးချယ်ဝတ်သင့်တယ်။ ရင်သားမှာ အဆီကျိတ်၊ အမျှင်ကျိတ် (Fibrocystic Breast) တွေ ရှိနေရင် (သို့) ကိုယ်ဝန်ရှိနေရင် ဘရာဝတ်ရတာ သက်သောင့်သက်သာ မရှိပါဘူး။ ရင်သားကြီးမားသူတွေမှာ ဘရာစီယာ အကြာကြီး ဝတ်ထားရင် လက်ပြင်ကြွက်သားတွေ ညောင်းကိုက်တာ၊ နောက်ကျောအောင့်တာ ၊ ခေါင်းကိုက်တာတွေပါ ခံစားရလာတယ်။
ရင်သားကင်ဆာဆိုတာ ၁၉ ရာစုနှောင်ပိုင်း ဘရာစီယာ မပေါ်ခင်ရှေးကတည်းက ဖြစ်ပေါ်ခံစား လာရတာဆိုတော့ ဘရာစီယာဝတ်တာ တစ်ခုတည်းကြောင့် ကင်ဆာဖြစ်တာ မဟုတ်နိုင်ဘဲ အာဟာရပြည့်ဝစွာ စား၊ မစား၊ အဝလွန် မလွန်၊ လေ့ကျင့်ခန်းမှန်မှန်လုပ်နိုင်၊ မလုပ်နိုင်၊ ဟော်မုန်းဆေးတွေ သောက်နေ မသောက်နေ စတဲ့ အရေးကြီးအချက်တွေပေါ် မူတည်ပါသေးတယ်။ သွေးတွင်း အီစထရိုဂျင်ပမာဏ မြင့်တက်နေရင် ရင်သားကင်ဆာဖြစ်နိုင်ချေ ပိုမြင့်တက်စေတာမို့ မိမိသောက်သုံးတဲ့ ဆေးဝါးအစားအသောက် တွေမှာ ဟော်မုန်းတွေ ပါ၊ မပါ ဆန်းစစ်နေသင့်တယ်။ ဒါကြောင့် ကလေးမယူချင်သေးလို့ သန္ဓေတားဆေး သုံးစွဲသူတွေ၊ သွေးဆုံးအပြီး ဟော်မုန်းဖြည့်စွက်ဆေး သောက်သုံးချင်သူတွေအနေနဲ့ ကျွမ်းကျင်သူ ပညာရှင်များကို မတိုင်ပင်ဘဲ ကိုယ့်သဘောနှင့်ကိုယ် အလွယ်မသောက်သင့်ဘူး။ ဒါတင်မကဘဲ မျိုးရိုးလိုက်တာနဲ့ နားမလည်နိုင်တဲ့ ထူးဆန်းအ့ံသြဖွယ်ရာ အချက်များကြောင့် ရင်သားကင်ဆာ ဖြစ်စေနိုင်ပါတယ်။
အရှေ့တိုင်း ဓလေ့အရတော့ ဘရာစီယာမဝတ်ချင်လည်း ဘော်လီ (ခေါ်) အတွင်းခံ မကျပ်မချောင် အနေတော် ဝတ်ဆင်သင့်ပါတယ်။ ဘရာစီယာလုံးဝမဝတ်ချင်ရင်လည်း ရင်သားကင်ဆာ မဖြစ်တော့ဘူးလို့ တထစ်ချ မပြောနိုင်ပါဘူး။ တခြားအကြောင်းတွေကြောင့် ကင်ဆာဖြစ်မယ့်သူကတော့ ဖြစ်ကိုဖြစ်မှာပါပဲ။ ဒါကြောင့် လျှပ်ပေါ်လော်လီစွာ (Braless) ဟော့ရမ်းစွာ ဝတ်စားဆင်ယင်မယ့်အစား၊ မတင်းကျပ်ဘဲ အနေမခက်စေတဲ့ ဘရာစီယာ (သို့) အတွင်းခံဘော်လီအကျ်ီကို အမျိုးသမီးတိုင်း ဝတ်ဆင်သင့်ပါကြောင်း ဖော်ပြတိုက်တွန်းလိုက်ပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာအေးမြချယ်
Ziwaka magazine, February 2015, Pg. 76-78