Print

ကျောက်ကပ်ရောင်ရောဂါ

  01-Mar-2017
Preview Image

 

ကျောက်ကပ်ရောင်ရောဂါ ဖြစ်ပေါ်စေနိုင်သော ဘက်တီးရီးယားပိုးမှာ လည်ချောင်းနာရောဂါနှင့် အရေပြားအနာဖြစ်ပေါ်စေသော Streptococci (စရွက်ပ်တိုကော့ကိုင်း) ဘက်တီးရီယားပိုး အုပ်စုဝင်တစ်ခုမှ ပိုးများဖြစ်ပေသည်။ ထို့ကြောင့် အရေပြားပေါ် အနာစက်ကဲ့သို့ ပြန့်ပွားလွယ်သည့် အနာများ ပေါ်ပေါက်ခဲ့လျှင်လည်းကောင်း၊ လည်ချောင်းနာရောဂါ ခဏခဏဖြစ်ပေါ်နေတတ်လျှင်လည်းကောင်း မိဘများ သတိထားကြရပေမည်။သိသာနိုင်သည့် လက္ခဏာမှာ ဆီးသွားနည်းခြင်းနှင့် မျက်စိတစ်ဝိုက် မို့ဖောင်းလာခြင်းတို့သာ ဖြစ်နိုင်သည်။ ဆီးအရောင်မှာ ကြည်မနေဘဲ နောက်ကျိနေတတ်ပေသည်။ တစ်ခါတစ်ရံ အဖျား ၁၀၀ ဒီဂရီ၊ ၁၀၁ ဒီဂရီလောက်ထိ တက်လာပြီး ဗိုက်နာသည်။


နောက်ကျောအောင့်သည်ဟု ပြောချင် ပြောတတ်ပြန်ပါသည်။ အသက်ပင် ငယ်သော်လည်း သွေးပေါင်ချိန် အပေါ်သွေး ၂၀၀ ကျော်နှင့် အောက်သွေး ၁၀၀ ကျော်လောက်ထိပင် တက်နိုင်သည်။ ထိုသို့သော ကလေးများသည် မြင့်လွန်းသော သွေးပေါင်ချိန်ကြောင့် ဦးနှောက်ရောင်လာပြီး သတိလစ်ကာ တက်ကြရတော့သည်။ မျက်စိကွယ်ခြင်း၊ မျက်နှာအကြောများ ရွဲ့ခြင်းစသည့် လက္ခဏာတို့လည်း ပေါ်ပေါက်လာတတ်ပေသည်။ ကျောက်ကပ်ရောင်ရောဂါ ဖြစ်နေသည့် အတွက် ကျောက်ကပ်မှ လုပ်ရိုးလုပ်စဉ် လုပ်ငန်းများကို မလုပ်ဆောင်နိုင်တော့သလောက်ပင်ဖြစ်ရာ ပရိုတိန်းပါသည့် အစားအစာများ (ဥပမာ နို့၊ ဥအမျိုးမျိုး၊ အသားအမျိုးမျိုး) နှင့် potassium ခေါ် ဓာတ်ဆားတစ်မျိုး အများအပြား ပါဝင်နိုင်သော အစားအစာ (ဥပမာ စည်သွတ်ဘူးစာများနှင့် လိမ္မော်ရည်ကဲ့သို့ ဖျော်ရည်များ) တို့ကို ရှောင်ရပါလိမ့်မည်။

 

သွေးပေါင်စတိုးနေပြီ ဖြစ်သဖြင့် အငန်ပါသည့် အစားအစာများကိုလည်း လုံးဝရှောင်ရှား သင့်ပါသည်။ သွေးပေါင်ချိန်မှတ်တမ်းကိုလည်း မနက်၊ ည နှစ်ခါလောက် အနည်းဆုံး တိုင်း၍ မှတ်တမ်းတင်ထားရပါလိမ့်မည်။ စတက်ခါစ သွေးပေါင်ချိန်ကို သာမန်အားဖြင့် သွေးကျဆေးများ မတိုက်သေးဘဲ စောင့်ကြည့်နေရပါအုံးမည်။ ပင်နီစလီ (Penicillin) ကဲ့သို့ ဆေးမျိုးကိုမူ ကလေး၏ ကိုယ်တွင်း၌ စရွက်ပ်တိုကော့ကိုင်းပိုးများ လက်ကျန်ရှိမရှိ မသေချာ၍ ရောဂါဖြစ်နေသည့် တစ်လျှောက်လုံး ဆက်တိုက်ပေးထားရပါမည်။

 

ပြုစုမှု မှန်ကန်ပါလျှင် ၄ ရက်၊ ၅ ရက်အတွင်း ဆီးအသွားများလာပြီး ဖောရောင်မှုများလည်းလျော့လာပါလိမ့်မည်။ ကျောက်ကပ်ရောင်ခြင်းမကျဘဲ အခြေအနေ ပိုဆိုးလာလျှင် ကျောက်ကပ် အလုပ်ဝန်ဆောင်မှုများကို သိသာစေသော သွေးတွင်း urea ဓါတ်များ ပိုမိုတက်လာသည်ကို တွေ့ကြရမည်။ ထိုသို့ုဖြစ်လာလျှင် Peritoneal Dialysis ခေါ် သွေးသန့်စင်ပေးသည့် စက်ကို အသုံးပြု၍ကျောက်ကပ်မှ မလုပ်ပေးနိုင်တော့သည့် ဝန်ဆောင်မှုကို ဆက်လက်လုပ်ပေးနိုင်မှသာ အသက်ရှင်ရာလမ်း ရှိပေတော့မည်။ ဤကျောက်ကပ်ရောဂါ၏ လက္ခဏာတစ်ခုဖြစ်သော သွေးပေါင်တိုးခြင်းကြောင့် ဦးနှောက်ရောင်ရောဂါနှင့် နှလုံးထိခိုက်မှုတို့ ဖြစ်ခဲ့လျှင် အချိန်မီဆေးရုံ မရောက်ပါက အသက်ဆုံးရှုံး သွားနိုင်သည်အထိ အန္တရာယ်ရှိသွားနိုင်ပေသည်။ ကံကောင်းထောက်မ၍ အချိန်စောစီးစွာ ကုသမှု ခံယူရပါမူ ၉၅ ရာခိုင်နှုန်းလောက် နောက်ဆက်တွဲ ဆိုးကျိုးမရှိဘဲ ရောဂါ အပြီး ပျောက်သွားသည်ကို တွေ့ကြရသည်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာ ခင်မျိုးဟန်
ကလေးအထူးကုဆရာဝန်ကြီး

 



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18