ဆီးလမ်းကြောင်းပိုးဝင်ခြင်းနှင့် အစားအစာဆက်စပ်မှု
01-Mar-2017
ဆီးလမ်းကြောင်းပိုးဝင်ပါက ဆီးသွားရခက်ခဲခြင်း၊ ခါးနာခြင်း၊ ကျောနာခြင်း၊ ဖျားနာခြင်း၊ အန်ခြင်း၊ အချိန်တိုင်း ဆီးသွားချင်ခြင်း၊ ဆီးပူဆီးအောင့် ဖြစ်ခြင်းတို့ ဖြစ်တတ်သည်။
ဆရာဝန်ညွှန်ကြားချက်
ဆီးလမ်းကြောင်း ပိုးဝင်နေသူများသည် ရေဓာတ်ပြည့်ဝစွာ ရရှိစေရန် တစ်နေ့လျှင်ရေပမာဏ ၂၀၀၀ မှ ၃၀၀၀ စီစီ သောက်ပေးပါ။ ဆီးလမ်းကြောင်းအတွင်းရှိ ပိုးမွှားများကို ဖယ်ရှားပေးနိုင်သည်။ ဆီးလမ်းကြောင်း ပိုးဝင်နေသူများသည် ဆရာဝန်ညွှန်ကြားထားသော ဆေးများကိုသာ သောက်ပါ။ ရောဂါအခြေအနေ ပြင်းထန်နေစဉ် ဆေးသောက်ခြင်းကို မရပ်ပစ်ရ။ဆီးလမ်းကြောင်းပိုးဝင်ခြင်း မဖြစ်ပေါ်စေရန် အိမ်သာတက်ချိန်တွင် သန့်ရှင်းသော အိမ်သာသုံးစက္ကူများကိုသာ သုံးစွဲပါ။ သန့်ရှင်းသောရေကို သုံးပါ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းသည် အမျိုးသမီးများတွင် ပိုအဖြစ်များသောကြောင့် အမျိုးသမီးများ ဓမ္မတာလာချိန်တွင် အမျိုးသမီးအင်္ဂါကို အထူးဂရုစိုက်၍ သန့်ရှင်းပေးပါ။ အတွင်းခံဘောင်းဘီကို သန့်ရှင်းအောင်ထားပါ။ သေချာစွာလျှော်ဖွပ် သန့်စင်ထားပြီးသားကိုသာ ဝတ်ဆင်ပါ။ ဘောင်းဘီအသားကို ချည်ထည်များသာ ရွေးဝတ်ပါ။ ချွေးပိုထွက်စေနိုင်သော တခြားပိတ်သားများကို မဝတ်ဆင်သင့်ပါ။
ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါရှိသူများသည် မဆလာ၊ ငရုတ်ကောင်း၊ ငရုတ်သီးတို့ကို လျှော့စားပေးပါ။ ဗီတာမင် စီ ဓာတ်ပါသော သံပရာသီး၊ သံပရိုသီး၊ သင်္ဘောသီး၊ရှောက်ချိုသီး၊ လိမ္မော်သီး၊ သလဲသီး၊ ခရမ်းချဉ်သီး၊ ကီဝီသီးတို့ကို အမြဲစားပေးပါ။ ဆီးလမ်းကြောင်း ပိုးဝင်နေသူများသည် အရက်၊ ဘီယာသောက်ခြင်းကို ရှောင်ပါ။ ကြပ်တိုက်အသား၊ စည်သွပ်ဘူး၊ သံဗူးတို့ကို မစားသုံးသင့်ပါ။ ကော်ဖီ၊ ကိုကာကိုလာ၊ အအေးတို့ကို လျှော့သောက်ပေးပါ။ သကြားဓာတ်ပါသော အစားအစာကို လျှော့စားပါ။
တရုတ်ဆရာဝန် ညွှန်ကြားချက်
ဆီးလမ်းကြောင်း ပိုးဝင်နေသူများသည် ပဲနီ၊ ပဲစိမ်း၊ ကျောက်ဖရုံသီး၊ ဖရဲသီး၊ သစ်တော်သီးတို့ကို စားပေးရမည်။ ဆီးသွားခြင်းအတွက် အကျိုးရှိစေနိုင်မည်။ ကြာစွယ်နှင့် ကြံရည်ကို ကြိတ်၍ ရောစပ်ပြီး တစ်နေ့သုံးကြိမ် သောက်ပေးပါက ဆီးလမ်းကြောင်း ပိုးဝင်ခြင်းရောဂါအတွက် ခံစားရမည့် ဝေဒနာများကို ပျောက်ကင်းသက်သာစေနိုင်မည်။
လိုအပ်သောဓာတ်များ
ဆီးလမ်းကြောင်းပိုးဝင်သူများသည် ဗီတာမင် အေ၊ ဗီတာမင် စီ တို့ လိုအပ်ပါသည်။
စားသုံးသင့်သောအစာများ
ဆီးလမ်းကြောင်း ပိုးဝင်နေသူများသည် ဟင်းနုနယ်၊ ဂေါ်ဖီ၊ မုန်ညင်း၊ တရုတ်နံနံ၊ပြောင်းဖူး၊ ငရုတ်ချို၊ ကြက်ဟင်းခါးသီး၊ သခွားသီး၊ ခရမ်းချဉ်သီး၊ ရွှေဖရံသီး၊ ပဲပင်ပေါက်၊ရွှေပဲစေ့၊ မုန်လာဥ၊ ကညွတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ ပန်းစိမ်း၊ ကီဝီသီး၊ စပျစ်သီး၊ ဂရိတ်ဖရုသီး၊ စတော်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး၊ ရှောက်ချိုသီး၊ သင်္ဘောသီး၊ နာနတ်သီး၊ သလဲသီး၊ ပန်းသီး၊ သံဖရိုသီး၊ စပျစ်သီးခြောက်တို့ စားသုံးသင့်ပါသည်။
မစားသုံးသင့်သော အစာများ
ဆီးလမ်းကြောင်း ပိုးဝင်နေသူများသည် ငရုတ်ကောင်း၊ ငရုတ်သီး၊ မဆလာ၊ ကိတ်မုန့်တို့ကို မစားသုံးသင့်ပါ။
ဓာတ်စာ
ခရမ်းချဉ်သီး၊ သခွားသီးချက် ပါဝင်ပစ္စည်းများ ခရမ်းချဉ်သီးတစ်လုံး၊ သခွားသီး ၃၀ ဂရမ်၊ ကြက်သွန်ဖြူတစ်မွှာ၊ ဆလတ်ရွက်နှစ်ရွက်၊ သံလွင်ဆီ၊ သကြား၊ ငရုတ်ကောင်းမှုန့် အနည်းငယ်၊ ရှာလကာရည် ဇွန်းသေးနှင့် တစ်ဝက်။
ပြုလုပ်နည်း
ခရမ်းချဉ်သီး၊ သခွားသီးတို့ကို ရေဆေး၍ လှီးထားပါ။ ကြက်သွန်ဖြူကို အခွံနွှာ၍ ပါးပါးလှီးကာ ညက်အောင်ထောင်းထားပါ။ ၎င်းနောက်အိုးတစ်လုံးထဲတွင် ကြက်သွန်ဖြူ၊ ၊သံလွင်ဆီတို့ကိုထည့်၍ ဆီသတ်ပါ။ ခရမ်းချဉ်သီင်္းထည့်မွှေပါ။ သခွားသီးထည့်ပါ။ ဆလတ်ရွက်ထည့်ပါ။ ရှာလကာရည်၊ သကြား၊ ငရုတ်ကောင်း အနည်းငယ်စီထည့်ပါ။ ဆားစားရန်တည့်သူက ဆားအနည်းငယ်ထည့်၍ ကျက်အောင်ချက်ပါ။
ကောင်းကျိုး
ဤဓာတ်စာ စားပါက ခန္ဓာကိုယ်တွင် ရေဓာတ်များလာစေမည်။ အသားအရေ လှပစေမည်။ အစာအိမ်အူမကြီးကို ကျန်းမာစေမည်။ ခန္ဓာကိုယ်တွင်းရှိ ပိုးများကိုလည်း ဖယ်ရှားပေးနိုင်မည်။ ဆီးလမ်းကြောင်းတစ်လျှောက်ကို ကျန်းမာစေမည်။ ဆီးလမ်းကြောင်း ပိုးဝင်၍ ဖြစ်ပေါ်နေသော ရောဂါဝေဒနာများကို ကျဆင်းစေမည်။ သက်သာပျောက်ကင်းစေနိုင်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ယမုံအေး (စမ်းချောင်း)
Health for all magazine