အရိုးပျော့ရောဂါ
18-Jun-2017Rickets ဟု ခေါ်ဆိုသော အရိုးပျော့ရောဂါသည် အမည်နာမ အခေါ်အဝေါ်အတိုင်း အရိုးများ မာကျစ်မှု မရှိသဖြင့် တောင့်တောင့်တင်းတင်းနှင့် ထွားကျိုင်းလာမည့်အစား ကွေးကောက်၊ ဖုထစ်သည့် အရိုးများကြောင့် အရပ်ပုချင်ပု၊ ခြေထောက် ခွင်ချင်ခွင် စသည်ဖြင့် အမြင်ဆိုးသည့် သဏ္ဍာန်များသာ ရှိနေနိုင်ပါသည်။ အဓိက အရိုးပျော့ရခြင်း အကြောင်းမှာ လိုအပ်သည့် calcium ထုံးဓာတ်ကို အရိုးတွင်း မထိန်းထားနိုင်သောကြောင့် ဖြစ်ပါသည်။ အရိုးတစ်ချောင်း ကျစ်လျစ်သန်မာစေရန် အရိုးဆဲလ်များ (Cells) အတွင်း၌ မာစေသည့် Calcium ထုံးဓာတ်များ လုံလုံလောက်လောက် ရှိနေဖို့လိုပေသည်။ ထိုသို့ လုံလောက်စေရန် Calcium ထုံးဓာတ် ကျွေးရုံနှင့်လည်း မပြီးပြတ်သေးဘဲ ထိုးဓာတ်ကို ခန္ဓာကိုယ်တွင်းသို့ စုပ်ယူနိုင်ဖို့နှင့် စနစ်တကျ သိုလှောင်ထားစေနိုင်ဖို့ ဗီတာမင် ဒီ (Vitamin D) သက်စောင့်ဓာတ်ကလည်း လိုနေပြန်ပါသည်။ ဗီတာမင်ဒီ လုံလုံလောက်လောက် မရရှိခဲ့လျှင်လည်းကောင်း၊ ကျောက်ကပ်ရောဂါ ရှိ၍ Calcium ထုံးဓာတ်ကို ခန္ဓာကိုယ်တွင်း မထိန်းထားနိုင်ခဲ့လျှင်သော်လည်းကောင်း အရိုးပျော့ရောဂါသည် မလွဲမသွေဖြစ်နိုင်နိုင်ပါသည်။
သာမန်အားဖြင့် အရေပြားအောက်တွင် ဗီတာမင် ဒီ၏ ရှေ့ပြေးဟု ဆိုအပ်သော ကယ်စီဖရော (caiciferol) သည် ရှိပြီးဖြစ်ပေသည်။ ထိုသို့ ပြောင်းလဲသွားသော ဗီတာမင် ဒီသည် အစာအာဟာရမှ ပါလာသော Calcium ထုံးဓာတ်ကို အူတွင်းမှ စုပ်ယူနိုင်ပြီး အရိုးတွင်း၌လည်း ၎င်း Calcium ထုံးဓာတ်ကို စွဲမြဲစွာ တည်ဆောက်ခိုင်မာစေနိုင်သော သတ္တိရှိပေသည်။ ထို့ကြောင့် နေရောင်ရသင့်သလောက် မရနိုင်ခဲ့လျှင်လည်း အရိုးပျော့ရောဂါကို ဖြစ်စေနိုင်သည်ဟု ဆိုကြပေသည်။ အထူးသဖြင့် အသားရောင် မည်းနက်သော လူမျိုးများ နေရောင်နှင့် ထိတွေ့မှုလည်း နည်း၊ အဟာရလည်း မပြည့်စုံပါမူ ငယ်ငယ်ရွယ်ရွယ်နှင့် ၎င်းရောဂါ၏ လက္ခဏာများကို တွေ့မြင်ရပေမည်။ အထူးသဖြင့် လမစေ့ဘဲ မွေးခဲ့သော ကလေးများ နောင်ကြီးထွားလာစဉ် အဟာရ ပြည့်ပြည့်ဝဝ မရခဲ့လျှင်လည်း အရိုးပျော့ရောဂါ ဖြစ်တတ်ကြသည်ကို ဆုံဖူးကြပေသည်။ အသက် ၃ လမှ ၁ နှစ်အတွင်းမှာပင် လက္ခဏာများ ပေါ်လာသည်ကို တွေ့မြင်နိုင်ကြသည်။
Credit:
ဒေါက်တာခင်မျိုးဟန်
ကလေးအထူးကုဆရာဝန်ကြီး