Print

ကင်ဆာရောဂါဆိုင်ရာ ထင်မြင်ယူဆချက်အမှားများ

  10-Dec-2017
Preview Image

ကင်ဆာရောဂါဆိုတာ အသက်ကြီးလာလို့ဖြစ်တဲ့ လူကြီးရောဂါတစ်ခုဖြစ်တယ်။

တချို့ရောဂါတွေကတော့ အသက်ကြီးမှဖြစ်တဲ့ရောဂါတွေရှိပါတယ်။ ဒါပေမဲ့ ကင်ဆာရောဂါကတော့ အသက်အရွယ် ကြီးမှမဟုတ်ဘူး။ ဘယ်အရွယ်မှာမဆိုဖြစ်နိုင်တယ်။ အသက်နဲ့တော့ မဆိုင်ပါဘူး။ ငယ်တဲ့ကလေးမှာလည်း ဖြစ်နိုင်သလို၊ ကြီးတဲ့သူမှာလည်း ဖြစ်နိုင်ပါတယ်။ ကင်ဆာမှာ အခုနောက်ပိုင်း သိလာတဲ့ တွေ့ရှိချက်တွေအရ မျိုးရိုးဗီဇ (Genetic) ကြောင့်၊ ခရိုမိုဆုမ်းကြောင့်လည်းဖြစ်တယ်။ အဲဒါတွေကြောင့်ဆိုရင်တော့ အသက်ငယ်ငယ်လေးနဲ့ဖြစ်ပါတယ်။ ကျောက်ကပ်ကင်ဆာ၊ သွေးကင်ဆာ၊ ဦးနှောက်ကင်ဆာ စတာတွေဖြစ်နိုင်ပါတယ်။ အသက်ကြီးမှဖြစ်တဲ့ ကင်ဆာတွေကျတော့ ပတ်ဝန်းကျင် အကြောင်းတရားတွေက အရေးပါလာပါတယ်။ ဥပမာ - ဆေးလိပ်သောက်တာ၊ လေထုညစ်ညမ်းတာ၊ အဆီများတဲ့ အစားအသောက်တွေစားတာ၊ ဗိုင်းရပ်စ်ပိုး ကူးစက်မှုကြောင့်ဖြစ်တာ (အသည်းရောင်အသားဝါ ဘီပိုး၊ စီပိုး) ဓာတုပစ္စည်းတွေ၊ နျူးကလီးယားပစ္စည်းတွေနဲ့ တွေ့မိပြီး အရေပြားကင်ဆာ၊ လင့်အကျိတ်ကင်ဆာတို့၊ သွေးကင်ဆာတို့ ဖြစ်တာတွေပါ။ ကင်ဆာကတော့ အသက်နဲ့တော့ မဆိုင်ပါဘူး။ အားလုံးမှာ အသက်အရွယ်မရွေး ဖြစ်နိုင်ခြေရှိတဲ့ ရောဂါတစ်မျိုးပါ။


ငယ်ရွယ်သူတွေမှာ ကင်ဆာမဖြစ်နိုင်ဘူး။

ငယ်ရွယ်သူတွေမှာ ကင်ဆာမဖြစ်နိုင်ဘူးဆိုတာက ပုံမှန်အားဖြင့်တော့ မှန်ပါတယ်။ အများအားဖြင့် သွေးကင်ဆာက လွဲပြီး Solid Cancer (အသည်းကင်ဆာ၊ ရင်သားကင်ဆာ၊ ကျောက်ကပ်ကင်ဆာ) တွေ အများအားဖြင့် အသက် ၄၀ ကျော်မှ စဖြစ်ကြတာ တွေ့ရများပါတယ်။ လူကြီးပိုင်းတွေကျမှ ဖြစ်တာများတယ်။ ရင်သားကင်ဆာဆိုရင် အရင်တုန်းက အသက် ၄၅ - ၅၀ လောက်မှ ဖြစ်ကြတာများတယ်။ မြန်မာနိုင်ငံမှာဆိုရင် အခုနောက်ပိုင်း ၄၀ အောက်တွေမှာပါ တွေ့ရတယ်။ ရင်သားကင်ဆာ ဖြစ်တာက အသက် ၁၈ နှစ်အရွယ် ဆယ်တန်းကျောင်းသူ တွေအထိဖြစ်တာ တွေ့လာရပါတယ်။ ရင်သားကင်ဆာက ငယ်ငယ်လေးနဲ့လည်း ဖြစ်တာပါပဲ။ အစာအိမ်နဲ့အူလမ်းကြောင်းကင်ဆာတွေဆိုလည်း အသက်ကြီးမှမဟုတ်ဘူး။ ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းအချက်တွေ၊ အစားအသောက်တွေနဲ့ ဆိုင်ပါတယ်။ မျိုးရိုးဗီဇ (အဖေနဲ့အမေမှာ ကင်ဆာဖြစ်ရှိတယ် အဘိုးအဘွားမှာ ကင်ဆာရှိတယ်) ခရိုမိုဆုမ်းတွေ၊ DNA တွေအရ အခုနောက်ပိုင်းပိုဖြစ်လာတာ တွေ့ရပါတယ်။ 

အသက်အရွယ်မရွေး ကျန်းမာရေးလိုက်စားသင့်တယ်။ လတ်ဆတ်တဲ့ အသီးအနှံတွေ စားသင့်တယ်။ ဆေးလိပ်၊ အရက်၊ မူးယစ်ဆေးဝါးတွေ မမှီဝဲသင့်ပါဘူး။ ဒါလေးတွေ သတိထားမယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနည်းသွားပါလိမ့်မယ်။ နောက်တစ်ခုက ကျန်းမာရေး စစ်ဆေးမှုတွေ လုပ်သင့်တယ်။ ဥပမာ - အမေမှာ ရင်သားကင်ဆာဖြစ်ဖူးတယ်ဆိုရင် ရင်သားကို ကိုယ်တိုင်စမ်းသပ် စစ်ဆေးတာ၊ ပုံမှန်စစ်ဆေးမှု ခံယူတာတွေ လုပ်သင့်တယ်။


ကင်ဆာရောဂါရှိပြီဆိုတာ သိတာနဲ့ အများစုက သေတော့မှာပဲဆိုပြီး စိုးရိမ်ပူပန်တတ်ကြတယ်။

အရင်တုန်းကဆိုရင်တော့ ဆေးပညာကလည်း တိုးတက်ခါစပဲ ရှိသေးတယ်။ ၁၉၆၀ ပြည့်နှစ် မတိုင်ခင်တုန်းက ဆိုရင်တော့ ဟုတ်ပါတယ်။ ကင်ဆာရောဂါရှိပြီဆိုတာနဲ့ သေမိန့်ကျသလိုပဲ၊ သေဒဏ်ပေးခံလိုက်ရသလိုပဲ ထင်မှတ်ကြပါတယ်။ လူနာအများက သေတော့မှာပဲလို့ ယုံကြည်ကြတယ်။ ဒါပေမဲ့ ၁၉၆၀ ပြည့်နှစ်နောက်ပိုင်းမှာ အဓိကတိုးတက်လာတာက ဓာတ်ရောင်ခြည်နဲ့ ပတ်သက်တဲ့ စက်ပစ္စည်းတွေပါ။ အီလက်ရွန်တွေ၊ ပရိုတွန်တွေနဲ့ ကုသမှုတွေ လုပ်ဆောင်လာကြတယ်။ ကင်ဆာဆေးဝါးတွေကလည်း အရင်လိုမျိုး ဆေးသုံးလေးမျိုးတည်း မကတော့ဘူး၊ အမျိုးပေါင်း ၁၀၀ ကျော် ၂၀၀ လောက် ရှိလာကြပြီ။ DNA Molecule တို့၊ ကင်ဆာဖြစ်တဲ့နေရာကို တိုက်ရိုက်ပေးတဲ့ ဆေးဝါးတို့ ပေါ်လာတယ်။ မျိုးရိုးဗီဇဆိုင်ရာ အကြောင်းအချက်တွေ ပိုသိလာကြတယ်။ 

ကင်ဆာရောဂါကို စောစောစီးစီးသိမယ်၊ ရောဂါအဆင့်နုသေးတယ်ဆိုရင်တော့ (ကင်ဆာက ပုံမှန်ဆိုရင် လေးဆင့်ရှိပါတယ်) ပျောက်ကင်းသွားကြတာမျိုးတွေ ရှိပါတယ်။ အသည်းတို့၊ အဆုတ်တို့ ပျံ့နေတာတောင်မှ အခုနောက်ပိုင်းမှာ အသက်ကယ်နိုင်တဲ့ အနေအထားရှိပါတယ်။ နောက်တစ်ခုက ကင်ဆာလို့ သိပြီဆိုတာနဲ့ ခေတ်မီတဲ့ ဆေးရုံကြီးတွေမှာ ဆရာဝန်ကြီးတွေနဲ့ အမြန်ဆုံး တိုင်ပင်သင့်ပါတယ်။ အမြန်ဆုံးစစ်ဆးပြီး ကုသမှု ခံယူစေချင်ပါတယ်။


ကင်ဆာရောဂါကို ဓာတ်ကင်ဆာ (အရပ်အခေါ်) က အသက်သေဆုံးနိုင်တယ်လို့ ယုံကြည်နေကြတယ်

ဓာတ်ရောင်ခြည်စက်တွေက ၁၉၉၀ ပြည့်နှစ်လောက်အထိ သမားရိုးကျ 2D နဲ့ ရိုးရိုးဓာတ်ကင်ဆာမျိုးပဲရှိတာပါ။ အခုနောက်ပိုင်းကျတော့ 3D ပေါ်လာတယ်။ နောက်တစ်ခုက လိုချင်တာနေရာလေး (ဥပမာ လေးထောင့်ဆန်ဆန်၊ တြိဂံပုံစံ အလုံးအကျိတ်တွေ) ကိုပဲ ကွက်ပြီး ဘေးကတစ်သျှူးတွေ မထိအောင် ဓာတ်ရောင်ခြည်ပေးလို့ရတဲ့ နည်းစနစ်တွေကလည်း အရမ်းကို ကောင်းမွန်လာတယ်။ အပြင်က ပေးတာတင်မကဘူး။ ရင်သားကင်ဆာဆိုရင်လည်း ခွဲပြီးပြီးချင်းမှာပဲ အနီးအနားကို ပေးလို့ရတာရှိတယ်။ အစာမျိုကင်ဆာဆိုရင်လည်း အပြင်မှာမဟုတ်ဘဲ အထဲမှာပဲ ပိုက်လေးထည့်ပြီး ပေးလို့ရတာ ရှိတယ်။ အမျိုးသမီးအင်္ဂါဆိုလည်း အမျိုးသမီးအင်္ဂါအထဲထိ ထိတွေ့ြ့ပီး ပေးလို့ရတာရှိတယ်။ အဓိကက ဓာတ်ရောင်ခြည်စက်တွေ ဆန်းသစ်လာတာနဲ့အမျှ ဘေးထွက်ဆိုးကျိုးလည်း နည်းလာပါတယ်။ အရင်တုန်းကလို လူနာတွေ မခံစားရတော့ပါဘူး။ ဒါပေမဲ့ ဓာတ်ကင်လို့ အသက်သေဆုံးရတာကတော့ မဟုတ်ပါဘူး။ တချို့လူနာတွေက ကြံကြံဖန်ဖန် ပြောတတ်ကြတာက မြန်မာလူမျိုး တွေမှာ ဓာတ်ကြီးလေးပါးနဲ့ ညီညွတ်ဖို့လိုပါတယ်။ ဓာတ်ကင်လို့ ဓာတ်တွေပျက်သွားတယ်ဆိုပြီး ပြောကြတာမျိုးလည်း ရှိပါတယ်။ အဲဒါလည်း မဟုတ်ပါဘူး။ ဓာတ်ရောင်ခြည်ရဲ့ အာနိသင်ကလည်း အတော်လေးကောင်းပါတယ်။ ရှင်းရှင်းပြောရရင် အဲဒီအယူအဆကတော့ မဟုတ်ပါဘူးလို့ပဲ ပြောချင်ပါတယ်။


ကင်ဆာရောဂါကို ဆေးမြီးတိုတွေနဲ့ ကုသတာက အမြစ်ပြတ်ပျောက်ကင်းစေတယ်

ဆေးမြီးတိုတွေနဲ့တော့ မကုစေချင်ပါဘူး။ Traditional Medicine တွေကို ဆရာအားပေးပါတယ်။ တိုင်းရင်းဆေးပညာ တွေကို လေးစားပါတယ်။ တိုင်းရင်းဆေးပညာတွေကို လေးစားပါတယ်။ ဒါပေမဲ့ ကင်ဆာရောဂါက အမျိုးပေါင်းအများကြီး ရှိတယ်လေ။ နယ်စပ်ဒေသတွေမှာ တချို့လည်း ကုကြပါတယ်။ ဒါပေမဲ့ ဆရာမြင်တာကတော့ ကင်ဆာရောဂါဆိုရင် အသားစယူပြီး ဘယ်ကင်ဆာလဲဆိုတာ စုံစမ်းသင့်ပါတယ်။ ဆေးမြီးတိုတွေနဲ့ ကုသရင် အမြစ်ပြတ်ပျောက်ကင်းနိုင်ဖို့ ခဲယဉ်းပါတယ်။ ပျောက်ကင်းသွားတယ်ဆိုရင်တော့ ကင်ဆာမဟုတ်လို့ ဖြစ်ပါလိမ့်မယ်။


ကင်ဆာရောဂါဖြစ်ရင် ဘယ်လောက်ကြာကြာ အသက်ရှင်သန်နိုင်လဲ

ကင်ဆာဖြစ်ရင် ဘယ်လောက်ကြာကြာ နေနိုင်မလဲလို့ လူနာတွေက မေးကြတယ်။ ပုံမှန်အားဖြင့် တစ်ကမ္ဘာလုံး စာရင်းပြုစုချက်အရ နိုင်ငံတစ်နိုင်ငံမှာ အစာအိမ်ကင်ဆာ၊ ရင်သားကင်ဆာ၊ သားအိမ်ခေါင်းကင်ဆာ၊ တွေမှာ အဆင့်လေးဆင့် ရှိပါတယ်။ အဆင့်တစ်ဆိုရင် ၉၀ ရာခိုင်နှုန်းက ငါးနှစ်နေနိုင်ပါတယ်။ အဆင့်နှစ်ဆိုရင် ရ၀ ရာခိုင်နှုန်း၊ အဆင့်သုံးဆိုရင် ၆၀ ရာခိုင်နှုန်း၊ အဆင့်လေးဆိုရင် ၂၀ ရာခိုင်နှုန်းလောက်ပဲ ငါးနှစ်နေနိုင်ပါတယ်။ ဒါ လူနာတွေ ဘယ်လောက်ကြာကြာနေနိုင်လဲ ဆိုတာကို ယေဘုယျသတ်မှတ်ထားပါတယ်။ ဒီနေရာမှာ အခြားအကြောင်းအရာတွေ အများကြီးရှိပါသေးတယ်။ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ၊ အာဟာရပြည့်စုံမှု၊ စိတ်ဓာတ်ကြ့ံခိုင်မှုတွေလည်း လိုပါသေးတယ်။ ဆေးကုသမှုကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် ကုသမှုခံယူဖို့လည်း လိုသေးတယ်။ ဆရာတို့ မမြင်နိုင်တဲ့ မျိုးရိုးဗီဇတွေလည်း အများကြီးရှိသေးတယ်။ အဲဒီတော့ လူနာတွေဘက်ကလည်း သေချာဂရုတစိုက်ကုသမယ်၊ အာဟာရကိုလည်း ကောင်းကောင်းမှီဝဲမယ်။ ဆရာဝန်ညွှန်ကြားချက်အတိုင်း စနစ်တကျကုသမှုခံယူမယ်ဆိုရင်တော့ ဆရာတို့သတ်မှတ်ထားတဲ့ သက်တမ်းထက်ပိုရှည်တာ တွေ့ရပါတယ်။


Credit: ပါမောက္ခဒေါက်တာစိန်လင်း

(ခွဲစိတ်နှင့် ကင်ဆာပါရဂူ)



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18