Print

ကျီးပေါင်းတွေနဲ့ ဇက်

  29-Oct-2020
Preview Image

ကျီးပေါင်းတွေနဲ့ ဇက်

          “ဇက်ကြီးနာနေလို့၊ ဇက်ကြီးခိုင်နေလို့” လို့ တစ်ယောက်ယောက်က ပြောလာရင် “မင်းဟာက လည်ပင်းရိုးကျီးပေါင်းတက်လို့ နေမှာကွ” လို့ ပြောတတ်ကြတယ်။ ခါးကျီးပေါင်းတို့၊ လည်ပင်းရိုးကျီးပေါင်းတို့ဆိုတဲ့ စကားတွေဟာ အရိပ်ထဲမှာ သိပ်မစိမ်းလှတော့ဘူး။

          အနောက်တိုင်းဆေးပညာအခေါ်အရ Cervical Spondylosis ကိုပြောတာပါ။ ဇတ်နာတယ်၊ ဇာတ်ကြီးတောင့်နေတယ်၊ ဇာတ်ခိုင်နေတယ်လို့ စသဖြင့်ဆေးခန်းကို လာတတ်ကြပါတယ်။ တချို့ကျတော့ ဇက်မှာသိပ်မနာဘဲ လက်ပြင်တစ်ဖက်ဖက်မှာ လာနာတယ်။ သပ်ကြီးလျှိုထားသလိုပဲလို့ ပြောသူလည်းရှိတယ်။ လက်ပြင်ကြောငုပ်လို့ လို့လည်း ဆိုတတ်ကြသေးတယ်။ တချို့မှာကျတော့ လက်မောင်းထဲမှာ ကိုက်နေတယ်တဲ့။ နောက်စေ့ထဲ ထိုးကိုက်တာက တစ်မျိုး၊ တော်တော်စုံပါတယ်။ ဒါက နာတာဘဲရှိသေးတယ်။

          လက်မောင်းကနေ လက်ဖျားအထိ ထုံတာကျဉ်တာလည်း လည်ပင်းရိုးကျီးပေါင်းကြောင့် ဖြစ်နိုင်တာပဲ။ တချို့များကိုယ့်ပုဆိုး ကိုယ်မဝတ်နိုင်လောက်အောင် အာရုံကြောညပ်သူတွေ ရှိတယ်။ တကယ်။ တကယ်။

          ဒီရောဂါမှန်း ဘယ်လိုသိနိုင်မတဲ့လဲ။ စမ်းကြည့်ရုံနဲ့ သိပါတယ်။ ခါးမတ်မတ်အထိုင်ခိုင်းပြီး ခေါင်းငုံ့၊ နောက်လှန်၊ ဘေးစောင်း အလုပ်ခိုင်းကြည့်ရင် ပုံမှန်လူ လုပ်နိုင်သလောက် မလုပ်နိုင်ဘူး။ ခိုင်နေတယ်။ တင်းနေတယ်။ တစ်အားပေလုပ်ရင် နာတယ်။ ဇက်လှုပ်လိုက်တာနဲ့ လက်ပြင်ထဲက လာအောင့်ပြီဆိုတာမျိုးလည်းရှိတယ်။

          ဓာတ်မှန်ရိုက်ကြည့်ရင် လည်ပင်းရိုးခုနစ်ရိုးရှိတဲ့အနက် နံပါတ် ၅ နဲ့ ၆ အကြား၊ နံပါတ် ၆ နဲ့ ၇ အကြား အဆစ်လေးတွေ ကျဉ်းနေတာ တွေ့ရနိုင်တယ်။ ကျီးပေါင်းတွေလည်း တွေ့ရတယ်ပေါ့။ ဒီနေရာမှာ တစ်ခုပြောစရာရှိတာက ကျီးပေါင်းတွေ တွေ့ရတိုင်းလည်း ဒီရောဂါမှ ဒီရောဂါပါလို့ မယိုးစွပ်သင့်ဘူး။ ဇက်လုံးဝမနာတဲ့ အသက် ၅၀ ကျော်အရွယ်တွေကို ရိုက်ကြည့်တဲ့အခါမှာလည်း တွေ့ရတတ်လို့ပဲ။ လူနာခံစားနေရတဲ့ ဝေဒနာအတွက် အခြားဖြစ်နိုင်ချေတွေကို စမ်းသပ်ရ၊ စစ်ဆေးရပါတယ်။ ဖယ်ထုတ်ရပါတယ်။

ရှောင်ရန်တွေ အရင်ပြောပါမယ်။ ဇက်နာသူတွေဟာ ဇက်တက်တတ်တဲ့အလုပ်လုပ်ရသူတွေ ဖြစ်နေတတ်ပါတယ်။ ဇာထိုးပန်းထိုး၊ စက်ချုပ်၊ နာရီပြင်၊ အဝေးပြေး ကားမောင်း၊ ကွန်ပျူတာကိုင် စသဖြင့် တစ်ခုခုကို အာရုံစူးစိုက်လုပ်ရတဲ့ အလုပ်မျိုးပါ။ ဖြစ်နိုင်ရင် အလုပ်ပြောင်း၊ မဖြစ်နိုင်ရင် အလုပ်လုပ်တဲ့အခါကြားမှာ အားလပ်ချိန်လေးတွေပေးပြီး ဇက်ကြောဖြေပေါ့။ ဇက်ချိုးတာပြောတာမဟုတ်ဘူး။

          အလုပ်မလုပ်ဘဲ ဇက်ကြောတက်အောင်လုပ်နေတာရှိရင်တော့ ရှောင်ပေါ့။ ဥပမာ ဖဲရိုက်၊ ကျားထိုး၊ ဗီဒီယို သုံးကားဆက်တိုက်ကြည့်၊ အချစ်ဝတ္ထု နှစ်အုပ်တွဲ အစအဆုံး ဖတ်တာမျိုးတွေ၊ ရုံးစားပွဲမှာ သဲသဲမဲမဲ ချည်ထိုးတာတွေ။

          ဇာတ်နာတတ်တဲ့ အကျင့်မှားတစ်ခုကိုလည်း ပြောရဦးမယ်။ အဲ့ဒါက ဇာတ်ကြီးလိမ်ပြီးအိပ်တာ။ ငိုက်တာ၊ ပက်လက်ကုလားထိုင်ပေါ် အိပ်ငိုက်တာမျိုးပေါ့။ ခေါင်းအုံးနှစ်လုံးဆင့်ပြီးမှ အိပ်တတ်တဲ့အကျင့်ကိုလည်း ပြင်ရမယ်။ တန်းလျားလက်တင်တို့၊ ဆက်တီခုံ ပေါင်ပေါ်တို့မှာ ခေါင်းအုံးပြီးအိပ်တာလည်း မကောင်းဘူး။ တချို့က ခေါင်းအုံးမမြင့်ရဘူးဆိုတော့ ခေါင်းအုံးလုံးဝမထည့်ဘဲ အိပ်မယ်ကွာလုပ်ရော။ ဒါကျတော့လည်း လွန်သွားပြန်ပြီ။

ရှောင်ရန်တွေ ပြောပြီးတဲ့အခါ ဆောင်ရန်တွေ၊ လုပ်စရာတွေ ပြောကြရအောင် . . .

          ဇက်နာဆိုတာ နာတာရှည်ရောဂါတစ်မျိုးပါ။ သက်သာလိုက်၊ ပေါ်လာလိုက်၊ ပြန်ပျောက်သွားလိုက် ဖြစ်နေတတ်တာမျိုးပါ။ ဆရာဝန်နဲ့ ပြသအကြံဉာဏ်ရယူဖို့ ဝန်မလေးပါနဲ့။ အဲဒီဆရာဝန်က သင့်လျော်ရာကို ထပ်ညွှန်ရင်လည်း တကယ်လိုအပ်လို့ နေမှာပါ။ သွားလိုက်ပါ။

          ဆေးကတော့ လူနာနဲ့သင့်တော်မယ့် အရောင်ကျအကိုက်ပျောက် (NSAID) ဆေးတစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ အခြားလိုအပ်တဲ့ဆေးတွေကလည်း တွဲပေးမှာပေါ့။ ဆေးထိုးသင့်ရင်လည်း ထိုးပေးမှာပေါ့။

          ဇက်ကြောနဲ့ လက်ပြင်တွေကို ဆေးလိမ်းပြီးအသာအယာနှိပ်ပေးရင်လည်း သက်သာတတ်ပါတယ်။ ရေနွေးအိတ်ကပ်ပေးတာမျိုးကလည်း သက်သာစေတယ်ဆိုပါတယ်။

          ဇက်ကို နည်းနည်းလေးမှ လှုပ်လို့မရဘဲ အမယ်လေး တနေရသူတွေအတွက်တော့ လည်ပတ်တပ်ထားဖို့ ကောင်းတယ်။ ကော်လာ (Cervical Collar) တပ်တယ်လို့ခေါ်တယ်။ လည်ပင်းမလှုပ်မိအောင် ထိန်းထားတာကြောင့် မနာတဲ့သဘောပါပဲ။ ဒါပေမယ့် အကြာကြီးတပ်ထားလို့ မကောင်းဘူးတဲ့။ ကုပ်ဆက်ကြွက်သားတွေနားထားလို့ ပျော့သွားတဲ့အတွက် ကော်လာဖြုတ်လိုက်တဲ့အခါ ပိုပြီးတောင် ဆိုးသွားတတ်သေးသတဲ့။ ဒါကြောင့် အနာနည်းနည်း သက်သာတာနဲ့ တစ်ပြိုင်နက် ကော်လာဖြုတ် နည်းနည်းပါးပါး နာရုံလောက်နဲ့ ကော်လာမတပ်နဲ့လို့ ညွှန်ကြားကြပါတယ်။

          အဆစ်ကျွံလို့ ဇက်နာတာမျိုးကျရင် မေးစေ့နဲ့ နောက်စေ့တွေကနေ မြင်းပါးချပ်လို အဝတ်စပတ်ပြီး လည်ပင်းဆန့်လာအောင် ခဲဆွဲလို့ရပါတယ်။ ဘယ်လောက်အလေးနဲ့ ဘယ်လောက်ကြာကြာ၊ ဘယ်နှကြိမ်ဆွဲရမယ်ဆိုတာ ဆရာဝန်က ညွှန်ကြားပါလိမ့်မယ်။ အိပ်ပြီးဆွဲလို့လည်း ရတယ်။ ထိုင်ရက်ဆွဲလို့လည်း ရတယ်။ ဆွဲတတ်ပြီဆိုရင် အိမ်မှာဆွဲလို့လည်း ရပါတယ်။ Halter Traction လို့ ခေါ်ကြတယ်။ အရေးကြီးဆုံးအပိုင်းက ဇက်လေ့ကျင့်ခန်းပါ။

          ရှောင်သင့်တာတွေလည်း ရှောင်ပြီး ဇက်လေ့ကျင့်ခန်းလည်း ယုံယုံကြည်ကြည် ဇွဲရှိရှိလုပ်မယ်ဆိုရင် ဇက်နာမဖြစ်သေးသူတွေ ဇက်မနာအောင် ကာကွယ်နိုင်တယ်။ ဖြစ်ပြီးသူတွေ ဝေဒနာပျောက်ကင်းလိမ့်မယ်။

          ဇက်လေ့ကျင့်ခန်းဆိုတာ ဘာမှခက်တာမဟုတ်ဘူး။ ပစ္စည်းကိရိယာတွေလည်း မလိုပါဘူး။ မတ်မတ်စန့်စန့်ရပ်၊ ရင်ကိုဖွင့်ပြီး ခါးထောက်၊ ခပ်တောင့်တောင့်လေးနေ။ ပြီးရင် တစ် . . . နှစ်၊ သုံး . . . လေး ဆိုပြီး စည်းချက်မှန်မှန်နဲ့ ခေါင်းငုံ့၊ ပြန်မတ်၊ နောက်လှန်၊ ပြန်မတ်၊ နောက်တစ်ခါ ညာငဲ့၊ ပြန်တည့်၊ ဘယ်ငဲ့၊ ပြန်တည့်လုပ်။ ငါး . . . ခြောက်၊ ခုနှစ် . . . ရှစ်ပေါ့။ မလုပ်တတ်ရင် အိမ်ကကလေးကို အသင်ခိုင်းလို့ရပါတယ်။ ဆတ်ခနဲ၊ ဆတ်ခနဲ ဇက်ချိုးသလို မလုပ်ရဘူး။

          ဒီလိုလုပ်ခြင်းအားဖြင့် တင်းနေတဲ့အရွတ်တွေကို လျော့စေတယ်။ လည်ကုပ်က ကြွက်သားတွေကို သန်မာစေတယ်။ ကြွက်သားတွေ သန်မာတော့ လည်ပင်းရိုးကို ကြွက်သားအားနဲ့ ကောင်းကောင်းထိန်းထားပေးနိုင်တယ်တဲ့။ Neck Muscle Strengthening Exercise လို့ ခေါ်ပါတယ်။ အလွန်အကျိုးများတဲ့ လေ့ကျင့်ခန်းပါ။ ဒီထက်အားထည့်ချင်ရင် လက်ရဲ့ ဆန့်ကျင်ဘက်အားကိုသုံးပြီး လုပ်လို့ရသေးတယ်။ လက်ကို နဖူးမှာထောက်ပြီး လက်ကနောက်တွန်း၊ နဖူးကရှေ့တွန်းနဲ့ အားပြိုင်ရတာပေါ့။

          လုပ်ရတာ လွယ်ကူ၊ ငွေကုန်သက်သာ၊ အကျိုးလည်းရှိလှပေမယ့် လုပ်ဖြစ်ခဲလှတယ်။ အဲဒါ ယုံကြည်မှုမရှိသေးလို့ဘဲဗျ။ လေ့ကျင့်ခန်းရဲ့ တန်ဖိုးကို တကယ်သိအောင် စည်းရုံးတိုက်တွန်းကြရပါမယ်။

          ကျွန်တော်တို့ လေးစားကြည်ညိုရတဲ့ အရိုးဆရာဝန်ကြီး ဦးအောင်သန်းထွန်း (ယခုအငြိမ်းစား) အကြောင်း ပြောရဦးမယ်။ ဆရာကြီးကိုယ်တိုင် အသက် ၄၀ ကျော် ၅၀ လောက်မှာ ဇက်နာဝေဒနာ ပြင်းပြင်းထန်ထန် ခံစားခဲ့ရဖူးသတဲ့။ ကျီးပေါင်းအရမ်းဆိုးတဲ့အခါ ဦးနှောက်ဆီကိုသွားတဲ့သွေးကြော (Vertebral Artery) ကို ပိသလောက်ဖြစ်နေလို့ ထိုင်ရာက အထလိုက်မှာ မိုက်ခနဲ ဖြစ်တတ်တယ်။

          ဆရာကြီးဟာ အလုပ်တောင် ကောင်းကောင်းမလုပ်နိုင်ဘူးတဲ့။ ကောင်းပေ့ဆိုတဲ့ ဆေးတွေသောက်၊ ခဲဆွဲ၊ ကော်လာပတ် လုပ်ပေမယ့် မသက်သာဘူး။ လူကလည်း ဘေးဘီကြည့်ချင်ရင်တောင် ဇက်မလှည့်နိုင်တော့ ကိုယ်လုံးကြီးပါ လှည့်လှည့်ကြည့်ရတာ ဆင်ကြီးလိုပဲတဲ့။ ကြာတော့ စိတ်ဓာတ်တောင် ကျလာပါသတဲ့။ လေ့ကျင့်ခန်းကတော့  ကောင်းမှန်းသိပေမယ့် စိတ်ပါတဲ့အခါလုပ်လိုက်၊ မပါတဲ့အခါ ရပ်လိုက်နဲ့ စွဲစွဲမြဲမြဲ မလုပ်ဖြစ်ဘူးတဲ့။ ဒါအရိုးဆရာဝန်ကြီး ကိုယ်တိုင်နော်။

          နောက်ဆုံးမှာမ မဖြစ်တော့ဘူးဆိုပြီး လေ့ကျင့်ခန်းကို စွဲစွဲမြဲမြဲလုပ်တော့တာ။ တကယ်ဇွဲနဲ့လုပ်တော့ တကယ်ပျောက်ပါသတဲ့။ ဂေါက်ပြန်ကစားလာနိုင်တယ်။ ပင်ပင်ပန်းပန်းလုပ်ရတဲ့ အရိုးခွဲစိတ်မှုတွေ ပြန်လုပ်နိုင်တယ်။ ကျွန်တော်တို့နဲ့ ဆရာကြီးနဲ့ တွေ့ရတဲ့ အချိန်မှာ ဆရာကြီးပင်စင်ယူခါနီးနေပြီ။ ကျီးပေါင်းရောဂါဝေဒနာလည်း လုံးဝ ပျောက်နေပါပြီ။

          ဆရာကြီးဟာ လည်ပင်းကျီးပေါင်းသမားတွေ့တိုင်း သူ့ကိုယ်တွေ့လေ့ကျင့်ခန်းတရား ဟောပါတယ်။ ဘေးကတပည့် ကျွန်တော်တို့တစ်တွေမှာ ကြားရဖန်များလို့ စွဲနေပါပြီ။ ကျွန်တော်လည်း ကျွန်တော့လူနာတွေကို သူ့လေ့ကျင့်ခန်းတရား ဆက်ဟောပါတယ်။ လေးလေးစားစား၊ ယုံယုံကြည်ကြည် ပုံမှန်ဇွဲကောင်းကောင်းနဲ့ စွဲစွဲမြဲမြဲ လုပ်သူတွေအမှန်တကယ် ပျောက်ကင်းကြတာကိုလည်း နမူနာတွေပြပြီး ပြောနိုင်နေပါပြီ။

          စာဖတ်သူလည်း အခြားသူတွေကို လေ့ကျင့်ခန်းတရား လက်ဆင့်ကမ်းပေးပါလား။ ကုသိုလ်ရပါတယ်။

“ကျီးပေါင်းရောဂါရရှိလာ၊ လုပ်ပါမပန်း၊ ဇက်လေ့ကျင့်ခန်း”

          ဇက်ဝေဒနာဘေး ၊ ကင်းဝေးကြပါစေ။

Credit : ဒေါက်တာ အောင်ကျော်ဇော



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18