Print

မမျိုးစေ့မကြွေခြင်းနှင့် ကုသနည်းများ

  12-Jun-2020
Preview Image

          အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ခဲသည့် ပြဿနာတွင် မမျိုးစေ့ကြွေခြင်း (Ovulation) နှင့် ပတ်သက်ခြင်းသည် ၅၀ ရာခိုင်နှုန်းကျော်တွေ့ရှိရသည်။ ယင်း ၅၀ ရာခိုင်နှုန်းကျော်ထဲမှ ၈၅ ရာခိုင်နှုန်းသည် အသက် ၃၅ နှစ်နှင့် အထက်အုပ်စုဖြစ်သည်။ ဗီဇကြောင့်လည်းကောင်း အခြားသော အကြောင်းများကြောင့်လည်းကောင်း၊ မမျိုးစေ့မကြွေသော ၃၀ နှစ်အောက် သက်ငယ်အုပ်စုသည် ၁၀ ရာခိုင်နှုန်းလောက်ရှိပါသည်။ သက်ငယ်၊ သက်လတ်အုပ်စုတွင် မည်သည့်ရောဂါ၊ မည်သည့်အားနည်းချက်မျှမရှိဘဲ အဝလွန်ခြင်းကြောင့် မမျိုးစေ့မကြွေခြင်းမှာ ငါးရာခိုင်နှုန်းလောက် ရှိသည်။


          မမျိုးစေ့ မကြွေခြင်းအပြင် အခြားယှဉ်တွဲလာတတ်သော မီးယပ်သွေးမမှန်ခြင်း၊ ထိမ်ခြင်း၊ သားအိမ်နှင့် သားဥပြွန်များ ရောင်ရမ်းခြင်း၊ လည်ပင်းအကျိတ် (Thyroid Gland) ပုံမှန် အလုပ်မလုပ်ခြင်း၊ ဗီဇကြောင့် မမျိုးစေ့မကြွေခြင်း (Chromosomal Causes) နှင့် အဝလွန်ခြင်းများကို မမျိုးစေ့ကြွေရန် ဇောက်ချပြီး မကုသမီ ပဏာမအနေဖြင့် ကုသသင့်ပါသည်။ သို့မှသာ အချိန်တိုအတွင်း မမျိုးစေ့ကြွေရန် ကုသနိုင်မည်ဖြစ်သည်။


          ဆေးများပေး၍ မမျိုးစေ့ ကြွေစေရန် ကုသနည်းများမဆွေးနွေးမီ မလိုအပ်သော လုပ်သင့်သော အခြေအနေများကို သိထားရန်လိုပါသည်။ ဖြစ်နိုင်ပါက ဆေးများကို နောက်ဆက်တွဲဆန်းစစ်မှု မပြုလုပ်နိုင်ဘဲ ပေးရန် မသင့်ပါ။ ပထမအချက်မှာ အမျိုးသမီးတစ်ဦးနှင့်တစ်ဦး အသက်အရွယ်၊ ကိုယ်အလေးချိန်နှင့် သဘာဝမတူမှု အပေါ်မူတည်ပြီး ဆေးတုံ့ပြန်မှု ထိရောက်ချင်းမတူကြပါ။


          ဒုတိယအချက်မှာ ယင်းဆေးများကြောင့် သားဥများ နှိုးဆွမှု လွန်ကဲခြင်း (Ovarian Hyper Stimulation) ဖြစ်တတ်ပါသည်။ ယင်းပြဿနာဖြစ်ရန် ဆေးများလွန်ကဲစွာ ပေးမိ၍ ဖြစ်နိုင်သလို၊ အတော်အသင့်ပေးသော်လည်း ယင်းလူနာအမျိုးသမီး၏ “တုံ့ပြန်မှု” ကြောင့် လွန်ကဲသော သဘာဝကြောင့်လည်း ဖြစ်နိုင်ပါသည်။


          ဤသို့ဖြစ်နိုင်သော ပြဿနာကြောင့် ဖွံ့ဖြိုးသောနိုင်ငံများတွင် ဤဆေးကို ဝယ်ရန် လိုင်စင်ရှိပြီး ဝါရင့်ပါရဂူများကသာ ဆေးအညွှန်း ရေးပေးနိုင်ပါသည်။

          ဤမမျိုးစေ့ကြွေစေသော ဆေးများသည် ကန့်သတ်ချက်ရှိပြီး အချိန်ကာလ၊ အတိုင်းအဆနှင့် နောက်ဆက်တွဲစစ်ဆေးမှုများ လိုအပ်ကြောင်း၊ ဆေးဖိုးတတ်နိုင်၍ အတိုင်းအဆ၊ အကန့်အသတ်မရှိသုံးစွဲရသောဆေးများမဟုတ်ကြောင်း အမျိုးသမီးများ နားလည်စေချင်ပါသည်။ ထို့အတူ လိုအပ်သော ပမာဏအထိ မပေးဘဲ မစို့မပို့ ပေးပါကလည်း ထိရောက်အောင်မြင်မှု မရှိဘဲ အချိန်ကုန်၊ ငွေကုန် အသက်ကြီးသွားခြင်းသာ ရလဒ်ဖြစ်ပါမည်။


          မမျိုးစေ့ကြွေရန် ကုသနည်းမှာ ယေဘုယျအားဖြင့် ငါးမျိုး၊ ငါးဆင့် ရှိပါသည်။

၁။ မမျိုးစေ့ကြွေဆေး (Clomipine Citrate) စားဆေးပေး၍ ကုသခြင်း။

၂။ မမျိုးဥ လှုံဆော်ဆေးများ (Gonado Trophins) ပေး၍ ကုသခြင်း။

၃။ ခွဲစိတ်သောနည်းဖြင့် ကုသခြင်း။

၄။ ဆီးချိုရောဂါတွင်သုံးသော (Metformin) ဆေးပေး၍ ကုသခြင်း။

၅။ ကိုယ်တွင်းဓာတ်လွန်ကဲမှုအတွက် (Hyperprolactinemia) ဆေးပေး၍ ကုသခြင်းတို့ ဖြစ်ကြသည်။


          ကုသပုံကုသနည်း စနစ်တကျလိုအပ်သလို၊ လူနာရော၊ ဆရာဝန်ပါ စိတ်ရှည်ကြဖို့ လိုသည်။ အချိန်အနည်းငယ်နှင့် တိကျရန်လိုသော သက်ကြီးအုပ်စု အမျိုးသမီးများအတွက် နားလည်ထားဖို့ လိုသည်။ အသက်မကြီးသေးသော်လည်း ခင်ပွန်းသည် ရပ်ဝေးတွင် အလုပ်သွားလုပ်၍ ရက်တိုပြန်လာချိန်အတွင်း ထိရောက်ပြီး အချိန်တိုနှင့် သိပ္ပံနည်းကျကုသမှုပေးပါမှ အောင်မြင်မှုရလဒ်နှင့် ကြုံပါမည်။


          ကုသချိန် (ကြိုးစားချိန်) တိုခြင်းအပြင် မထိရောက်သော မစို့မပို့ ကုသခြင်းများနှင့် ရင်ဆိုင်နေရသော ဇနီးမောင်နှံများ လက်တွေ့ဘဝတွင် များစွာကြုံတွေ့နေရပါသည်။ အောင်မြင်လိုသော ပြင်းပြသည့်ဆန္ဒနှင့် မျိုးပွားကျန်းမာရေး အသိပညာပေးလိုက်ပါသည်။

Credit : ပါမောက္ခ ဒေါက်တာ မြင့်မောင်မောင်



Related Articles


Advertisment 18