ကိုယ်ဝန်ဆောင်များနှင့် သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ
24-Feb-2017
Hypothyroidism ဟာ ကိုယ်ဝန်ဆောင်တွေမှာ အဖြစ်များတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကိုယ်ဝန်ဆောင် တွေမှာ ၂-၃% လောက်ဖြစ်ပြီး ၀.၄-၀.၅% သာ ဆေးရုံဆေးခန်းဆီ ရောက်လာတတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်မိခင်လောင်းတွေဟာ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါ ခံစားရတာကို ကမ္ဘာအနှံ့မှာ တွေ့ရှိရပြီး အဓိက ဖြစ်ရခြင်းအကြောင်းကတော့ နာတာရှည်ခုခံအား တုံ့ပြန်ခြင်း (Autoimmune disease) နဲ့ ဆက်စပ်နေတဲ့ သိုင်းရွိုက်ဂလင်းရောင်ရောဂါကြောင့် ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်တွေမှာဖြစ်တဲ့ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါဟာ တစ်ခါတစ်ရံမှာ ကိုယ်ဝန်ဆောင်ကာလ ကြုံတွေ့ရတဲ့ လက္ခဏာနှင့်တောင် ခွဲခြားမရနိုင် ဖြစ်တတ်ပါတယ်။
အဲဒီအခါမှာ မိမိကိုယ်တိုင်နဲ့ မိဘမျိုးရိုးမှာ သိုင်းရွိုက်ရောဂါ ရှိ၊ မရှိ၊ လည်ပင်းကြီးရောဂါ ရှိ၊ မရှိ၊ ဒါမှမဟုတ် အမျိုးအစား (၁) ဆီးချိုသွေးချိုရောဂါ ရှိ၊ မရှိကို ပြန်ကြည့်ရတတ်ပါတယ်။ သွေးတွင်းမှာရှိတဲ့ TSH ပမာဏ အလွန်မြင့်တက်ပြီး T4 ပမာဏပုံမှန်ဖြစ်နေရင် (သို့) မြင့်တက်နေရင် ဒါကို Hypothyroidism ရောဂါလို့ သတ်မှတ်ပါတယ်။ လေ့လာစမ်းသပ်ချက်များအရ Hypothyroidism ရောဂါကြောင့် မိခင်မှာ သွေးအားနည်းခြင်း၊ သားပျက်သားလျှောခြင်း၊ အကြိုကိုယ်ဝန်ဆောင် အဆိပ်တက်ခြင်း (Pre-eclampsia)၊ အချင်းကွာကျခြင်းနှင့် မွေးပြီးသွေးလွန်ခြင်း စတဲ့အကျိုးဆက်တွေ ခံစားရနိုင်သလို လမစေ့ ကလေးမွေးခြင်း၊ ပေါင်မပြည့်ကလေး မွေးခြင်းနဲ့ မွေးလာတဲ့ကလေးငယ်မှာ အသက်ရှူလမ်းကြောင်း ပြဿနာတွေ ကြုံတွေ့ရနိုင်ပါတယ်။
ကိုယ်ဝန်ဆောင်ကာလမှာ သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ ဖြစ်လာရင် ထိရောက်စွာ ကုသပါမှ မိခင်နဲ့မွေးလာမယ့်ကလေးငယ်မှာပါ အန္တရာယ်ကျရောက်မှု လျော့နည်းနိုင်မှာပါ။ သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါကု ဆေးဝါးတွေ အများကြီးရှိတဲ့အနက် Levothyroxine ဆိုတဲ့ ဆေးဟာ ကိုယ်ဝန်ဆောင်တွေအတွက် အသင့်တော်ဆုံး ဆေးတစ်မျိုးပါ။ အရင်က သိုင်းရွိုက်ဟော်မုန်း အားနည်းရောဂါရှိတဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်းပဲ ဒီဆေးကို ကိုယ်ဝန်ဆောင် ကာလမှာသောက်သုံးနိုင်ပါတယ်။
ဒီဆေးကို သောက်သုံးနေရင်းနှင့်လည်း ၄ ပတ် (သို့) ၆ ပတ် တစ်ကြိမ်လောက် သိုင်းရွိုက်စစ်ဆေးမှု (FT4 & TSH) ကို စစ်ဆေးပေးရပါမည်။ ကိုယ်ဝန်စောပိုင်း ကာလမှာ TSH ပမာဏဟာ 2.5mU/L အောက်ရှိရမှာဖြစ်ပြီး ကိုယ်ဝန်နောက်ဆုံးကာလ (မွေးဖွားခါနီး) မှာ 3mU/L အောက်ရှိရမှာပါလို့ ဆိုပါတယ်။ ဒီပမာဏအတွင်းမှာ ထိန်းထားနိုင်ဖို့အတွက် ကိုယ်ဝန်ဆောင်တွေသောက်ရမယ့် Thyroxine ပမာဏက 2-2.4 ug/kg နှုန်းနဲ့ တွက်ချက်ပြီး နေ့စဉ်သောက်သုံးရမှာ ဖြစ်ပါတယ်။
Healthcare.com.mm
Ref:
Sheri (U.O.N,ygn)
Ziwaka magazine, February 2014, Pg.66-67
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
