စိတ်ဖိစီးမှုကိုလျော့ချပေးသည့် ဟော်မုန်းဆေးက ကိုယ်ဝန်ရနိုင်ရန်ကူညီ
24-Feb-2017
စိတ်ဖိစီးမှုများသည် အမျိုးသမီးတစ်ဦး၏ ကိုယ်ဝန်ရနိုင်ခြေကို အဟန့်အတားဖြစ်စေနိုင်ကြောင်း ထင်မြင်ခဲ့ကြသည်။ ယခုအခါ သိပ္ပံပညာရှင်တို့က ထိုပြဿနာအတွက် အဖြေတစ်ခု ရရှိဖွယ်ရာရှိကြောင်း သိရသည်။ RFRP3 ဟုခေါ်သော ဟော်မုန်းကိုရပ်တန့်ပစ်ခြင်းဖြင့် ကိုယ်ဝန်ဆောင်နိုင်ခြင်းအား ထိခိုက်နိုင်သည့် စိတ်ဖိစီးမှုကို ဟန့်တားနိုင်ကြောင်း လေ့လာသူတို့ တွေ့ရှိခဲ့ရသည်။ သို့ဖြစ်ရာ ခန္ဓာကိုယ်၏ စိတ်ဖိစီးမှုအား ပိတ်ပင်ဟန့်တားနိုင်သည့် ဆေးဝါးတစ်လက်ကို တီထွင်ခဲ့သည်။
အိမ်ထောင်သည်စုံတွဲ ခြောက်တွဲတွင် တစ်တွဲနှုန်းသည် မိသားစုဘဝကို သဘာဝအတိုင်း စတင်နိုင်ရန် အခက်အခဲရှိနေသဖြင့် ထိရောက်သော ကုသမှုသည် ကြီးမားသော အကူအညီကို ရရှိစေနိုင်ကြောင်း သိရသည်။ နို့တိုက်သတ္တဝါ အားလုံး၏ ဦးနှောက်ထဲမှ RFRP3 ဟော်မုန်းထွက်ရှိပြီး လူပျိုဖော်၊ အပျိုဖော်မဝင်မီ မျိုးဆက်ပွားစနစ်ကို ဟန့်တားတတ်သည်။ အဆိုပါဟော်မုန်းသည် စိတ်ဖိစီးမှုများချိန်တွင် ခန္ဓာကိုယ်ကိုကာကွယ်ပြီး မျိုးဆက်ပွားနိုင်ခြေကို ဟန့်တားတတ်ကြောင်း သိရသည်။
ကြွက်မများအား လေ့လာမှုအရ တစ်နေ့လျှင် နာရီပေါင်းများစွာ စိတ်ဖိစီးမှုကြုံစေခဲ့ပြီး သုံးပတ်အကြာတွင် အခြားကြွက်ထီးများနှင့် မိတ်လိုက်စေခဲ့သည်။ ထိုကြွက်မများသည် မိတ်လိုက်ရခြင်းအား စိတ်ဝင်စားမှု နည်းပါးသည့်အပြင် ကိုယ်ဝန်ရှိချိန်တွင်လည်း ခါတိုင်းထက် ကိုယ်ဝန်ပျက်ကျနိုင်ခြေ ပိုများကြောင်း သိရသည်။“လူတွေမှာ စိတ်ဖိစီးမှုများတာကြောင့် မျိုးဆက်ပွားစနစ်ရဲ့ လုပ်ငန်းဆောင်တာ သိသိသာသာ လျော့နည်းပြီး မျိုးအောင်နိုင်စွမ်း ထိခိုက်တတ်ပါတယ်။
ဒီနေ့ခေတ်နေထိုင်မှုပုံစံက စိတ်ဖိစီးမှုများပြီး အမျိုးသမီးအများစုက အလုပ်တာဝန်တွေ အများကြီးကို လုပ်ကိုင်နေရတာ ဖြစ်ပါတယ်။ နေ့စဉ် စိတ်ဖိစီးမှုများတာကြောင့် အိပ်တာ၊ စားတာတွေမှာ အခက်အခဲရှိလာရင် မျိုးအောင်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်” ဟုလေ့လာသူ ပါမောက္ခဖာက ပြောကြားခဲ့သည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, No.273, April 2015,Pg.130
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
