ရာသီပေါ်စဉ် ဗိုက်နာစဉ်
22-Nov-2017အမျိုးသမီးတိုင်း လစဉ်ရာသီသွေးပေါ်လေ့ရှိပါတယ်။ ရာသီသွေးပေါ်ခြင်းဟာ သားအိမ်နံရံအတွင်းမှာရှိတဲ့ အလွှာပါးကွာကျလာခြင်းကြောင့် ဖြစ်ပါတယ်။ တကယ်တော့ ဟော်မုန်းတန်ခိုးပါပဲ။ ရာသီသွေးဆင်းဖို့ သားအိမ်ကညှစ်ပေးရတယ်။ အဲဒီလိုဖြစ်ဖို့ မဟော်မုန်းတွေက လုပ်ဆောင်ပေးရတယ်။ အပျိုဖော်ဝင်ပြီး အမျိုးသမီးတွေရဲ့ ရာသီနဲ့ပတ်သက်တဲ့ ရောဂါတွေခံစားရလေ့ရှိတယ်။ ရာသီမလာခင် ခံစားရတဲ့ လက္ခဏာတွေကို Premenstrual Syndromes(PMS) လို့ခေါ်ပါတယ်။ အမျိုးသမီး ၄၀ရာခိုင်နှုန်းလောက်မှာ ဒီလက္ခဏာတွေကို တွေ့ရတတ်ပါတယ်။
တစ်ခါဖြစ်ရင် ၄-၅ ရက်ခန့်ကြာတယ်။ လက္ခဏာတွေက -
၁ - ရင်သားတင်းခြင်း
၂ - ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
၃ - အစာအိမ်နာခြင်း
၄ - စိတ်ဂနာမငြိမ်ဖြစ်ခြင်း
၅ - မောပန်းနုံးချည့်ခြင်း
၆ - ၀က်ခြံထွက်ခြင်း စတာတွေဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့ထက်ဝက်ခန့်ဟာ ရာသီမလာခင် ဗိုက်နာတာမျိုးရှိတတ်ပါတယ်။ ဆေးပညာလို Dysmenorrhoea လို့ခေါ်ပါတယ်။ Prostagladin ရဲ့ အာနိသင်ကြောင့်ဖြစ်ရတာပါ။ ဗိုက်နာတဲ့အခါ ၀မ်းဗိုက်အောက်ပိုင်း ဆီးစပ်(သို့) ခါးနေရာက နာတယ်။ အများစုဟာ ရာသီမလာခင် ၁- ၂ ရက်လောက်စောပြီး နာတတ်တယ်။ တစ်ခါနာရင် ၃-၄ရက်လောက်ကြာတယ်။ ကံဆိုးတဲ့ အမျိုးသမီး ၁၀ ရာခိုင်နှုန်းကတော့ အိပ်ရာထဲက မထနို်င်အောင် ပြင်းပြင်းထန်ထန်နာကျင်လေ့ရှိတယ်။
ဗိုက်နာရင် ဘာလုပ်မလဲ
- ၀မ်းဗိုက်အောက်ပိုင်း (သို့) ခါးမှာ ရေနွေးအိတ်ကပ်ပါ။
- ဗိုက်ကို ညင်သာစွာ နှိပ်ပေးနိုင်တယ်။ ရေနွေးနဲ့ရေချိုးနိုင်တယ်။
- အိပ်နေစဉ် ခြေထောက်ကိုမြှင့်ထားပါ။
- ယောဂ (သို့) အပေ့ါစားလေ့ကျင့်ခန်း တစ်ခုခုလုပ်ပါ။
- ပျော့တဲ့အစားအသောက်၊ စွပ်ပြုတ်သောက်ပေးသင့်တယ်။
- ဗီတာမင်အီး အားဖြည့်ဆေးသောက်ပါ။
- Vitamin B6, Vitamin B1, Calcium, Magnesium ပါတဲ့အားဆေးတွေက အကျိုးရှိပါတယ်။
- Omega 3၊ ဆည်းဆာခင်နှင်းဆီ (EPO) ပါတဲ့ဆေးတွေက ရာသီကိုင်လက္ခဏာတွေကို သက်သာစေတယ်။
- နီတဲ့အသား၊ အချို၊ အငန်၊ အရက်၊ ဆေးလိပ်၊ ဘီယာ၊ ၀ိုင် စတာတွေရှောင်ပါ။
ဘယ်ဆေးတွေသောက်မလဲ
- Mefenamic acid ပါတဲ့ဆေးတွေက အသုံးအများဆုံးပဲ။ Dolfennal လို့ပြောရင်လူပိုသိပါတယ်။ 250-500mg တစ်နေ့ တစ်ကြိမ်-သုံးကြိမ်သောက်ပါ။
- ရာသီများရင် Tranexamic acid ပါတာမျိုးသောက်သင့်တယ်။ တစ်နေ့ ၂-၃ကြိမ် သောက်နိုင်တယ်။ ဆေးသောက်ပြီး ရာသီသွေးနည်းသွားတတ်တယ်။
- Golfen (Ibuprofen) အကို်က်အခဲပျောက်ဆေးကို တစ်နေ့သုံးကြိမ်သောက်နိုင်တယ်။
- ဗိုက်အရမ်းနာရင် Meftalspas သောက်ဆေးကတော့ အကောင်းဆုုံးပါပဲ။ တစ်နေ့သုံးကြိမ်လောက်ပါ။
- ဆည်းဆာခင်နှင်းဆီ (EPO) နဲ့ Vitamin E အားဆေးတွေဟာ ရာသီကိုင်လက္ခဏာတွေကို လျော့ပါးသက်သာစေတယ်။ ရာသီမပေါ်ခင် ၄-၅ ရက်ကြိုသောက်ထားဖို့လိုပါတယ်။
Dr. Oliver
Credit: ဒေါက်တာအေးမင်းထူး
ZIWAKA magazine