မွေးရက်လေလား ဝိုးတဝါး
06-Apr-2018“ကိုးလလွယ် ဆယ်လမွေး” ဟု ပြောစမှတ်ရှိကြသည့်အတိုင်း ကိုယ်ဝန်ဆောင်ချိန်သည် ရက်ပေါင်း ၂၈၀၊ ရက်သတ္တပတ် ၄၀ ကြာမြင့်လေ့ရှိပါသည်။ မြန်မာနည်းနှင့် တွက်ချက်ဖြစ်စေ အနောက်တိုင်းနည်းဖြင့် တွက်ချက်သည်ဖြစ်စေ အတိုးအလျော့တော့ ရှိနေသည်။ ဆေးပညာ (သားဖွားပညာ) အရ မွေးမည့်ရက် ခန့်မှန်းရက်ကို စတင်တီထွင်သော ဆေးပညာရှင်ကြီးကို ဂုဏ်ပြုသောအားဖြင့် ၎င်းပုဂ္ဂိုလ်ကြီး၏ နာမည်အတိုင်း Naegale’s Rule “ နီးဂလီတွက်ချက်နည်း ဥပဒေသ” ဟု ခေါ်တွင်သည်။ နောက်ဆုံးမီးယမ်သွေး၏ ပထမရက် First Of Last Period ကိုယူသည်။ ၎င်းရက်ကို ကိုးလနှင့် ခုနှစ်ရက်ပေါင်းထည့်ပြီး မွေးမည့်ခန့်မှန်းရက်ကို တွက်ယူသည်။
သားဦးမိခင်တစ်ဦးက တွက်ပေးထားသည့် မွေးမည့်ခန့်မှန်းရက်အတိုင်း နယ်မှမိခင်ကြီးအား ရန်ကုန်သို့ ကြိုတင်ခေါ်ရန် စီစဉ်ထားရာ မခေါ်မီ စောမွေးသွားသဖြင့် ယာယီ အခက်ကြုံရသည်။ ဝန်ထမ်းအမျိုးသမီး ကိုယ်ဝန်ဆောင်မိခင်က မွေးမည့်ခန့်မှန်းရက်အတိုင်း မွေးဖွားခွင့်ယူထားရာ တစ်လနောက်ကျပြီးမှ မွေးသဖြင့် မီးဖွားခွင့် အံဝင်ကျမဖြစ်ဘဲ မွေးပြီးမကြာမီ အလုပ်ပြန်ဆင်းရ၍ ကသီလင်တ ဖြစ်ရသည်။ တစ်ဖန်ပြည်ပတွင် အလုပ်သွားရောက်လုပ်ကိုင်နေသူ ခင်ပွန်းက တွက်ချက်ထားသည့် ခန့်မှန်းရက်အတိုင်း အမီပြန်လာပါသော်လည်း ၁၀ နောက်ကျမှ ရောက်လာရသည်။ မှန်းထားသည့်ရက်ထက် ၁၀ ရက်စောမွေးသောကြောင့်ဖြစ်သည်။ တဖန်သုံးကြိမ်မြောက်ခွဲမွေးရင်း သားကြောဖြတ်ရမည့် မိခင်တစ်ဦးမှာလည်း တွက်ချက်ထားသည့် မွေးမည့်ခန်းမှန်းရက် EDD တစ်ခုတည်းကိုသာ အဓိကထားပြီး ခွဲစိတ်ရာ လမစေ့ သေးသောကလေးမွေးခဲ့ရဖူးသည်။
ဤသည်တို့ကား မွေးမည့်ခန့်မှန်းရက် EDD ၏ အားနည်းချက်များဖြစ်သည်။ အတွေ့အကြုံရှိသော OG များ၏ ဆောင်ရွက်ချက်တွင် EDD တစ်ခုတည်းသာ မဟုတ်ဘဲ အခြားအရေးပါသည့် စမ်းသပ်ချက်များပါ ပေါင်းစပ်ပြီးမှ အသေအချာ သုံးသပ်ခြင်း Thorough Review ပြုလုပ်ကာ စီမံချက်ချလေ့ရှိပါသည်။ သွေးပေါ်သည့်ရက် မမှတ်သူများ မသေချာသူများ လုံးဝ မသိဘဲ သွေးထိမ်ရာမှ ဆက်တိုက် ကိုယ်ဝန်ရှိသူများအတွက်ပါ EDD အပြင် အခြားခေတ်မီသော နည်းများက သွားဖွားမီးယပ်ပညာရှင်များအတွက် အထူးအထောက်အကုပြုလျက်ရှိသည်။
တကယ်တော့ ယနေ့လေတ်အနောက်တိုင်း ဆေးပညာအရ တွက်ချက်သော “ ပုံသေဖော်မြူလာ ” တွင် အားနည်းချက်များရှိနေသည်။ ၎င်းတို့မှာ -
(၁) နောက်ဆုံး မီးယပ်သွေး၏ ပထမရက် (ရေးမှတ်ထား၊ သိပ်မသေချာ၊ အတော်အသင့်သာ သေချာသည်ဟူသော ဝိသေသများ ထပ်မံပြောကြားသင့်သည်။
(၂) ကိုယ်ဝန်မိခင်၏ ရာသီသွေးစက်ဝိုင်းမှာ ၂၈ ရက်၊ ရက် ၃၀ တစ်ကြိမ်မဟုတ်ဘဲ ၃၅ ရက်၊ ၄၀ ရက်၊ ၄၅ ရက်ဖြစ်နေပါက ပါစင်အောင် လွဲနိုင်သည်။ ဤ EDD တွက်နည်းမှ ရာသီသွေးစက်ဝိုင်း ၂၈ ရက်၊ ၃၀ ရက် တစ်ကြိမ် ပေါ်သူများအတွက်သာ အသုံးဝင်သည်။
(၃) ရာသီသွေး ၂၈ ရက်၊ ၃၀ ရက် စက်ဝိုင်းဖြင့် မှန်မှန်လာနေသော မိခင်များအတွက်ပင်လျှင် ခန့်မှန်းမွေးရက်ထက် နှစ်ပတ်စောနိုင်သည်။ နှစ်ပတ်နောက်ကျနိုင်သည်။ ၎င်း တွက်ချက်နည်းဖြင့် အနီးကပ်မွေးသူများမှာ ၅၀ ရာနှုန်းခန့်သာ ရှိသည်။ တွက်သည့်ရက်အတိုင်း အတိအကျမွေးသူများမှာ ၂၅ ရာနှုန်းခန့်သာရှိပေသည်။
သို့ဆိုလျှင် လူနာမိခင်များဘက်က မည်သို့ဆောင်ရွက်ရမည်နည်း၊ ဘာတွေဆောင်ရွက်ရမည်နည်း၊ သိစေချင်ပါသည်။ လိုက်နာစေချင်ပါသည်။ ဆေးပညာရှင် OG များအနေဖြင့် နောက်ဆုံးဓမ္မာတာပေါ်ရက် (last Menstrual Period = LMP) တစ်ခုတည်းသာမက ဗိုက်စမ်းခြင်း၊ ကလေးကိုယ်အလေးချိန်မှန်းဆခြင်း၊ ရေမြွှာရည် အနည်းအများခန့်မှန်းခြင်း၊ ဦးတိုက်သောအပိုင်း၏ အရိုးတွင်း အတွင်းသက်ဆင်းမှုစိစစ်ခြင်း လိုအပ်ပါက အတွင်းစမ်းခြင်း ပြုလုပ်လေ့ရှိကြသည်။ ဤပြဿနာတွင် ထပ်မံသေချာဖို့လိုပါက အာလ်ထရာဆောင်းသည် အဓိက အကူအညီပေးသည်။ (ယနေ့ခေတ်တွင် သန္ဓေ၏ လရင့်၊ လနု သိရန် ဓာတ်မှန်ရိုက်သောနည်း မသုံးတော့ပါ)။
လူနာမိခင်များဘက်မှ လိုက်နာဆောင်ရွက်ရန် အချက်များမှာ -
၁။ နောက်ဆုံးသွေးပေါ်ခြင်း၏ ပထမရက်၊ (ရေးမှတ်ထား၊ သိပ်မသေချာ၊ အတော်အသင့်သာ သေချာသည်ဟူသော ဝိသေသများ ထပ်မံပြောကြားသင့်သည်။)
၂။ ဖြစ်လေ့ရှိသော ရာသီသွေးစက်ဝိုင်း ၂၈၊ ၃၀၊ ၃၅၊ ၄၀၊ ၄၅ နှင့် လုံးလတစ်ကြိမ် ခြောက်လတစ်ကြိမ် စသည်များ ပြောကြားရန် လိုပါသည်။
၃။ မိခင်နို့တိုက်နေစဉ် မီးယပ်သွေး ပြန်မပေါ်မီ ဆက်တိုက် ကိုယ်ဝန်ရှိခြင်း ဟုတ်၊ မဟုတ်။
၄။ သန္ဓေတားဆေး (ဆေးကတ်ပြား)၊ သုံးလထိုးဆေးများ သုံးစွဲခဲ့ပြီးမှ ကိုယ်ဝန်ရလာခြင်း ဟုတ်မဟုတ်။
၅။ ဖြစ်နိုင်ပါက သန္ဓေသားစတင်လှုပ်သောနေ့ရက်။
၆။ ကိုယ်ဝန်ဆောင် မှတ်တမ်း (Nn Card)၊ ဖြစ်နိုင်ပါက ကိုယ်ဝန်ငါးလမတိုင်မီက စမ်းသပ်ရေးမှတ်ထားသောမှတ်တမ်း။
၇။ ဆေးကတ်ပြား စားနေစဉ် စားရန်မေ့လျော့၍ ကိုယ်ဝန်ရလာခြင်း၊ လုံးလဆေးထိုးနေစဉ် ကိုယ်ဝန်ရလာခြင်း။
၈။ ကိုယ်ဝန်လနုစဉ်က လုပ်ခဲ့ဖူးသော အာလ်ထရာဆောင်း မှတ်တမ်း စသည်များကိုပြောပြနိုင်ပါက ကိုယ်ဝန်စောင့်ရှောက်သော ဆေးပညာရှင်များအတွက် တန်ဖိုးရှိလှကြောင်း အသိပေးလိုက်ရပါသည်။
Credit: ပါမောက္ခဒေါက်တာမြင့်မောင်မောင်
(သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး)