အမျိုးသမီးကျန်းမာရေးနှင့် မဟော်မုန်းဓာတ်
24-Oct-2020 အမျိုးသမီးများသည် အသက် ၁၈
နှစ်အရွယ်တွင် အကျန်းမာဆုံး၊ အသန်မာဆုံး၊ လှပချောမောဆုံး အရွယ်ဖြစ်ပြီး အသက်အရွယ် ၃၅
နှစ်အရွယ်မှ စ၍ မဟော်မုန်းထွက်ရှိမှုသည် တဖြည်းဖြည်းကျဆင်းလာခဲ့သည် ဖြစ်သဖြင့် မိမိ၏
ရုပ်ရည်သည်လည်းလိုက်၍ တဖြည်းဖြည်း (သို့တည်းမဟုတ်) ဟော်မုန်းထွက်ရှိခြင်း ကျဆင်းမှုအပေါ် မူတည်ပြီး လျင်မြန်စွာ ရုပ်အိုအရွယ်ကျလာပေတော့သည်။
တစ်ဖန်ဆက်၍ အသက် ၅၀ နှစ်အရွယ်သို့
ရောက်ရှိလာသည့်အချိန်တွင်မူ မီးယပ်သွေးဆုံးဖြစ်လာသည်နှင့်အမျှ၊ မဟော်မုန်းဓာတ်အရည်ထွက်ရှိမှုသည်လည်း
လုံးဝရပ်တန့်သွားရာ ထိုအချိန်မှစပြီး ရောဂါတစ်မျိုးပြီးတစ်မျိုး စွဲကပ်ဖြစ်ပွားလေတော့သည်။
ဥပမာ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ဆီးချို၊ သွေးချိုနှင့် အရိုးပျော့၊ အရိုးကြွပ်၊
အရိုးဆက်၊ အရိုးပွရောဂါ စသည်တို့ စွဲကပ်ပေါ်ပေါက်ကာ ဒုက္ခလှလှသာ ပေးပေတော့သည်။
မ ဟော်မုန်းကျဆင်းခြင်း၏
ပြင်ပ လက္ခဏာရပ်များ
(၁) အသားအရေ စိုစိုပြည်ပြည် မရှိတော့ဘဲ မွဲခြောက်ခြောက်ဖြစ်ပြီး
တွန်းကန်အားမရှိ၊ ပျော့ပျောင်းလျော့ရိလျော့ရဲဖြစ်လာခြင်း
(၂) ကိုယ်လုံးအချိုးအစား
ပြောင်းလဲခြင်း၊ နို့(ရင်သား) ချုံ့ဝင်သေးငယ်သွားခြင်း
(၃) ခါး၊ တင်ပါးနှင့်
ဝမ်းဗိုက်ပိုင်း၌ အဆီစုပြုံလာခဲ့ခြင်း
(၄) အားအင်ကုန်ခန်းပြီး၊
လူနုံးခွေကျခြင်း၊ ပင်ပန်းမခံနိုင် ဖြစ်လာခဲ့ခြင်း။
(၅) ကာမဆန္ဒ
ဆုတ်ယုတ်ကုန်ခန်းခြင်း၊ လူချည့်နဲ့လာခဲ့ခြင်း
(၆) သွေးဆုံးမီးယပ်
ဖြစ်ချိန်တွင် စိတ်ညစ်၊ သောကရောက်ရှိခြင်း၊ ဗျာများခြင်း၊ အသားအရေ နီမြန်းမြန်းဖြစ်ခြင်း၊
စိတ်ဓာတ်ပုံမှန်မဖြစ်တော့ခြင်း
(၇) လူ ပိုမိုဝဖြိုးလာခဲ့ပြီး
အဆီများခြင်း၊ သွေးထဲ၌ အဆီတိုးလျှံလာခြင်းနှင့် သွေးတိုးခြင်းအပြင်၊ ထုံထိုင်း နုံအလာပြီး
သက်ကြီးသတိမေ့လျော့ရောဂါ စွဲကပ်လာခဲ့ခြင်း စသည်တို့ ဖြစ်ပါသည်။
မ ဟော်မုန်းကျဆင်းခြင်းကြောင့်
ကိုယ်ခန္ဓာအရိုးများ ပွလာခဲ့ခြင်း
ယင်း မ ဟော်မုန်းကျဆင်းလာခဲ့ခြင်းကြောင့်ပင်
ကိုယ်ခန္ဓာ အရိုး၊ အဆစ်၊ အဆက်များတို့သည် အရှိန်အဟုန် လျင်မြန်စွာ ပွလာခြင်းမှာ ကိုယ်ခန္ဓာရှိ
ထုံးဓာတ်များ ကယ်လ်ဆီယမ် Calcium သည် တစ်နှစ်လျှင် ပျမ်းမျှခြင်းအားဖြင့် နှစ်ရာခိုင်နှုန်းမှ
သုံးရာခိုင်နှုန်းအထိ လျော့နည်း ကျဆင်းလာခဲ့၏။ အကြမ်းဖျင်းတွက်ချက်ကြည့်လျှင်မူ အမျိုးသမီးများအဖို့
အသက်ကြီးပိုင်းသို့ ရောက်ရှိလာသည့်အချိန်မှစ၍ စုစုပေါင်း ကယ်လ်ဆီယမ်ဓာတ် ၃၀ ရာခိုင်နှုန်းမှ
၅၀ ရာခိုင်နှုန်းအထိရှိသော အရိုးများမှာ မုန်လာဥခေါင်းပွ ဖြစ်သွားလေတော့သည်။
ယင်းသို့ မိမိ၏ကိုယ်ခန္ဓာ အရိုးများမှာ မုန်လာဥခေါင်းပွဖြစ်သွားသည်နှင့်
အရိုးများသည် ကြွပ်ပြီး ဆတ်လာသည်ဖြစ်ရကား၊ အရိုးကျိုးအက်လွယ်ခြင်း၊ ခါး၊ တင်ပါး၊ ပေါင်များသည်
ညောင်းညာကိုက်ခဲခြင်း၊ ခါးကိုင်း၊ ခါးကုန်းခြင်း၊ လူပုကွကွဖြစ်ခြင်း၊ အရိုးအဆစ်များ
မူမမှန် ပုံပျက်ပန်းပျက်ဖြစ်သွားခြင်း၊ လမ်းလျှောက်လျှင်လည်း ယိမ်းယိုင်သွားခြင်းစသည်ဖြင့်
ယခင်ကနှင့် လုံးဝမတူတော့ဘဲ အပြောင်းအလဲကြီး ပြောင်းလဲသွားပေသည်။ သို့ဖြစ်ရာ အရိုးအထူးကုဆရာဝန်နှင့်
ပြသပြီး ဆေးဝါးကုသမှုခံယူရန် လိုအပ်သလို သဘာဝဟော်မုန်း (ဝါ) ရုက္ခဟော်မုန်း ဖြည့်စွက်ပေးရန်
များစွာ လိုအပ်ပေသည်။
ဆေးကုသမှုနှင့်
ရုက္ခသဘာဝ ဟော်မုန်းများ ဖြည့်စွက်ပေးရန် လိုအပ်ခြင်း
ယင်းသို့ ဖြစ်သွားသည့်အခါတွင် ရောဂါကို မွေးမထားဘဲ
အရိုးအထူးကုထံသို့ အမြန်သွားရောက်ပြီး ပြသင့်ပေသည်။ သက်ဆိုင်ရာ ဆရာဝန်က လိုအပ်သလို
စစ်ဆေးကြည့်ရှုပြီး (Hormone Replacement Therapy) ဖြင့် ကုစားပေးပါလိမ့်မည်။
ဆေးဝါးသုတေသီတို့က ထုတ်ဖော်ပြောကြားရာတွင်
အချို့သော အစားအစာ သဘာဝရုက္ခ၊ ဟင်းသီးဟင်းရွက်သစ်ဥသစ်ဖုများတွင် ရုက္ခသဘာဝ မ ဟော်မုန်း
(Phytoestrogen) ရှိရာ ၎င်းသည် လူတို့အတွက် ဆိုးကျိုးမပေးနိုင်သည်ကို တွေ့ရသည်။ ဥပမာ
- နှမ်းနက်၊ တရုတ်ဆေးမြစ်ဖြစ်သည့် ရွဲကျန်းချောင်၊ တုန်ကွီ၊ နှမ်းကြိတ်စေ့၊ ဆိုယာပဲ
(Soya Bean)၊ ပဲပုပ်၊ ပဲငပိများနှင့် အာဒါလွတ်ဥ (arrow root) စသည်တို့ ဖြစ်ပါသည်။
လွန်ခဲ့သော ၁၉၈၆ ခုနှစ်တွင် အမေရိကန်ဆေးသိပ္ပံပညာရှင်တို့က
ယင်းဆိုယာပဲ (Soya Bean) ၌ ပါရှိသော ထူးခြားသည့် ဖလာဗုန်းဓာတ် (Flovome) (ဝါ)
(Flavomoids) မှာ အစွမ်းထက်မြက်လှသဖြင့် မ ဟော်မုန်းဓာတ်လို ကောင်းစွာအစားထိုင်းနိုင်ကြောင်း
တွေ့ရှိခဲ့ရာ တစ်ဖန် ၎င်းဓာတ်သည် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ မရှိ၍ အမေရိကန်နိုင်ငံတွင်
တွင်ကျယ်စွာ စားသုံးလျက်ရှိသည်ဟု သိရ၏။
Credit : ကေတီ
- အောင်သိန်း