Basal Cell Carcinoma (အရေပြားကင်ဆာ)
25-Feb-2017
Basal Cell Carcinoma (အရေပြားကင်ဆာ)
Basal Cell Carcinoma ဆိုသည်မှာ အရေပြားအသစ် ထုတ်လုပ်ပေးသော ဆဲလ်များတွင်ဖြစ်သော ကင်ဆာတစ်မျိုးဖြစ်သည်။ အရေပြားပေါ်တွေ ခပ်ပျော့ပျော့ အလုံးများအဖြစ် တွေ့ရတတ်သည်။ နေရောင်နှင့် အထိအတွေ့များသောနေရာများ ဖြစ်သည့် မျက်နှာနှင့်လည်ပင်းတို့တွင် အဖြစ်များပြီး ကိုယ်လုံးနှင့် ခြေထောက်တို့တွင် တွေ့ရခဲသည်။
လက္ခဏာများ
နေရောင်နှင့် အထိအတွေ့များသော နေရာများတွင် အရေပြားရောင်ရမ်းပြီး အနာမကျက်ဖြစ်ကာ မကြာခဏသွေးထွက်ခြင်း၊ အနာဖေးလန်ခြင်းတို့ ဖြစ်ပွားပါက အရေပြားကင်ဆာ (Basal Cell Cancer) ကို သတိထားရန် လိုအပ်သည်။
- အရေပြားပေါ်တွင် အဖြူရောင် အလုံးများပေါ်ခြင်း၊ အလုံးမှာ ခပ်ပျော့ပျော့ဖြစ်ခြင်း၊ တစ်ခါတရံ အလုံးပေါ်တွင် သွေးကြောများကို မြင်ရခြင်း၊ အနာဖေးမကြာခဏ တက်ခြင်းနှင့် သွေးမကြာခဏထွက်ခြင်းတို့ ဖြစ်တတ်သည်။ အသားညိုသူများတွင် အလုံးမှာ အညိုရောင် သို့မဟုတ် အနက်ရောင်အဖြစ် ရှိတတ်သည်။
- ကျောနှင့် ရင်ဘတ်တို့တွင် အကြေးခွံကဲ့သို့ အကွက်များပေါ်တတ်ပြီး၊ အချိန်ကြာမြင့်လာပါက ထိုအကွက်မှာ ပို၍ကြီးလာတတ်သည်။
- ရှားရှားပါးပါးအနေဖြင့် ဖယောင်းကဲ့သို့ အဖြူရောင်အမာရွတ် ပေါ်လာတတ်သည်။ ထိုသို့ဖြစ်ပါက ပို၍ဆိုးရွားသော ကင်ဆာအမျိုးအစားဖြစ်သည့် Morpheaform basal cell carcinoma ကို သတိပြုရန် လိုအပ်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
အရေပြား၏ အပြင်ဆုံးအလွှာဖြစ်သည့် Basal Cell အလွှာရှိ ဆဲလ်များတွင် မျိုးရိုးဗီဇဆိုင်ရာ မူမမှန် ပြောင်းလဲခြင်းကြောင့် အရေပြားကင်ဆာ ဖြစ်ရခြင်း ဖြစ်သည်။ မျိုးရိုးဗီဇပြောင်းလဲခြင်းကြောင့် ဆဲလ်များ မသေဆုံးဘဲ ဆက်တိုက်ကြီးထွားလာခြင်းကြောင့် ပုံမှန်မဟုတ်သောဆဲလ်များ စုပုံကာ ကင်ဆာဖြစ်ပွားရခြင်း ဖြစ်သည်။
မျိုးရိုးဗီဇ မူမမှန်ပြောင်းလဲရခြင်းမှာ နေရောင်ခြည်တွင်ပါဝင်သော UV ray များနှင့် ထိတွေ့ခြင်း၊ အသားညိုခရင်မ်များလိမ်းခြင်းတို့ကြောင့်လည်း ဖြစ်နိုင်သည်။
ဖြစ်နိုင်ချေများသူများ
• နေရောင်ခြည်နှင့် အထိတွေ့များသူများ
• အရေပြားထူရောဂါ (psoriasis) အတွက် Psoralen plus ultraviolet A (PUVA) ဓာတ်ရောင်ခြည်ဖြင့် ကုသခံနေရသူများ
• အသားဖြူသူများ
• အမျိုးသားများ
• အသက် ၅၀ နှင့် အထက်ရှိသူများ
• မိသားစုဝင်များတွင် အရေပြားကင်ဆာဖြစ်ဖူးသူများ
• ကိုယ်ခံအားစနစ်ကို လျော့ကျစေသောဆေးများသုံးခြင်း၊ ကုသမှုများ ခံယူခြင်း
• Arsenic ဆိုသော အဆိပ်သတ္တုနှင့် ထိတွေ့နေရသည့် လယ်သမားများ၊ သတ္တုပြန်လည်သန့်စင်သော စက်ရုံများတွင် အလုပ်လုပ်သူများ
• Gorlin-Goltz Syndrome ကဲ့သို့သော အရေပြားကင်ဆာကို ဖြစ်စေသော မျိုးရိုးဗီဇဆိုင်ရာ ရောဂါရှိသူများတွင် အဖြစ်များသည်။
နောက်ဆက်တွဲ ပြဿနာများ
• ကုသပျောက်ကင်းသွားသည့်တိုင် နောက်တစ်ကြိမ် ထိုနေရာမှာပင် ပြန်လည်ဖြစ်ပွားခြင်း
• Basal Cell Carcinoma ဖြစ်ဖူးသူများတွင် အခြားသော အရေပြားကင်ဆာများ ဖြစ်လွယ်ခြင်း
• အရေပြားကင်ဆာမှတဆင့် ပျံ့နှံ့သွားပါက ကြွက်သား၊ အာရုံကြောနှင့် အရိုးများသို့ ကင်ဆာဆဲလ်များ ရောက်ရှိသွားခြင်းတို့ကို နောက်ဆက်တွဲ ပြဿနာများအဖြစ် တွေ့ရတတ်သည်။
စစ်ဆေးမှုများ
အလားတူ လက္ခဏာများ ခံစားရပါက ဆရာဝန်နှင့်တိုင်ပင်ကာ လိုအပ်သော စမ်းသပ်စစ်ဆေးမှုများကို ခံယူခြင်း၊ အသားစ (Biopsy) ယူ၍ စစ်ဆေးခြင်း တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
ရောဂါ၏ ပြင်းထန်မှုပေါ်မူတည်ကာ -
• လျှပ်စစ်သုံး၍ ဆဲလ်များကို ဖယ်ရှားခြင်း (Electrodesiccation and curettage)
• ခွဲစိတ် ဖယ်ရှားခြင်း (Surgical excision)
• ကင်ဆာဆဲလ်များကို နိုက်ထရိုဂျင်အရည်သုံးကာ အေးခဲ ပျက်စီးစေခြင်း (Freezing)
• ကင်ဆာဆဲလ်များကို တစ်လွှာပြီး တစ်လွှာဖယ်ရှားပစ်ခြင်း (Mohs surgery)
• ဆရာဝန် ညွှန်ကြားသော လိမ်းဆေးများကို ရေရှည်လိမ်းကာ ကုသခြင်း
• အခြားနေရာများသို့ ပျံ့နှံ့ခြင်းကို ကာကွယ်သည့်ဆေးများကို သုံးခြင်းတို့ဖြင့် ကုသနိုင်သည်။
ကာကွယ်ခြင်း
အရေပြားကင်ဆာဖြစ်ပွားခြင်းကို ကာကွယ်နိုင်ရန် -
• နေလည်ခင်းနေရောင်ခြည် (နံနက် ၁ဝနာရီမှ ညနေ ၄နာရီ အတွင်း) အတတ်နိုင်ဆုံး ရှောင်ကြဉ်ခြင်း
• SPF အနည်းဆုံး ၁၅ ပါဝင်သော နေရောင်ကာခရင်မ်ကို လိမ်းခြင်း၊ ရေကူးကန်၊ ကမ်းခြေတို့ကဲ့သို့သော နေရောင်ထိတွေ့မှုများသောနေရာများသို့သွားပါက နေရောင်ကာခရင်မ်ကို ၂ နာရီတစ်ကြိမ် ပြန်လိမ်းပေးခြင်း
• နေရောင်ခြည်ကို ကာကွယ်ပေးသော အဝတ်အစားများ၊ ပြန့်ကျယ်သော ဦးထုပ်များနှင့် နေကာမျက်မှန်တို့ကို ဝတ်ဆင်ခြင်း
• အသားရည်ညိုအောင် ပြုလုပ်သော နေလှန်းစက်များ (Tanning beds)များကို အသုံးပြုခြင်းမှ ရှောင်ကြဉ်ခြင်း
• အရေပြား၏ ပြောင်းလဲမှုများကို စောနိုင်သမျှစောစော သိနိုင်ရန် မိမိဘာသာ မကြာခဏစစ်ဆေးခြင်း
• ဆရာဝန်နှင့် တိုင်ပင်ကာ စစ်ဆေးမှုများ ခံယူခြင်း တို့ကို ပြုလုပ်နိုင်ပါသည်။
Lei
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
