အာခံတွင်းထဲက အနာ ( Mouth Ulcer )
27-Feb-2017
နှုတ်ခမ်းအတွင်းသားနဲ့ ပါးစောင်တွေမှာ (တစ်ခါတစ်ရံ လျှာမှာ) အနားသတ်ပတ်လည် နီရဲပြီး အလယ်မှာ ဖြူဖြူနဲ့ အနာတွေ ပေါက်နေပါတယ်။ တစ်ခါတစ်ရံမှာအရည်ကြည်ဖုလို အဖုဖြစ်တတ်ပါတယ်။ နာကျင်ကိုက်ခဲတတ်ပြီး အပေါ်ယံအရေပြားလွှာပေါက်သွားရင် စပ်ဖျဉ်းဖျဉ်းနဲ့ နေရခက်လှပါတယ်။ အမြဲတမ်းပူနွေးပြီး စိုစွတ်နေတဲ့ အာခံတွင်းမှာ အနာပေါက်ရင် ကိုယ်အပူချိန်တက်တတ်တယ်။ ပိုးဝင်ရင် ပါးကျိတ်ရောင်တတ်ပါတယ်။
ဘယ်လိုကုသမလဲ
Minor Type ကတော့ အာခံတွင်းကို သေချာသန့်ရှင်းအောင် အစာစားပြီးတိုင်း ခံတွင်းသန့်ရှင်းရည်နဲ့ အာလုတ်ကျင်းပေးတာ (အနာကျက်ပိုမြန်စေဖို့ Beta iodine ပါတဲ့ ခံတွင်းသန့်ရှင်းရည် သုံးရင် ပိုကောင်းပါတယ်။) အနာကို အနာသန့်စင်ဆေးရည် (သို့) လိမ်းဆေးလိမ်းပေးပြီး သန့်သန့်ရှင်းရှင်း ထားပေးတာနဲ့ အပူအစပ်နဲ့ အချဉ်ကဲတဲ့ အစားအစာတွေ ရှောင်တာမျိုးလုပ်ပေးရင် အခြားကုထုံး ဆေးဝါးကြီးကြီးမားမားမလိုဘဲ တစ်ပတ်၊ နှစ်ပတ်အတွင်း သက်သာပျောက်ကင်းနိုင်ပါတယ်။
တကယ်အနာက ပိုကြီးပိုနက်ပြီး Major Type ဆိုရင်တော့ အနာကို သေချာဂရုစိုက်ပြီး သွားနှင့် ခံတွင်း ဆရာဝန်နဲ့ ပြသကာ ကုသမှုခံယူဖို့ လိုပါတယ်။ ရောင်ရမ်းမှုနဲ့ ပိုးဝင်ကူးစက်မှုတွေ သက်သာအောင် ပဋိဇီဝပိုးသတ်ဆေးနဲ့ ရောင်ရမ်းကျဆေးတွေ လိုသလို နာကျင်ကိုက်ခဲမှုအတွက် ဆေးဝါးအကူအညီကို ဆရာဝန်ညွှန်ကြားမှုနဲ့ လိုက်နာသောက်သုံးပေးရမှာပေါ့။ အနာမြန်မြန်ကျက်စေဖို့ အနာသန့်ရှင်းရေးကတော့ အဓိကအတွက်ဆိုတာ အမေ့နဲ့နော်။
ကာကွယ်လို့ရသလား
အာခံတွင်းနဲ့ နှုတ်ခမ်းမှာ အနာပေါက်ဖူးရင် နောက်ထပ် မကြာခဏ ပြန်ဖြစ်လေ့ရှိတာမို့ ခဏခဏ ပြန်မဖြစ်အောင် ကာကွယ်လို့ရပါတယ်။ အဓိကကတော့ အာခံတွင်းနဲ့ သွားသန့်ရှင်းရေးပေါ့။ နောက်ထပ် လိုအပ်တာတွေကတော့ -
- အပူအစပ်နဲ့ အချဉ်လွန်ကဲတဲ့ အစားအစာတွေကို ရှောင်ပါ။
- နှုတ်ခမ််းနဲ့ ပါးစောင်ကို ကိုက်မိစေတဲ့ ပီကေဝါးခြင်း အလေ့ကို ဖျောက်ပါ။
- သွားတိုက်တဲ့အခါ နူးညံ့ပြီး ထိပ်ပိုင်းလုံးဝန်းတဲ့ သွားပွတ်တံမျိုးကို ရွေးချယ်တိုက်ပေးတာ၊ ဖြည်းဖြည်းညင်သာ နည်းစနစ်မှန်မှန်တိုက်ပေးပါလို့ အကြုံပြုရေးသားတင်ပြလိုက်ရပါတယ်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit : သွန်းသော်တာ (B.N.Sc)
ဇီဝက - August 2016
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
