နှင်းခူ
27-Feb-2017နှင်းခူရောဂါသည် အရေပြားရောင်ရမ်းသည့်ရောဂါများအနက်မှ အဖြစ်အများ ဆုံးသော ရောဂါတစ်ခုဖြစ်သည်နှင့်အညီ အရေပြားဆေးခန်းများ၌ အများဆုံးတွေ့ ရသော ရောဂါတစ်ခုလည်း ဖြစ်နေပါသည်။ ထိုနှင်းခူရောဂါကြောင့် အသက်အန္တရာယ် စိုးရိမ်စရာလည်း မလိုပါ။ သို့သော်လည်း မိမိကိုယ်တိုင်ကသော်လည်းကောင်း အခြားသူများကသော်လည်းကောင်းရောဂါကို မြင်တွေ့နိုင်ကြရာမှ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်၌ အနှောင့်အယှက်၊ အတားအဆီးတစ်ခုသဖွယ် ဖြစ်လာနိုင်ပါသည်။ အထူးသဖြင့်တော့ လက်ချောင်း၊ ခြေချောင်း၊ လက်ဖဝါး၊ ခြေဖဝါးတို့တွင် နှင်းခူဖြစ်သော အခါတွင် ပိုဆိုးသည်ဟု ဆိုနိုင်ပါသည်။ မည်သူမဆို ဖြစ်နိုင်ကြပါသည်။ သို့သော် အချို့မှာမူ ပြင်ပမှ ပစ္စည်းများနှင့် ထိတွေ့မှုကြောင့် ဖြစ်ရခြင်းမဟုတ်၊ ရောဂါဖြစ်ရခြင်း၏ ဇာစ်မြစ်ကိုလည်း ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးတာကြောင့် မိမိအရေပြား၏ ချို့ယွင်းမှုကြောင့် ရောင်ရမ်းမှု ဖြစ်ရသည်ဟု အကြမ်းဖျင်းဆိုနိုင်ပါသည်။
မည်သည့်အကြောင်းရင်းကြောင့်ဖြစ်ပါစေ ရောဂါလက္ခဏာတို့မှာမူ ကွဲပြားမှု မရှိကြပါ။ လက်ဖဝါး၊ ခြေဖဝါးအရေပြားအောက်၌ အရည်ကြည်အိတ်များ တည်သော နှင်းခူပုံစံမျိုးမှာ အများအားဖြင့်အပျိုပေါက်၊ လူပျိုပေါက်နှင့် လူငယ်များတို့၌ ပို၍ အဖြစ်များကြပြီး ယားယံခြင်း၊ ကသိကအောက်ဖြစ်ခြင်းတို့မှာ အရည်အိတ်များမထွက်ခင် ကြို၍ ဖြစ်လေ့ရှိပြီး နောက်ပိုင်းတွင်မှ လက်ဖဝါး အရေပြားအောက်တွင်လည်းကောင်း၊ လက်ချောင်းများ တစ်လျှောက်တွင်လည်းကောင်း၊ အရည်ကြည်အဖူများ ထွက်လာ တတ်ကြပါသည်။ သာကူစေ့များ အရေပြားအောက်တွင် ရှိနေသကဲ့သို့ မြင်ရနိုင်ပြီး အလွန်မှယားယံတတ်ကြ သဖြင့် အချို့မှာ အပ်ဖြင့်ထိုးဖောက်ခြင်း၊ ရေနွေးပူ စိမ်ခြင်းအထိ ယားယံမှု ဖြေဖျောက်ရန် လုပ်ကြသည်။ ထိုအခါတွင် အရေပြားဒဏ်ရာရကာ နောက်တက်တွဲ ပိုးဝင်မှုများ ထပ်မံဖြစ်လာနိုင်ကြ ပါသည်။
ရက်အနည်းငယ်အတွင်း ရေကြည်ဖုများ အလိုအလျှောက်ပျောက်ကွယ်သွားပြီး အရေပြားများ ကွာလန်လာတတ်ကြပါသည်။ နှစ်ပတ်သုံးပတ်လောက်တွင် ရောဂါ သက်သာ သွားနိုင်သော်လည်း ပြန်၍ ဖြစ်တတ်ကြပါသည်။ ပို၍ အဖြစ်များသော ပုံစံမှာ လက်ဖဝါး၊ ခြေဖဝါးနှင့် လက်ချောင်းတို့၏ ဘေးအရေပြား၌ သေးငယ်သော အရည်ကြည်ဖုများ စုဝေးနေသည့် ပုံစံမျိုးပင်ဖြစ်ပါသည်။ ပို၍ နာတာရှည်တတ်ပြီး မကြာခဏပြန်လည်၍လည်း ဖြစ်တတ်သဖြင့် ကုသရန် ပိုမိုခက်ခဲတတ်ပါသည်။ လက်ဖဝါး၊ ခြေဖဝါးတို့၏ အရေပြားပတ်ကြား အက်လာခြင်းနှင့် ထူထဲလာခြင်း တို့ နောက်ဆက်တွဲ ဖြစ်တတ်ကြပါသည်။ အထက်ဖော်ပြပါ မွေးရာပါ ချို့ယွင်းမှုကြောင့် အရေပြားရောင်ရမ်းမှု ဖြစ်ကြသည်ဟု ဆိုနိုင်သော ရောဂါတို့မှာ အများအားဖြင့် ဘယ်၊ ညာနှစ်ဖက်စလုံး ပြိုင်တူဖြစ်လေ့ရှိသော်လည်း တစ်ခါတစ်ရံတွင် တစ်ဖက်တည်းသာ ဖြစ်သည်ကို တွေ့ရပါသည်။
ထိုအခါ အခြားသောရောဂါများ ဖြစ်သည့် ပွေး၊ ဆိုရီရေးစစ်ရောဂါတို့နှင့် ခွဲခြားရန် အလွန်မှခက်ခဲနိုင်ပါသည်။ ဤလက်ဖဝါး၊ ခြေဖဝါး၌ဖြစ်သော နှင်းခူမျိုးမှာ အခြားသောနေရာမျိုးတွင် ဖြစ်သောနှင်းခူတို့နှင့် ကုသမှုကွာခြားချက် မရှိဘဲ လိမ်းဆေး၊ စားဆေးတို့ဖြင့် ကုသနိုင်သည်ဆိုသော်လည်း ဖြစ်နေသော အရေပြား၏ ထူထဲသော သဘောသဘာဝကြောင့် သာမန်လိိမ်းဆေးများသုံး၍ ထိရောက်မှု မရှိနိုင်ဘဲ စွမ်းအားမြင့်သော လိမ်းဆေးများဖြင့်သာ ထိရောက်မှု၊ အတော်အသင့် ရှိနိုင်ကြပါသည်။
စားဆေး၊ ထိုးဆေးများက ရောဂါကို ပို၍ သက်သာမှုရစေပါသည်။ တစ်ခါတစ်ရံတွင် အလင်းရောင်ဖြင့် ကုသရသည်အထိပင် ဖြစ်သွားနိုင်သော လက်ဖဝါး၊ ခြေဖဝါး၌ဖြစ်သော နှင်းခူတို့မှာ အသက်အန္တရာယ် စိုးရိမ်စရာ မရှိသော်လည်း အလုပ်ပျက်အကိုင်ပျက်နှင့် သူငယ်ချင်း၊ ဆွေမျိုးတို့နှင့် မတွေ့ဆုံလိုသော အခြေအနေမျိုးထိ ရောက်စေနိုင်သောရောဂါတစ်ခု ဖြစ်ပါသည်။
နေ့စဉ်သုံး အသုံးအဆောင်များကြောင့် သော်လည်းကောင်း၊ လုပ်ငန်းခွင်မှ ပစ္စည်းများနှင့်သော်လည်းကောင်း၊ ကာလတာရှည်စွာ ထိတွေ့မှုကြောင့် ဖြစ်သော နှင်းခူ အမျိုးအစားမှာမူ ရောဂါဖြစ်စေသော ဇာစ်မြစ်ကိုရှာဖွေ ဖော်ထုတ်နိုင်ပြီး ထိုဇာစ်မြစ်ကို ရှောင်ရှားနိုင်ပါက ရောဂါအမြစ်မြတ်နိုင်ပါတယ်။ သို့သော် လည်း ရောင်ရမ်းမှုကြောင့် အရေပြားလုံးဝ ပျက်စီးမှု မဖြစ်မီရောဂါ၏ ဇာစ်မြစ်ဖော်ထုတ် နိုင်ရန်၊ ဖယ်ရှားရန် လိုပါသည်။ အရေပြား၏ မွေးရာပါချို့ယွင်း မှုကြောင့် ဖြစ်ရသည်ဟု အကြမ်းဖျင်း ဆိုနိုင်သည့် နှင်းခူမှာ ကလေး၊ လူပျို၊ အပျိုပေါက်မတိုင်မီ အရွယ်တို့၌ ဖြစ်မှုနည်းသော်လည်း ဖြစ်သောအခါ ထိုကလေးငယ် တို့မှာ ဖိနပ်မစီးဘဲ ဆော့ခြင်း၊ ဗွက်ဆော့ခြင်း၊ လက်မဆေးခြင်း၊ မသန့်ရှင်းခြင်းစသော အပြစ်အမျိုးမျိုး အတင်ခံရစေနိုင်သော ရောဂါမျိုးလည်း ဖြစ်ပါသည်။
Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဒေါက်တာသောင်းညွှန့်ရွှေ
Health for all magazine