Actinic Keratosis (နေရောင်ကြောင့် အရေပြားတွင် အမာကွက်များပေါ်ခြင်း)
26-Oct-2016
နေရောင်နှင့် ထိတွေ့မှုများသောကြောင့် အရေပြားပေါ်တွင် အမာအကွက်များ ပေါ်လာခြင်းဖြစ်သည်။ Solar keratosis ဟုလည်း ခေါ်ပြီး လက္ခဏာများ မပြဘဲ တဖြည်းဖြည်း ပေါ်လာခြင်းဖြစ်သည်။
လက္ခဏာများ
Actinic Keratosis ၏ လက္ခဏာများ အနေဖြင့်
- ၁ လက်မအောက် ရှိသော မာမာခြောက်ခြောက်အကွက်များ အရေပြားပေါ်တွင် ပေါ်လာခြင်း
- အကွက်သည် ပြားပြားလေး ဖြစ်နေရာမှ အနည်းငယ်ထူလာခြင်း
- တချို့တွင် ကြွက်နို့ကဲ့သို့ ဖြစ်နေခြင်း
- ပန်းရောင်၊ အနီရောင် (သို့) အညိုရောင်ဖြစ်ခြင်း
- ယားယံခြင်း
- အကွက်များပေါ်တွင် ပူလောင်ခြင်း ခံစားရခြင်းများဖြစ်သည်။
Actinic Keratosis သည် နေရောင်နှင့် အထိတွေ့များသောနေရာများ ဖြစ်သော မျက်နှာ၊ နှုတ်ခမ်း၊ နား၊ လက်ဖမိုး၊ လက်မောင်း၊ ဦးရေပြားနှင့် လည်ပင်းတို့တွင် အဖြစ်များသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
Actinic Keratosis ဖြစ်ပွားရသော အကြောင်းရင်းများမှာ နေရောင်ခြည်နှင့် မကြာခဏ ထိတွေ့မှုများခြင်း (သို့) ပြင်းထန်သော နေရောင်ခြည်နှင့် ထိတွေ့မိခြင်းတို့ ဖြစ်သည်။
ဖြစ်နိုင်ချေများသူများ
Actinic Keratosis ဖြစ်နိုင်ချေများသူများမှာ
. အသက် ၄၀ အထက်ရှိသူများ
. အပူပိုင်းဇုံတွင် နေထိုင်သူများ
. နေရောင်ခြည်နှင့် မကြာခဏ ထိတွေ့မှုများသူများ
. အသားအရောင် ဖြူဖျော့သူများ၊ ဆံပင် အနီ/ရွှေဝါရောင် ရှိသူများ
. တင်းတိပ်ဖြစ်လွယ်သူများ
. အရေပြားကင်ဆာ ဖြစ်နေသောသူများ
. ကင်ဆာဆေးသောက်နေရသူ၊ သွေးကင်ဆာဝေဒနာရှင်၊ AIDS ဝေဒနာရှင် နှင့် ကိုယ်တွင်းအင်္ဂါ အစားထိုးကုသမှုခံယူထားသောသူများ ဖြစ်သည်။
နောက်ဆက်တွဲ ပြဿနာများ
Actinic Keratosis ကို သိလျှင်သိချင်း ကုသပါက အရေပြားကင်ဆာအဆင့်သို့ မရောက်နိုင်တော့ချေ။ မကုသဘဲထားပါက Squamous cell carcinoma ဟုခေါ်သော အရေပြားကင်ဆာဖြစ်လာနိုင်သည်။ သို့သော် ထိုအရေပြားကင်ဆာကို စောစီးစွာ စစ်ဆေးတွေ့ရှိပြီး ကုသပါက အသက်အန္တရာယ် စိုးရိမ်စရာမရှိတတ်ချေ။
ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
အရေပြားတွင် ပေါ်လာသောအကွက်များသည် ကင်ဆာဟုတ်မဟုတ် ခွဲခြားရန် ခက်ခဲသည့်အတွက် အရေပြားပေါ်တွင် အကွက်များပေါ်လာသည်နှင့် နီးစပ်ရာဆေးခန်း (သို့) အရေပြားအထူးကုဆရာဝန်နှင့် သွားရောက်ပြသသင့်သည်။
စစ်ဆေးမှုများ
စမ်းသပ်မှုများအနေဖြင့် ရောဂါအခြေအနေအကြောင်း မေးမြန်းခြင်း၊ စမ်းသပ်ခြင်းများအပြင် အသားစယူ၍ စစ်ဆေးခြင်းများ ပြုလုပ်နိုင်သည်။
ကုသခြင်း
Actinic Keratosis သည် များသောအားဖြင့် ကုသစရာမလိုဘဲ ပြန်ကောင်းတတ်သော်လည်း နေရောင်နှင့် ထိတွေ့မှုများလာသည်နှင့် ပြန်၍ဖြစ်နိုင်သည်။ အကယ်၍ ပြင်းထန်ပါက ဆရာဝန် ညွှန်ကြားသော လိမ်းဆေးများလိမ်းခြင်း၊ Photodynamic therapy (အလင်းဖြင့် ပျက်စီးနေသော အရေပြားဆဲလ်များကို သေစေကာ ဆဲလ်အသစ်များ ပြန်လည်ဖြစ်ပေါ်လာစေခြင်း) များဖြင့် ကုသနိုင်သည်။ အလင်းဖြင့် ကုသလျှင်မူ နောက်ဆက်တွဲဆိုးကျိုးများ အနေဖြင့် အရေပြား နီရဲခြင်း၊ ရောင်ရမ်းခြင်းနှင့် ပူပူလောင်လောင် ခံစားရခြင်းများ ဖြစ်စေနိုင်သည်။ ထို့ပြင် Freezing (Cryotherapy) အအေးလွန်သော ပစ္စည်းဖြင့် အရေပြားကို ကွာကျစေခြင်းနှင့် Scraping (curettage) အရေပြားကို ခြစ်ချခြင်းစသော ခွဲစိတ်မှုများဖြင့် ကုသနိုင်သည်။
ကာကွယ်ခြင်း
Actinic Keratosis မှ ကာကွယ်ရန်အတွက်
- နေရောင်ခြည်မှ ရှောင်ကြဉ်ခြင်း
- နေပူထဲသွားလျှင် နေရောင်ကာကရင်မ် လိမ်းပေးခြင်း
- အဝတ်အစားကို လုံလုံခြုံခြုံ ဝတ်ခြင်း
- အရေပြားကို ပုံမှန်စစ်ဆေးကာ ထူးခြားမှု တစ်စုံတစ်ရာ ရှိသည်နှင့် ဆရာဝန်ထံ သွားရောက်ပြသခြင်းတို့ကို လုပ်ဆောင်သင့်သည်။
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
