Joint Infection; Septic Arthritis (အဆစ် ပိုးဝင်၊ ရောင်ရမ်းခြင်း)
21-Nov-2016
အဆစ်အတွင်း ရောဂါပိုးဝင်ရောက်ပြီး အဆစ်နာကျင်၊ ရောင်ရမ်းခြင်းကို Joint Infection (Septic Arthritis) ဟုခေါ်သည်။ ခန္ဓာကိုယ်၏ အခြားနေရာမှ ရောဂါပိုးများသည် သွေးလမ်းကြောင်းမှသော်လည်းကောင်း၊ ပြင်ပမှ ရောဂါပိုးများ တိုက်ရိုက်ဝင်ရောက်ခြင်းဖြင့် သော်လည်းကောင်း အဆစ်တွင်း ပိုးဝင်နိုင်သည်။
လက္ခဏာများ
အဆစ်ပိုးဝင်ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများ အနေဖြင့်
- ထိခိုက်သော အဆစ်ကို အသုံးပြုရာတွင် လွန်စွာနာကျင်ခြင်း
- အဆစ်များ ပူနွေး၊ နီရဲ၊ ရောင်ရမ်းခြင်း
- ဖျားနာခြင်း တို့ကို တွေ့ရသည်။
ရုတ်တရက် အဆစ်နာကျင်ရောင်ရမ်းလာပါက နီးစပ်ရာ ဆရာဝန်နှင့်ပြသပြီး နာကျင်မှုသက်သာစေရန် ကုသမှုခံယူသင့်သည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
အဆစ် ပိုးဝင်ရောင်ရမ်းခြင်းသည် ဘတ်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် မှိုရောဂါပိုးများကြောင့် ဖြစ်ပွားရသည်။ ထိုထဲတွင် Staphylococcus ဘတ်တီးရီးယားကြောင့် အဖြစ်အများဆုံး ဖြစ်သည်။ အရေပြား ပိုးဝင်ခြင်း၊ ဆီးပိုးဝင်ခြင်းစသော ခန္ဓာကိုယ်၏ အခြားနေရာမှ ရောဂါပိုးများသည် သွေးကြောတွင်းမှ တဆင့် အဆစ်တွင်းသို့ ဝင်ရောက်လာနိုင်သည်။ ထို့ပြင် အဆစ်တွင်းသို့ ဆေးထိုးခြင်း၊ ပေါက်ပြဲအနာများဖြစ်ခြင်း၊ အဆစ်နှင့် အဆစ်ပတ်ဝန်းကျင် ခွဲစိတ်ခြင်း တို့ကြောင့် ပြင်ပမှရောဂါပိုးများသည် အဆစ်တွင်းသို့ တိုက်ရိုက်ဝင်ရောက်နိုင်သည်။ အဆစ်တွင်း အမြှေးပါး (Synovial membrane) သည် အဆစ်တွင်း ပိုးဝင်ခြင်းကို ကာကွယ်ပေးသည်။ ရောဂါပိုးဝင်ရောက်ပါက တုံ့ပြန်ခြင်းအနေဖြင့် ရောင်ရမ်းခြင်း ဖြစ်ပေါ်ပြီး အဆစ်တွင်းဖိအားကိုများစေသည်။ ထိုဖိအားကြောင့် အဆစ်တွင်းသွေးစီးဆင်းမှုကို လျော့နည်းစေပြီး အဆစ်ပျက်စီးခြင်းကို ဖြစ်စေသည်။
ဖြစ်နိုင်ချေများသူများ
- အရိုးအဆစ်ရောင်ရမ်းခြင်း၊ အဆစ်ရောင် လေးဖက်နာ၊ အရေပြားလေးဖက်နာ တို့ကဲ့သို့သော နာတာရှည် အဆစ်ရောင်ရောဂါရှိသူများ
- အဆစ်ရောင် လေးဖက်နာအတွက် စတီးရွိုက်ဆေးများ သောက်နေရသူများ
- အရေပြားအနာဖြစ်လွယ်၊ ကျက်လွယ်သူများ၊ နှင်းခူနှင့် အရေပြားထူရောဂါရှိသူများ
- ဆီးချို၊ ကျောက်ကပ်၊ အသည်းရောဂါရှင်များနှင့် ကိုယ်ခံအားကျစေသောဆေးများ သုံးစွဲနေသူများ
- တိရိစ္ဆာန် အကိုက်ခံရသူနှင့် အဆစ်တွင် ဒဏ်ရာရသူများ
နောက်ဆက်တွဲ ပြဿနာများ
အဆစ်တွင်း ပိုးဝင်ရောင်ရမ်းခြင်းကို အချိန်မီ မကုသပါက အဆစ်ပျက်စီးနိုင်သည်။
ရောဂါရှာဖွေခြင်း
ရောဂါရှာဖွေရန်
- အဆစ်တွင်းမှ အရည်ကိုယူ၍ စစ်ဆေးခြင်း
- သွေးထဲတွင် ရောဂါပိုး ရှိမရှိ စစ်ဆေးခြင်း
- ဓာတ်မှန်ရိုက်ခြင်း တို့ကို ပြုလုပ်နိုင်သည်။
ကုသခြင်း
(၁) - အပ်ကို အသုံးပြု၍ သော်လည်းကောင်း
- video camera ၏ အကူအညီကို ရယူ၍ (Scope guided) သော်လည်းကောင်း
- ခွဲစိတ်၍ သော်လည်းကောင်း အဆစ်တွင်းမှ ပိုးဝင်နေသော အရည်များကို ဖယ်ရှားခြင်း
(၂) ပိုးသတ်ဆေးများ အသုံးပြုခြင်း တို့ဖြင့် ကုသနိုင်ပါသည်။
Ref: Mayo Clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
