Microcephaly (ဦးခေါင်းသေးခြင်း)
21-Nov-2016
ဦးခေါင်းသေးခြင်းဆိုသည်မှာ သန္ဓေသားဘဝတွင် ကြီးထွားမှုမူမမှန် ဖြစ်မှု (သို့) မွေးပြီးနောက် ဦးခေါင်းဆက်၍ မကြီးထွားခြင်းကြောင့် သက်တူရွယ်တူ ကလေးငယ်များထက်ပို၍ ဦးခေါင်းသေးနေခြင်းကို ခေါ်သည်။
လက္ခဏာများ
ဦးခေါင်းသေးခြင်း၏ လက္ခဏာများအနေဖြင့် တခြားကလေးများနှင့် ယှဉ်လျှင် ဦးခေါင်းအရွယ်အစားသည် သိသိသာသာသေးနေသည်ကို တွေ့ရှိနိုင်ပြီး ကလေးငယ် ဖွံ့ဖြိုးတိုးတက်မှုဇယားတွင် ကြည့်လျှင်လည်း မကြီးလာသည်ကို တွေ့ရသည်။ ထို့ပြင် နဖူးသည် အနောက်ဘက်သို့ လျှောစောင်းဖြစ်နေသည်ကိုလည်း တွေ့နိုင်သည်။
ဖြစ်ပွားရသောအကြောင်းရင်းများ
Microcephaly သည် သန္ဓေသားဘဝနှင့် မွေးကင်းစအချိန်တွင် ဦးခေါင်းဖွံ့ဖြိုးမှု ပုံမမှန်ဖြစ်ခြင်းကြောင့် ဖြစ်လာရခြင်းဖြစ်သည်။ များသောအားဖြင့် Microcephaly သည် မျိုးရိုးဗီဇကြောင့် ဖြစ်သော်လည်း တခြားအကြောင်းရင်းများမှာ
- Craniosynostosis - ကလေးငယ်၏ ဦးခေါင်းခွံရိုးများ အရွယ်မတိုင်ခင် ဆက်သွားသောကြောင့် ဦးခေါင်းဆက်၍ မဖွံ့ဖြိုးနိုင်ခြင်းကို ဆိုလိုသည်။
- Chromosomal abnormalities – Down syndrome နှင့် အခြားရောဂါများ
- Cerebral anoxia - ကိုယ်ဝန်ဆောင်စဉ်နှင့် မွေးဖွားချိန်တွင် ပြဿနာတစ်စုံတစ်ရာကြောင့် ဦးခေါင်းသို့ အောက်ဆီဂျင် ရောက်ရှိနှုန်း နည်းသွားခြင်း
- ကိုယ်ဝန်ဆောင်စဉ်တွင် ဝက်သက်၊ ရေကျောက်ရောဂါ အစရှိသောရောဂါများ ဝင်ရောက်ခြင်း
- ကိုယ်ဝန်ဆောင်စဉ်တွင် ဆေးဝါးများ၊ အရက်နှင့် ဓာတုပစ္စည်းများနှင့် ထိတွေ့မိခြင်း
- သန္ဓေသားဘဝတွင် အာဟာရ လုံလောက်စွာ မရရှိခြင်းနှင့်
- မိခင်တွင် Phenylketonuria ရောဂါ ရှိနေခြင်းတို့ ဖြစ်ပါသည်။
ဖြစ်နိုင်ချေများသူများ
Microcephaly ရောဂါ သန္ဓေသားဘဝတွင် အထက်ပါအခြေအနေများ ခံစားခဲ့ရသူများတွင် အဖြစ်များသည်။
နောက်ဆက်တွဲပြဿနာများ
Microcephaly ရောဂါ ခံစားနေရသော အချို့ကလေးများသည် အခြားကလေးများထက် ဦးခေါင်းအရွယ်အစား သေးသော်လည်း ပုံမှန်ဉာဏ်ရည်နှင့် ဖွံ့ဖြိုးမှုရှိတတ်သည်။ သို့သော် ရောဂါအခြေအနေဆိုးရွားမှုအပေါ် မူတည်၍ နောက်ဆက်တွဲ ပြဿနာများမှာ
. စကားပြောခြင်းနှင့် လှုပ်ရှားမှုများတွင် ဖွ့ံဖြိုးမှုနောက်ကျခြင်း
. ခန္ဓာကိုယ်ကို ဘက်ညီအောင် မထိန်းနိုင်ခြင်း
. အခြားကလေးများထက် အရပ်ပုခြင်း
. အရမ်းကို တက်ကြွလွန်းနေခြင်း
. စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု နှေးကွေးခြင်း
. အတက်ရောဂါရခြင်းတို့ ဖြစ်ပါသည်။
ဆရာဝန်နှင့်သွားရောက်ပြသသင့်သောအချက်များ
ကလေး မွေးကင်းစနှင့် ကလေးကို ပုံမှန်စစ်ဆေးမှုများတွင် စစ်ဆေးတွေ့ရှိနိုင်သော်လည်း သင့်ကလေး၏ ဦးခေါင်းသည် အခြားကလေးများထက် ပို၍သေးနေခြင်း (သို့) မကြီးထွားခြင်းကို သတိထားမိပါက ဆရာဝန်နှင့် သွားရောက်၍ ပြသသင့်ပါသည်။
စစ်ဆေးမှုများ
ကလေးငယ်တွင် Microcephaly ရှိမရှိသိရှိစေရန် ကိုယ်ဝန်ဆောင်စဉ်၊ မွေးဖွားစဉ်အခြေအနေများနှင့် မိဘမျိုးရိုး ရာဇဝင်များကို မေးမြန်းခြင်းနှင့် စမ်းသပ်ခြင်း ( ဦးခေါင်းပတ်ပတ်လည် တိုင်းခြင်း )၊ တခြားအကြိမ်များနှင့် နှိုင်းယှဉ်ခြင်းတို့အပြင် မိဘများ၏ ဦးခေါင်းကိုလည်း တိုင်းခြင်းတို့ဖြင့် စမ်းသပ်မှုများ ပြုလုပ်နိုင်သည်။ထို့အပြင် လိုအပ်လျှင် ဦးခေါင်း ကွန်ပျူတာဓာတ်မှန် (CT scan) နှင့် သံလိုက်ဓာတ်မှန် (MRI scan) ရိုက်ခြင်းနှင့် သွေးစစ်ခြင်းများ ပြုလုုပ်ရမည်ဖြစ်သည်။
ကုသခြင်း
Microcephaly အား ကုသရာတွင် Craniosynostosis ဆိုလျှင် ခွဲစိတ်ကုုသခြင်းမှလွဲ၍ အခြားနည်းများဖြင့် ကလေး၏ဦးခေါင်း ကြီးလာစေရန်နှင့် နောက်ဆက်တွဲရောဂါများ သက်သာစေရန် မစွမ်းနိုင်ပါ။ ကလေး၏ အခြေအနေပေါ် မူတည်၍သာ စကားပြောစွမ်းရည်၊ ရုပ်ပိုင်းဆိုင်ရာနှင့် စွမ်းဆောင်နိုင်စွမ်းတက်လာအောင်သာ လေ့ကျင့်ပေးနိုင်သည်။ ထို့ပြင် အတက်ရောဂါနှင့် အရမ်းတက်ကြွလွန်းသောရောဂါများအတွက် ဆေးများပေးနိုင်သည်။
ကာကွယ်ခြင်း
အကယ်၍ သင့်ကလေးတွင် Microcephaly ရောဂါ ရှိနေပါက နောက်ထပ်ကိုယ်ဝန်ဆောင်ရန်အတွက် ဆရာဝန်နှင့် သေချာတိုင်ပင်ပြီးမှသာ ယူသင့်သည်။ Microcephaly ရောဂါသည် မျိုးရိုးဗီဇကြောင့် ဖြစ်နေပါက ကိုယ်ဝန်ထပ်ဆောင်သင့်မသင့်ကို မျိုးရိုးဗီဇအထူးကုဆရာဝန်နှင့် အသေအချာတိုင်ပင်သင့်သည်။
Ref: Mayo clinic
Related Articles
Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18
