Peripheral artery disease (ခြေလက်တို့တွင်ဖြစ်သော သွေးလွှတ်ကြောပြဿနာ)
11-May-2017အကျဉ်းရှင်းလင်းချက်
ပုံမှန်အားဖြင့် နှလုံးမှညှစ်လိုက်သော သွေးများသည်သွေးလွှတ်ကြောတစ်လျှောက်ခန္ဓာကိုယ်တစ်ခုလုံးသို့ လည်ပတ်ပျံ့နှံ့သွားသည်။peripheral artery diseaseတွင်
နှလုံးမှပုံမှန် သွေးညှစ်လိုက်သော်လည်း ခြေ၊လက်တို့တွင်ရှိသော သွေးကြောတို့မှာ ကျဉ်းနေသောကြောင့် သွေးအရောက်နည်း၍ရောဂါလက္ခဏာများပေါ်ပေါက်လာရခြင်းဖြစ်သည်။
ခြေထောက်သို့သွားသောသွေးလွှတ်ကြောကျဉ်းနေပါက ခြေထောက်မှာသွေးကိုလုံလောက်စွာမရရှိခြင်းကြောင့် နာလာမည်ဖြစ်သည်။(အထူးသဖြင့်လမ်းလျှောက်သောအချိန်တွင်
ခြေသလုံးကြွက်သားများ အလုပ်ပို၍လုပ်ရသောကြောင့်ပို၍နာလာမည်ဖြစ်သည်။)သွေးလွှတ်ကြောကျဉ်းရခြင်းမှာ သွေးကြောနံရံတွင် အဆီများစုပုံလာခြင်းကြောင့်ဖြစ်သည်။
သွေးတွင်းအဆီများခြင်းကြောင့် ခြေထောက်သို့သွားသောသွေးလွှတ်ကြောကျဉ်းသည့်အပြင် နှလုံးနှင့်ဦးနှောက်သို့သွားသောသွေးကြောတွင်လည်းအဆီများစုပုံ၍ကျဉ်းကာ
သွေးအရောက်နည်းတတ်ပါသည်။
လက္ခဏာများ
- ခြေသလုံးကြွက်သားများ၊ပေါင်ကြွက်သားများ ကြွက်တက်သလိုနာကျင်ခြင်း(အထူးသဖြင့်လမ်းလျှောက်ချိန်နှင့်လှေကားတက်သောအချိန်)
- ခြေထောက်များ ထုံခြင်း၊လေးလံခြင်း
- သွေးကြောကျဉ်းနေသောခြေထောက်သည် နောက်တစ်ဖက်နှင့်ယှဉ်လျှင် အေးစက်စက်ဖြစ်နေခြင်း။
- ခြေချောင်းလေးများ၊ခြေဖဝါးနှင့်ခြေသလုံးတို့တွင် အနာများဖြစ်လာ၍အနာမကျက်ခြင်း။
- ခြေထောက်တွင် ဖြူ၊နီ၊ပြာ အရောင်ပြောင်းလာခြင်း။
- ခြေသလုံးမွှေးများ ကျွတ်ခြင်း၊ကျဲခြင်း။
- ခြေသည်းအထွက်နှေးခြင်း။
- ခြေသလုံးအရေပြားမှာ ပြောင်နေခြင်း။
- ခြေထောက်ရှိသွေးကြော၏သွေးခုန်နှုန်းကို ကောင်းကောင်းစမ်း၍မရခြင်း။
- ယောကျ်ားအင်္ဂါအားနည်းလာခြင်း။
အကယ်၍ရောဂါပိုဆိုးလာပါက ခြေထောက်သည် နားနေသည့်အချိန်၊လှဲနေသည့်အချိန်တွင်ပါနာလာမည်ဖြစ်သည်။နာလွန်း၍ညအိပ်မပျော်ခြင်းတို့ဖြစ်တတ်သည်။
ထိုအချိန်တွင် ခြေထောက်ကိုကုတင်အစွန်းတွင်တွဲလျောင်းချထားခြင်းဖြင့်သော်လည်းကောင်း၊အခန်းတွင်းလမ်းလျှောက်ခြင်းဖြင့်သော်လည်းကောင်း နာတာကို
သက်သာစေပါသည်။
ဖြစ်ပွားရသော အကြောင်းရင်းများ
- ခြေ၊လက်သို့သွားသောသွေးလွှတ်ကြောနံရံတွင်အဆီများစု၍သွေးကြောကျဉ်းခြင်း
- ခြေ၊လက်ရှိ သွေးကြောများရောင်ခြင်း (အဖြစ်နည်းပါသည်။)
- ခြေထောက် ထိခိုက်ဒဏ်ရာရခြင်း။
- ခြေထောက်ရှိအရွတ်နှင့်ကြွက်သားများ တည်ဆောက်မှုပုံစံမမှန်ခြင်း။
- ဓာတ်ရောင်ခြည်ထိတွေ့မှုရှိခြင်း တို့ကြောင့်လဲဖြစ်နိုင်ပါသည်။
ဖြစ်နိုင်ချေများသူများ
- ဆေးလိပ်သောက်သူများ။
- ဆီးချိုရောဂါရှိသူများ။
- အဝလွန်သူများ။
- သွေးတိုးရောဂါရှိသူများ။
- သွေးတွင်း ကိုလက်စ်ထရောအဆီများသူများ။
- အသက် ၅၀ ကျော်သူူများ။
- နှလုံးသွေးကြောကျဉ်း၊လေဖျန်း၊လေဖြတ်မျိုးရိုးရှိသူများ။
- သွေးထဲတွင် homocysteine ဟုခေါ်သော ပရိုတင်းဓာတ်တမျိုးများနေသူများတွင် ဖြစ်ပွားနိုင်ပါသည်။
ဤရောဂါသည်ဆေးလိပ်သောက်သုံးသူများနှင့်ဆီးချိုရောဂါသည်များတွင် ပို၍အဖြစ်များပါသည်။
နောက်ဆက်တွဲ ပြဿနာများ
ခြေထောက်သွေးကြောကျဉ်းရာမှ သွေးမလျှောက်သည့်အပြင် ခြေဖဝါးနှင့်ခြေထောက်တွင်အနာများဖြစ်လာတတ်ပါသည်။အနာမှာမကျက်ပဲ ညိုပြီးပုပ်သွားသည်အထိဖြစ်ပါက ခြေထောက်ဖြတ်ရသည်အထိဖြစ်တတ်ပါသည်။
ထိုရောဂါသည် လေဖြတ်ခြင်း၊နှလုံးသွေးကြောကျဉ်းခြင်းတို့နှင့်လဲ ဆက်နွယ်နေပါသည်။
ဆရာဝန်နှင့် သွားရောက်ပြသသင့်သော အချက်များ
အကယ်၍ခြေထောက်နာခြင်း၊ထုံကျင်ခြင်းနှင့်အထက်ဖော်ပြပါလက္ခဏာတစ်ခုခုရှိနေပါက အချိန်မဆွဲဘဲဆရာဝန်နှင့်ပြသသင့်ပါတယ်။
အကယ်၍ရောဂါလက္ခဏာမပြလျှင်တောင်
- အသက် ၇၀ ကျော်။
- အသက် ၅၀ ကျော် ဆေးလိပ်သောက်သောသူများ သို့မဟုတ် ဆီးချိုရောဂါရှိသူများ။
- အသက် ၅၀ အောက် ဆီးချိုရှိသူများ၊သွေးတိုးရှိသူများနှင့် အဝလွန်သူများသည်သွေးကြောကျဉ်းနို်င်ခြေများသောကြောင့် စစ်ဆေးဖို့လိုအပ်ပါသည်။
စစ်ဆေးမှုများ
- သွေးစစ်ခြင်း (သွေးတွင်းအဆီနှင့်ဆီးချိုစစ်ဆေးခြင်းများ)။
- ခြေထောက်နှင့်လက်မောင်းသွေးပေါင်ချိန်ခြားနားမှုကိုတိုင်းတာခြင်း။
- သွေးကြောပိတ်မပိတ်၊ကျဉ်းမကျဉ်း ခြေထောက်ကိုတီဗွီဓာတ်မှန်ဖြင့်ထောက်၍အဖြေရှာခြင်။း
- သွေးကြောထဲသို့ဆေးထိုး၍ကွန်ပျူတာဓာတ်မှန်ရိုက်ခြင်း။
- သွေးကြောထဲသို့ဆေးထိုး၍သံလိုက်ဓာတ်မှန်ရိုက်ခြင်း တို့ပြုလုပ်နိုင်ပါသည်။
ကုသခြင်း
- ဆေးဝါးများဖြင့် ကုသခြင်း။
ခွဲစိတ်ကုသခြင်း
-သွေးကြောတွင်းသို့ပြွန်ချောင်းထည့်၍လမ်းကြောင်းချဲ့ခြင်း။
-သွေးကြောအစားထိုးခွဲစိတ်ခြင်းများ ပြုလုပ်နိုင်ပါသည်။
- လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့်လည်းသက်သာစေပါသည်။
- ဆေးလိပ်ဖြတ်ခြင်းသည် နောက်ဆက်တွဲဆိုးကျိုးများကိုလျော့နည်းစေပါသည်။
- အဆီအဆိမ့်လျှော့၍စားသုံးခြင်းဖြင့် သွေးကြောကျဉ်းရောဂါကိုလျှော့ချပေးပါသည်။
- မလိုအပ်ပဲ ဆေးသောက်ခြင်းများရှောင်ကြဉ်ရပါမည်။
ခြေထောက်ကို ဂရုစိုက်ခြင်း
- ခြေထောက်ကိုနေ့စဉ်ဆေးကြောပါ၊ပြီးလျှင်ရေခြောက်အောင်သုတ်ပါ၊ခြေထောက်ကွဲကြောင်းများမဖြစ်အောင် moisturizer ပါသောခရင်မ်လေးလိမ်းပေးပါ သို့သော်ခြေချောင်းလေးများကြားသို့လိမ်းခြင်းမပြုရ။
- ခြေထောက်နှင့်အံဝင်ခွင်ကျဖြစ်သောရှူးဖိနပ်များ၊ခြောက်သွေ့သောခပ်ထူထူခြေအိတ်များ ဝတ်ဆင်ခြင်း။
- အကယ်၍ခြေထောက်အရေပြားတွင်မှိုရောဂါရှိပါက ထိရောက်စွာကုသခြင်း။
- ခြေသည်းညှပ်ရာတွင် အနာမဖြစ်အောင်ဂရုစိုက်၍ညှပ်ခြင်း။
- ခြေထောက်တွင်ထိခိုက်ဒဏ်ရာရှိမရှိ ပုံမှန်စစ်ဆေးခြင်း။
- ခြေထောက်တွင် အရည်ကြည်ဖုများ၊အသားမာများ၊ငါးမျက်စိများရှိပါက အမြန်ဆုံးကုသခြင်း။
- ခြေထောက်တွင်အနာဖြစ်လာပါက ဆရာဝန်နှင့်အမြန်ဆုံးပြသရန်လိုအပ်ပါသည်။
အခြားသောသက်သာစေသည့်နည်းလမ်းများ
- လမ်းများများလျှောက်ပေးခြင်း။
- အိပ်စက်ရာတွင် ခေါင်းအုံးကို ၄လက်မမှ၆လက်မအထိမြှင့်၍အိပ်စက်ခြင်းဖြင့်ခြေထောက်နာကျင်ခြင်းကိုသက်သာစေပါသည်။
- အေးသောနေရာများသို့သွားလာခြင်းကိုရှောင်ကြဉ်ပါ။
- ရာသီဥတုအေးပါက နွေးထွေးသောအဝတ်များကိုဝတ်ဆင်ပါ။
ကာကွယ်ခြင်း
- ဆေးလိပ်ဖြတ်ခြင်း။
- ဆီးချိုရောဂါရှိပါက ဆီးချိုမတက်အောင်ထိန်းခြင်း။
- လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ခြင်း။
- အဆီအဆိမ့်များလျှော့စား၍အသီးအနှံများများစားသုံးခြင်း။
- ဝသောသူများကိုယ်အလေးချိန်လျှော့ချခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။
Ref: Mayo Clinics
Credit: Dr Toe